ဘာသာတရားကြားက အနုပညာ

0
71

ကျော်လတ် ရေးသည်။

ကိုဗစ်ရဲ့နှိပ်စက်မှုကို ရုပ်ရှင်နယ်ပယ်လည်း ပြေးမလွတ်ခဲ့ဘူး။ ကိုဗစ်ကြောင့် ရုံတင်ရက်တွေ ရွှေ့ဆိုင်းကြရတယ်။ ရိုက်ကူးရေးတွေ နားကြရတယ်။ ဒီအကျိုးဆက်က နောက်နှစ်လောက်ကျမှ ကောင်းကောင်းပေါ်မယ်ထင်တယ်။ နောက်နှစ်ဒီအချိန်ဆို ဇာတ်ကားအသစ်မှ ကြည့်ရပါ့မလား မသိဘူး။ ခုတောင်မှ ဇာတ်ကားအသစ်တစ်ကားတွေ့ဖို့ အတော်အချိန်ယူရတယ်။ ရုပ်ရှင်သမိုင်းမှာတော့ ဒီနှစ်ဟာ ရုပ်ရှင်ဇာတ်ကားထွက်ရှိမှု အနည်းဆုံးနှစ်ဖြစ်မယ်ထင်တယ်။

(၁)

ဒီတစ်ပတ် ဘောလိဝုဒ်ဇာတ်ကားတစ်ကား ရွေးထားပါတယ်။ ဇာတ်ကားရဲ့ နာမည်က Mee Raqsam တဲ့။ ဒီနှစ်သြဂုတ်လကမှ ထွက်ခဲ့တဲ့ ဟင်ဒီဇာတ်ကားပြော ရုပ်ရှင်ကားပါ။ ဇာတ်ကားရဲ့အဓိပ္ပာယ်က ‘I dance’ တဲ့။ “ကျွန်မ ကပါတယ်” လို့ မြန်မာပြန်ရမယ် ထင်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအက ဖြစ်တဲ့ “ဘာရတ်နာတိယန်” ကို ခက်ခက်ခဲခဲသင်ယူခဲ့တဲ့ မွတ်စလင်ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဘာရတ်နာတိယန်အကဆိုတာ ဟိန္ဒူဘာသာဝင်တွေရဲ့အကလည်း ဖြစ်ပါတယ်။ သူတို့နတ်ဘုရားတွေကို ပူဇော်တဲ့အကမျိုးပါ။ ဒါ့ကြောင့် ရုပ်တုကိုးကွယ်မှုကို လက်မခံတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက်တော့ ပြဒါးတစ် လမ်း သံတစ်လမ်းပါပဲ။

ကောင်မလေးနာမည်က “မာရ်ယမ်”တဲ့။ ဆယ်ကျော်သက်အရွယ်။ မိသားစုမှာ သုံးယောက်ပဲရှိတယ်။ ဆင်းရဲတဲ့ မွတ်စလင်မိသားစုလေးတစ်ခုပေါ့။ ဖခင်က စက်ချုပ်တယ်။ မိခင်ကတော့ မှီခိုပေါ့။ ဒါပေမယ့် သူတို့ရပ်ကွက်ထဲ မွတ်စလင်အဖွဲ့အစည်းက သူတို့ကို ကူညီတယ်။ စောင့်ရှောက်တယ်။ ခေါင်းဆောင်ဖြစ်တဲ့ “ဟာရှင်ရှိတ်” ဆိုတဲ့လူက ငွေကြေးချမ်းသာတယ်။ သူက အဓိက ကူညီတာပါ။

မိခင်က အကဝါသနာပါတယ်။ တီဗီကလာတဲ့ ဘာရတ်နာတိယန်အကတွေကြည့်ပြီး သမီးကို ပြန်သင်ပေးလေ့ရှိတယ်။ အဲဒီတော့ မာရ်ယမ်ဟာ အကဝါသနာကို ကြိုက်သွားတယ်။ တစ်နေ့တော့ မိခင်က ရုတ်တရက်ဆုံးပါးသွားတယ်။ သူတို့မိသားစုလေး ဝမ်းနည်းစရာ ဖုံးလွှမ်းသွားပါတယ်။ သုံးယောက်ပဲရှိတဲ့ မိသားစုလေးမှာ တစ်ယောက်ဆုံးပါးသွားတော့ စိတ်အတော်ထိခိုက်သွားကြပါတယ်။

အဖေတစ်ခု သမီးတစ်ခု ဖြစ်သွားတဲ့ မိသားစုလေးပေါ့။ ဖခင်ကြီးက အဖေဆိုလည်း သူ၊ အမေဆိုလည်း သူပေါ့။ သမီးကိုလည်း အင်မတန် ချစ်ရှာတယ်။ သမီးမျက်နှာလေးကို အရိပ်တကြည့်ကြည့် ကြည့်ရှာတယ်။ သမီးက အကဝါသနာပါမှန်းသိတော့ သူတို့ရပ်ကွက်အစွန်မှာရှိတဲ့ အကသင်တန်းကို သွားစုံစမ်းတယ်။ သမီးကို အကသင်တန်းတက်ဖို့ တိုက်တွန်းခဲ့တယ်။

