ဗိုလ်မှူးအယောင်ဆောင် ဆေးလှည့်ကုသူ မုံရွာတွင် ဖမ်းမိ

0
36836

ကိုသစ္စာ
မုံရွာ၊ နိုဝင်ဘာ – ၁၅

တပ်မတော်ဆေးတပ်ဖွဲ့မှ ဗိုလ်မှူးအယောင်ဆောင်၍ မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၊ ကံမရပ်တွင် ဆေးကုသနေသူတစ်ဦးအား ယမန်နေ့ (နိုဝင်ဘာ-၁၄)က ဖမ်းဆီးလိုက်သည်။

ဗိုလ်မှူးရဲသွေးဦးအမည်ဖြင့် အယောင်ဆောင်ဆေးကုသနေသူကို ဗိုလ်မှူးရာထူးအဆင့်တပ်ဆင်ထားသော တပ်မတော်ဆေးဝန်ထမ်း လက်မောင်းတံဆိပ်ပါယူနီဖောင်းဝတ်ဆင်လျက် ကုသနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“တပ်ထိန်းတပ်ခွဲကနေ ဖမ်းပြီး ကျွန်တော်တို့ဆီ အမှုလာဖွင့်ထားတာပါ။ အဲဒီလူက ဟုမ္မလင်း နမ့်တောဘက်မှာ ဒီလိုပဲ ဆေးကုနေတာ။ ခုအဲဒီဘက်က အလုပ်တွေပိတ်တော့ မုံရွာဘက်ရွှေ့လာတာ သိပ်မကြာသေးဘူး။ သူက လမ်းတွေ ခင်းတယ်။ ပရဟိတတွေ လုပ်တယ်။ ဘိလပ်မြေတို့၊ ဘာတို့ အကြွေးယူတော့ ဗိုလ်မှူးဖြစ်ပြီး ဘာလို့ အကြွေးတွေယူတာလဲပေါ့။ လူတွေက မသင်္ကာတာနဲ့ သတင်းပို့ရာကနေ ဖမ်းမိတာ”ဟု မုံရွာမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

ဗိုလ်မှူးအယောင်ဆောင်သူ အသက် ၃၂ နှစ်အရွယ်အမျိုးသား၏ နေရပ်လိပ်စာမှာ မုံရွာမြို့ သလ္လာ(၁၂) ကျန်စစ်သားလမ်းနေသူဟု ဖော်ပြထားသည်။

၎င်းမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း ဆေးခန်းဖွင့်ကုသခဲ့ဖူးရာ ဆေးကောင်စီပုဒ်မဖြင့် အမှုဖွင့်ခံထားရသူဖြစ်ပြီး စစ်ကိုင်းတိုင်းဘက် ထွက်ပြေးတိမ်းရှောင်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။

မန္တလေးတွင် အမှုဖွင့်မခံရစဉ် ယခင်က တပ်မတော်သားအယောင်ဆောင်မှု၊ ဆရာဝန်မဟုတ်ဘဲ ဆေးကုသမှုတို့ကြောင့် ထောင်နှစ်ကြိမ်ကျဖူးကြောင်း ပေါ်ပေါက်ထားသည်။

“ထောင်ထဲမှာ ထောင်ဆရာဝန်ဆီကနေ ဆေးကုသနည်းတွေသိပြီး နယ်တွေမှာ လိုက်ကုနေတာ။ ဆေးပစ္စည်းတွေလည်း သူ့ဆီတွေ့တယ်”ဟု ရဲအုပ်ခင်သန်းက ပြောသည်။

ဗိုလ်မှူးအယောင်ဆောင် ဆေးကုသနေသူထံမှ တပ်မတော်ဆေးဝန်ထမ်း လက်မောင်းတံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်း ၁ ထည်၊ ဗိုလ်မှူးရဲသွေးဦး (M.B.B.S)(D.S.M.A) (M.Med.SC.Ortho)အရိုးအကြောအထူးကု၊ (၂၀/၁၀၀ တပ်မတော်ဆေးရုံကြီး) စာတမ်းပါ တံဆိပ်တုံး ၁ တုံး၊ ရဲဘော်မသေ သေသော်ငရဲမလား စာသားပါ ဦးထုပ်တံဆိပ်တပ်ထားသော အရာရှိဦးထုပ် ၁ လုံး၊ ပြောက်ကျားစစ်အနွေးထည် ၁ ထည်၊ ပြောက်ကျား လက်ဆွဲလက်ကိုင်အိတ် ၁ လုံး သိမ်းဆည်းရမိသည်။

ယင်းအပြင်ပလတ်စတစ် ပစ္စတိုသေနတ် ၁ လက်၊ စစ်စိမ်းရောင် ပစ္စည်တိုသေနတ်အိတ် ၁ ခု၊ နားကြပ်၊ သွေးပေါင်ချိန်တိုင်းကိရိယာ၊ ဆေးထည့် စတီးခွက်၊ စတီးကပ်ကြေး၊ ဓား၊ ဆေးပုလင်းဖွင့်ကျောက်ပြား၊ ဂလူးကို့စ်ဆေးပုလင်း၊ ပတ်တီးလိပ်နှင့် ဆေးထိုးအပ်၊ ဆေးဝါးအချို့ကိုလည်း သိမ်းဆည်းရမိသည်။

၎င်းကြောင့် တပ်မတော်အရာရှိအယောင်ဆောင်ပြီး ဗိုလ်မှူးရာထူးအဆင့်တံဆိပ်များ ဝတ်ဆင်ခြင်း၊ ဆေးမှူး တံဆိပ်တုံးအတုအား လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ကိုင်ဆောင်ခြင်းတို့အား အရေးယူပေးရန် တပ်မတော်ဘက်မှ တရားလိုပြုလုပ် အမှုဖွင့်ထားသည်။

အယောင်ဆောင်သူအား လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ လိမ်လည်ရန် အတုပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၄၆၈၊ တပ်မတော်သားမဟုတ်ဘဲ အဝတ်တန်ဆာ ဝတ်ဆင်ခြင်း ရာဇသတ်ကြီးပုဒ်မ ၁၄၀ တို့ဖြင့် နယ်မြေရဲစခန်းတွင် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိသည်။