ဗိုလ်ချုပ် ဘယ်သို့လားပါမယ့်

0
151

မိမိတို့ ဖုန်ရွာရွှေမြို့တော်ဆိုတာကလည်း ပူညံပူညံမဖြစ်ရရင် စားမဝင်၊ အိပ်မပျော်ဘူးထင်ပ။ အခုလည်း ပူညံပူညံ ဖြစ်ကြပြန်ပြီ။ ဒီပူညံပူညံ ဇာတ်လမ်းကို အစပြုခဲ့တာကတော့ စည်ပင်က ကွီးဇော်ပေါ့။ ဇာတ်ကြောင်းကို လှန်ရရင်တော့ အရှည်ကြီး ရွှေကန်တော်မဟာကြီး မြေဖို့ရေးစီမံကိန်းက စသပေါ့လေ။ ရွှေကန်တော်မဟာကြီး ဘက်စုံအပန်းဖြေဥယျာဉ်တည်ဆောက်ရေးလို့တော့ ပြောလို့မရပေသေးဘူး။ လောလောဆယ် ရေတွေထုတ်ပြီး မြေဖို့နေတာပဲ တွေ့ရသေးသကိုး။ ရွှေကန်တော်မဟာကို ပြုပြင်ရာမှာတော့ ငွေတစ်ပြားမှမပါဘဲ မပြောရဆိုလို့ အကျယ်တဝင့်မပြောတော့ပါဘူး။ လိုရင်းပဲ ဆက်ကြရအောင်။

အဲသလိုနဲ့ စီမံကိန်းတွေဆွဲကြရင်း ကန်တော် မဟာရပ်ဝန်းကြီးဟာ အပန်းဖြေဥယျာဉ်တွေ မြက်ခင်းစိမ်းတွေ၊ စတိတ်စင်တွေနဲ့ နေချင့်စဖွယ် ဝန်းကျင်ကြီးဖြစ်လာမှာဖြစ်ကြောင်း ဖွဘုတ်ပေါ်မှာလည်း မစားရဝခမန်း ပုံတွေတက်လာတာ တွေ့ရ သဗျို့။

တိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုချဉ်ပေါင်ကတော့ ဒီစီမံကိန်းကို သူမသိဘူးလို့ ငြင်းပါတယ်။ သင်းကလည်း ဘယ်ရွှေစင်္ကြာဖြန့်နေသလဲမှ မသိတာကိုး။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြို့မှာ ဒီလိုသာယာတဲ့ ဝန်းကျင်ကြီးဖြစ်လာမှာကိုတော့ လူတိုင်းသဘောခွေ့ကြတာပ။

အဲဒီအချိန်မှာ စည်ပင်ကွီးဇော်က ဖွဘုတ်မှာ စတေးတပ်တော်မဟာ တင်လိုက်ပါလေရော။

လက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ကန်သာယာရွှေ့ရန် လိုလာခြင်း ရှိ၊ မရှိပေါ့။

လိုလားခြင်း ရှိ၊ မရှိလို့သာ တင်လိုက်တာ မှတ်ချက်ပြုသူတွေကြားမှာ မရွှေ့ဘူး၊ ရွှေ့မယ် တိုက်ပွဲဟာ သောသောညံသွားပါရောလား။ မိမိတို့ ဖုန်ရွာဒေသခံတွေဆိုတာကလည်း ပွဲတွေ့လို့ကတော့ မအိပ်တမ်း ငြင်းကြမည့်သူများပင်လေ။

ဒီလိုနဲ့ပဲ မှတ်ချက်ပြုကြသူများထဲ ရိုးရာအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အထူးကျွမ်းကျင်သူ ရုတ်တရက်ဖြစ်သွားသူတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေတို့ကို ချက်ချင်းထုံးလိုမွှေ ရေလိုနှောက်သူတွေ၊ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးပညာရှင်တွေ အလျှိုအလျှို ရုတ်တရက်ပေါ်ပေါက်လာကုန်သပေါ့။

နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့မှာ စွပ်စွဲချက်များကို အန်တုရင်ဆိုင်နေရရှာတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သတင်းပင်လျှင် မတိုးနိုင်လောက်အောင် ဗိုလ်ချုပ်ရွှေ့၊ မရွှေ့သတင်းက နေရာယူလိုက်ပြီ။ ကလေးဖမ်းတွေ၊ တို့ဆေးကောလဟလ သတင်းတွေဆိုတာတော့ ဘယ်ဆီရောက်သွားလဲ ဘယ်ရင်ခွင်နားသလဲလို့ မေးရတော့မယ့်အထာ။

ရပ်ကွက်ထဲက အမြဲမူးနေတဲ့ အမူးသမား လေးမင်းဆိုး ဆိုတဲ့သူငယ်တောင်မှ ဗိုလ်ချုပ်ကြေးရုပ်ကြီးနဲ့ ဓာတ်ပုံရိုက်ထား၊ နောက်ဆိုတွေ့ချင်မှတွေ့ရမှာ ဘာညာပြောပြီး သူ့ပုံဆိုးပန်းဆိုးကြီးကို ဖွဘုတ်မှာ တင်ထားသေး။ ဒီလောက်အထိ ဗိုလ်ချုပ်သတင်းက ဟော့ဖြစ်သွားသဗျ။ ဖုန်ရွာ ဂေဇက်ဂျာနယ်ကလည်း ဗိုလ်ချုပ်တကယ်ရွှေ့မလား၊ မရွှေ့ဘူးလား ပြည်သူက ဘယ်လိုပြောသလဲ ဘာညာကွိကွဆိုပြီး အချွန်နဲ့ ထပ် မပြန်တယ်။ အဲဒီမှာပဲ စောစောကပြောခဲ့တဲ့ ပူညံပူညံတွေ ဖြစ်ကုန်တော့တာပဲ။

ဒီလို ပူညံပူညံ ငြင်းကြ၊ ခုန်ကြရင်း လိုလားချက်တွေက ထပ်ကွဲကြပြီ။ ဗိုလ်ချုပ်ကို ကန်သာယာမှာ ရွှေ့မလား၊ အစိုးရရုံးရှေ့ကို ပို့မလား၊ နေမြဲတိုင်း ထားမလား၊ နောက်ထပ်အရုပ်သစ်တစ်ခု ထုမလား အစရှိလို့ လားပေါင်းများစွာနဲ့ စီးချင်းထိုးကြပြန်ပါလေရော။

ဒါနဲ့ပဲ ဗိုလ်ချုပ်ရုပ်တု ငြင်းပွဲကြီးကို အဖြေရှာ ရှင်းလင်းပေးနိုင်မယ့် ပညာရှင်ကို တောင့်တကြတော့တာပေါ့။ တောင့်တတာများတော့လည်း ပညာရှင်က ကိုယ်ထင်ပြရပြီ။

ဘယ်သူဟုတ်လိမ့်မလဲ။ ဖုန်ရွာဂေဇက်ရဲ့ ထုကြီးထည်ကြီး သတင်းဆောင်းပါးတွေရေးတတ်တဲ့ ကိုနိုးဆိုင်ပဲပေါ့။ ကိုနိုးဆိုင်ကလည်း အရွယ်ရောက်ကတည်းက မေးလေးတပွတ်ပွတ်နဲ့ စဉ်းစားနေတတ်သူ။ သူ့ယောက္ခမကြီးဆိုရင် ဒီလို မေးလေးပွတ်ပွတ်နေတတ်လို့ ကြီးပွားဦးမယ့်သူဆိုပြီး သူ့သမီးနဲ့ ပေးစားခဲ့တာ။ ကလေးနှစ်ယောက်ရလည်း ကျောင်းပို့၊ ကျောင်းကြိုကလွဲလို့ ဘာမှမလုပ်ဘဲ မေးလေးတပွတ်ပွတ်နဲ့ စဉ်းစားနေဆဲမို့ ယောက္ခမကြီးလည်း မနေနိုင်ဘဲ မေးယူရတော့တယ်။ ဘာကြီးပွားရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေများ စဉ်းစားနေသလဲဆိုတော့ ဒီမေးက မုတ်ဆိတ်မွေးတွေက ဆံပင်မွှေးတွေနဲ့မြန်း ဆက်နေသလားလို့ စဉ်းစားနေတာပါလို့ ပြန်ဖြေလို့ ဖနောက်နဲ့ အပေါက်ခံခဲ့ရတဲ့သူ။