မာရ်ယမ်ဟာ အကမှာ ပါရမီပါသူလို့ သတ်မှတ်ရမှာပါ။ သင်တန်းရောက်တော့ ဆရာမကတောင် ဘာမှအထွေအထူး မသင်ရသေးဘူး။ သူကတော်တော်ကတတ်နေပြီ။ အဲဒီတော့ သင်တန်းဆရာမကလည်း မာရ်ယမ်ကို ချစ်တာပေါ့။ မာရ်ယမ်ကလည်း ကြိုးစားတယ်။ အားရင်အားသလို အကကျင့်တာ။ အိမ်ခေါင်မိုးပေါ်လည်း ကျင့်တာပဲ။ တောထဲလည်း ကျင့်တာပဲ။ ကျောင်းသွားရင်းလည်း ကျင့်တာပဲ။

တစ်ရက်တော့ မာရ်ယမ် အကသင်နေတာကို အဒေါ်ဖြစ်သူ သိသွားတယ်။ အဒေါ်က ဘာသာရေး အလွန်ကိုင်းရှိုင်းသူဆိုတော့ သူ့တူမက ဒီလိုဟိန္ဒူအကသင်ရပါ့မလားဆိုပြီး ဒေါသပုန်ထတော့တာပေါ့။ ဖအေကိုလည်း ပြော၊ သမီးကိုလည်း ငေါက်၊ အကမသင်ဘဲ သူ့ရဲ့စက်ချုပ်သင်တန်းကို လာတက်ခိုင်းပါတယ်။ မာရ်ယမ်တစ်ယောက်တော့ စိတ်အညစ်ကြီး ညစ်တော့တာပဲ။ သူကစက်ချုပ်မှ ဝါသနာမပါတာ။ ကတာပဲဝါသနာပါတာလေ။ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာပဲ။

ဒါတွေမြင်နေရတော့ ဖခင်ကြီးက မခံစားနိုင်ဘူး။ သမီးကိုချစ်ရှာသူဆိုတော့ နည်းလမ်းရှာရတာပေါ့။ သင်တန်းဆရာမကို သွားတွေ့ပြီး တိုင်ပင်လိုက်တော့ ညနေပိုင်း မတက်နိုင်လည်း မနက်စောစော သင်ပေးမယ်ဆိုပြီး ဆရာမက ပြောလိုက်ပါတယ်။ မာရ်ယမ်ကတော့ နည်းနည်းပင်ပန်းတာပေါ့။ မနက်စောစော အိပ်ရာထ၊ အကသင်၊ ပြီးတော့ ကျောင်းသွား၊ ညနေကျ သူ့အတွက် ငရဲဖြစ်တဲ့ စက်ချုပ်သင်တန်း သွားတက်ပေါ့။

(၂)

သူ့အဒေါ်ထက်ဆိုးတဲ့ အရာကြီးက မာရ်ယမ်တို့နှစ်ယောက်ကို ကောင်းကောင်းကြီး နှောင့်ယှက်ဖို့ စောင့်နေတယ်။ အဲဒီအရာကြီးကို လွန်ဆန်နိုင်တဲ့သူ ရှားတယ်။ သူပြောသမျှ နားထောင်ရတယ်။ သူခိုင်းသမျှ လုပ်ရတယ်။ အဲဒီ အရာကြီးကတော့ ဘာသာရေးထုံးတမ်းအစဉ်အလာတွေပဲ။

မွတ်စလင်ကောင်မလေးတစ်ယောက်က ဟိန္ဒူတွေရဲ့ ဘာရတ်နာတိယန်အကကို သင်နေတယ်ဆိုတဲ့ သတင်းက မွတ်စလင်အသိုင်းအဝိုင်းမှာရော ဟိန္ဒူအသိုင်းအဝိုင်းမှာရော တဖြည်းဖြည်းပျံ့လာတယ်။ သူတို့ရဲ့မွတ်စလင် အသိုင်းအဝိုင်းက စိတ်ဆိုးကြတာပေါ့။ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ လာမေးကြတယ်။ လာပြောကြတယ်။ ဖခင်ကြီးက ဟုတ်ကြောင်း၊ သူ့သမီး ဘာရတ်နာတိယန်အကသင်နေကြောင်း ရဲရဲဝံ့ဝံ့ ပြောလိုက်တာပဲ။ နောက်ဆုံး သူတို့ရပ်ကွက်ထဲက သြဇာအရှိဆုံးခေါင်းဆောင် “ဟာရှင်ရှိတ်” ကိုယ်တိုင် လာပြောတယ်။ ဖခင်ကြီးကတော့ သူ့သမီး အကသင်တာကိုမရပ်နိုင်ကြောင်း၊ ဒီအကဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအကဖြစ်ကြောင်း တုံ့ပြန် ပြောလိုက်ပါတယ်။