ဒီလို ဂုဏ်ပုဒ်နဲ့ ပညာရှင်ဆိုတာကလည်း တီးမှမြည်တဲ့ စည်လိုပ လက်ဖက်ရည်ဆိုင်မှာပဲ အော်ကျယ်၊ အော်ကျယ်ကြီးကြားရတာ။ ဘာပဲဖြစ်ဖြစ် သူ့လက်ဖက်ရည်သောက်ထားသူများဆိုတော့ သူမိန့်ကြားတာ လက်ခံရမှာပဲကိုး။ ကဲ… သူရှာပေးတဲ့ တစ်ချက်လွတ်အဖြေကိုကြည့် ဘယ်လောက် လက်တွေ့ကျလိုက်သလဲ။ ဗိုလ်ချုပ်ရုပ်တု ကို ဘီးသာတပ်ပေးလိုက် အားလုံးအဆင်ပြေပြီ။

ဟုတ်ပ မိတ်ဆွေ၊ ထိုအဖြစ်ကို ဘယ်သူမှ မစဉ်းစားမိကြ။ အကယ်၍ ဗိုလ်ချုပ်ရုပ်တုသာ ဘီးတပ်ပေးလိုက်လျှင် ကန်သာယာကို သွားမလား၊ တွန်းသွားလိုက်ရုံ။ အစိုးရရုံးရှေ့သွားမလား အီးဇီးဂိုးရင်း။ မူလနေရာပြန်လာမလား အေးဆေး။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးအိုကေမှ စိုပြေ။ မကျေနပ်ရင် မန္တလေး၊ ရန်ကုန်-နေပြည် တော်အထိ အလည်အပတ်သွားနိုင်သလို နတ်မောက်က နေအိမ်ကိုလည်း ပြန်လိုက ပြန်နိုင်သပေါ့။

နောက်တစ်ခုက အာဇာနည်နေ့အခမ်းအနား အရင်လို ယာဉ်ကြောပိတ်၊ လမ်းပိတ်ခံပြီး မြို့လယ်ခေါင်မှာ ကျင်းပရန်မလိုတော့ မနက်မိုးလင်း အစိုးရရုံးနှင့် လွှတ်တော်ရုံးရှေ့မှာ အလေးပြုခံမယ်။ ပြီးရင် ကန်သာယာ၊ မြို့တော်ခန်းမသို့ သွားမယ်။

နောက်တော့ ဗိုလ်ချုပ်ကြေးရုပ်ခမျာ ဒိုးတူဒိုး စစ်စတမ်နဲ့ အိမ်တိုင်ရာရောက် အလေးပြုခံတာ လွမ်းသူပန်းခွေချတာတွေကို ဆက်လုပ်ရုံပဲ ရှိသည်။ လွယ်သမှ လွယ်ကို လွယ်လွယ်လေးပင်သာတည်း။

သို့ကလိုကြောင့် ပညာရှိ ကိုနိုးဆိုင်၏ နှုတ်ထွက်စကားအတိုင်း ဗိုလ်ချုပ်ကြေးရုပ်ကို ဘီးတပ် ပေးလိုက်မယ်ဆိုရင်တော့ အခုဖြစ်နေတဲ့ ပူညံပူညံ ပြဿနာတွေ အေးချမ်းသွားမယ်ဆိုတာ မြေကြီး လက်ခတ်ပေါ့ဗျာ။ မြေကြီးလက်ခတ်ပေါ့။

LEAVE A REPLY

Please enter your comment!
Please enter your name here