ဒါဟာ သူတို့ရဲ့ ဘာသာရေးအဖွဲ့အစည်းကို အာခံလိုက်တာ၊ စိန်ခေါ်လိုက်တဲ့ သဘောပါပဲ။ အဖွဲ့အစည်းရဲ့တုံ့ပြန်မှုကတော့ ကြမ်းပါတယ်။ စက်ချုပ်လာမအပ်ကြတော့ဘူး။ အပ်ပြီးသားအထည် မချုပ်တော့ဘူး။ ဗလီကိုအဝင်မခံတော့ဘူး။ လမ်းတွေ့ရင်မနှုတ်ဆက်တော့ဘူး။ စကားမပြောတော့ဘူး။ အရေးယူပိတ်ဆို့လိုက်တဲ့သဘောပေါ့။ နဂိုကမှ ဆင်းရဲတဲ့ မာရ်ယမ်တို့နှစ်ယောက် ပိုကြပ်တည်းတော့တာပေါ့။ ဟိုဘက်ဟိန္ဒူအဖွဲ့အစည်းခေါင်းဆောင်ကလည်း သူတို့နှစ်ဦးကိုမကြည်ဖြူပါဘူး။ ဒေါင်းယောင်ဆောင်တဲ့ကျီးလို့ စွပ်စွဲပါတယ်။ ပြီးတော့ သူတို့ ဆွေမျိုးတွေကလည်း အကကို စွန့်လွှတ်မလား၊ အမျိုးကို စွန့်လွှတ်မလား ရာဇသံ ပေးပါတော့တယ်။

မာရ်ယမ်တစ်ယောက် မုန်တိုင်းအလယ်ကို ရောက်သွားပါတယ်။ ဝါသနာနဲ့ ယုံကြည်ရာကို လိုက်ရမလား၊ ဘာသာရေးဓလေ့ထုံးတမ်းတွေ နောက်ကိုပဲ လိုက်ရမလား ဝေခွဲရခက်တဲ့အချိန် ရောက်သွားပါတယ်။ ဖခင်ကြီးကတော့ သူ့ရှေ့မှာ မားမားမတ်မတ်ရပ်လျက်ပါပဲ။ သမီးဖြစ်ချင်တာအတွက် အရာအားလုံးကို ရင်ဆိုင်ဖို့အသင့်ပဲ။

သူတို့နှစ်ယောက်ကို ကယ်မယ့် မဏိမေခလာတွေ ပေါ်လာပါတယ်။ သူတို့ကတော့ လူငယ်တွေပါ။ မွတ်စလင်ကောင်လေးတွေဟာ သူတို့သားအဖနှစ်ယောက်ရဲ့အခက်အခဲကို မြင်တော့ မဖြစ်ဖြစ်အောင် ကူညီကြပါတယ်။ ခေတ်ဆန်ဆန် ဒီဇိုင်းအသစ်တွေချုပ်ချင်တဲ့ အခြားရပ်ကွက်က လူငယ်တွေကို သူတို့စက်ချုပ်ဆိုင်ဆီ လွှတ်ပေးကြပါတယ်။ မာရ်ယမ်ဖခင်ကြီးရဲ့ လက်ရာကလည်းကောင်းတော့ စက်ချုပ်လာအပ်တဲ့လူငယ်တွေ တဖွဲဖွဲရောက်လာကြပါတယ်။ သူတို့နှစ်ယောက်ရဲ့စားဝတ်နေရေးလည်း ပြေလည်သွားတယ်။

ဘာသာရေးအဖွဲ့အစည်းရဲ့ စီးပွားရေးပိတ်ဆို့မှုကတော့ အရာမထင်တော့ပါဘူး။ ဒီတော့ ပိုဆိုးတဲ့ ဒဏ်ခတ်မှုတွေလုပ်လာပါတယ်။ နောက်ဆုံး အကြမ်းဖက်တဲ့အဆင့်အထိ ရောက်လာပါတယ်။ သူတို့နှစ်ယောက်ကတော့ ယုံကြည်ရာကို လုံးဝ မစွန့်လွှတ်ကြပါဘူး။

(၃)

ခြုံငုံပြောရရင်တော့ မဆိုးတဲ့ဇာတ်ကားလေးပါ။ လိုအပ်ချက်လေးတွေရှိနေပေမယ့် သင့်တင့်တယ်လို့ ပြောရမှာပါ။ ထုတ်လုပ်သူနဲ့ ဒါရိုက်တာဟာ ငွေကြေးအများကြီး သုံးစွဲနိုင်ဟန်မရှိဘူး။ ရှိတာလေးနဲ့ ဖြစ်အောင်ရိုက်ထားတဲ့ သဘောပါ။ နာမည်ကြီးသရုပ်ဆောင်တွေ မပါဘူး။ Background location တောင် အများကြီးသုံးမထားဘူး။ ဇာတ်ရှိန်အတက်တွေ နှေးတယ်။ အစပိုင်းမှာ တော်တော်ငြီးငွေ့စရာကောင်းတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အားပြိုင်မှုတွေ ကောင်းလာတယ်။ ဘာပဲပြောပြော ဇာတ်ကားထွက်ရှိမှုနည်းတဲ့နှစ်မှာ မဆိုးတဲ့ဇာတ်ကားလေးလို့ပဲ အမှတ်ပေးရမှာပါ။