ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ မဲဆွယ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးအမတ်အား အမှုဖွင့်

0
1499

ကိုသစ္စာ
မုံရွာ၊ နိုဝင်ဘာ -၂၁

ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်အား ရဲစခန်းတွင် အမှုဖွင့်ထားသည်။

မဲဆွယ်ကာလတွင် ဦးမောင်မြင့်သည် လူမျိုး၊ ဘာသာရေးကို ထိပါးပြီး မင်းကင်းမြို့နယ် ဥယျာဉ်မရွာနှင့် ကျွန်းတော် အရှေ့ရွာတို့၌ ဟောပြောခဲ့ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥပဒေအထောက်အကူပြုကော်မတီမှ နိုဝင်ဘာ ၂၀ ရက်နေ့က အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“နှစ်ရွာက အမှုပေါင်းပြီး ဖွင့်လိုက်တာ။ ဗီဒီယိုဖိုင်သက်သေတွေရဲ့ သတင်းတွေမှာရော ဦးမောင်မြင့်ပြောခဲ့တာတွေရော သက်သေအနေနဲ့တင်ထားပါတယ်”ဟု မင်းကင်းမြို့နယ် NLD ဥပဒေအထောက်အကူပြုကော်မတီအဖွဲ့ဝင် ကိုကျော်မင်းအောင်က ပြောသည်။

ဦးမောင်မြင့်သည် အောက်တိုဘာ ၂ ရက်နှင့် ၈ ရက်နေ့က မဲဆွယ်စည်းရုံးရေးဟောပြောစဥ် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီမှ ကုလား ၃ ယောက်ထည့်သည်မှာ မှားခဲ့ကြောင်း၊ ထိုသို့ထည့်သည်ကို ပြစ်တင်ဝေဖန်ခဲ့သည့် ပါတီက အဲဒီဘာသာဝင် ၄၂ ယောက်ထည့်သည်ကို ပြည်သူများ သိကြရဲ့လား။ အတိအကျပြောမယ်​။ ပန်းဘဲတန်းမဲဆန္ဒနယ်က စည်သူမောင်ဆိုတဲ့ ကုလားလေး၊ အဲဒါမျိုးတွေ ထည့်ထားတယ်။ ၃ ယောက်ထည့်ခဲ့တာကိုတောင်မှ လက်ညှိုးငေါက်ငေါက်ထိုးခဲ့တဲ့လူတွေ ၄၂ ယောက်ထည့်တယ်ဆိုတဲ့အချိန်မှာ မိဘပြည်သူတွေ ဘယ်ပါတီဘက်ကရပ်မလဲဟု ပြောဆိုစည်းရုံးခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ဟောပြောပွဲတွင် ဗီဒီယိုမှတ်တမ်းတင်သူများကိုလည်း ရိုက်ခွင့်မရှိဘဲ ရိုက်သောကြောင့် တရားစွဲမည်ဟု ပြောခဲ့ကြောင်း သတင်းရရှိသည်။

တရားစွဲခံရသူ ဦးမောင်မြင့်က “ကျွန်တော်ဆီတော့ ဘာမှ အကြောင်းမကြားသေးဘူး။ ကျွန်တော်က လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လေ။ Process အရ ဒါမျိုးလုပ်လို့ မရဘူး”ဟု တု့ံပြန်ပြောဆိုသည်။

မဲဆွယ်စည်းရုံးသော နေရာအချို့၌ ဘာသာရေး၊ လူမျိုးရေး အကြောင်းအရာများကို ပြောခဲ့သည်နှင့် ပတ်သက်၍ အွန်လိုင်းစာမျက်နှာများတွင်လည်း ဦးမောင်မြင့်ကိုယ်တိုင် ဝန်ခံပြောဆိုထားသည့် ရုပ်သံဖိုင်များအား NLD ဥပဒေအထောက်အကူပြုကော်မတီက ရဲစခန်းအမှုဖွင့်ချက်တွင် ထည့်သွင်းပေးပို့ထားသည်။

ဥယျာဉ်မရွာနှင့် ကျွန်းတော်အရှေ့ရွာတို့၌ ဟောပြောချက်များကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ)ဖြင့် အမှုနှစ်မှုခွဲ၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ)တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းတို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

၎င်းတိုင်ကြားမှုအား စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်သည်ဟု မင်းကင်းမြို့မရဲစခန်းမှ သတင်းရရှိသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို NLDပါတီ မှ အနိုင်ရရှိထားသည်။

မင်းကင်းမြို့နယ်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်နှစ်ဦး အနိုင်ရခဲ့ပြီးနောက် ယခုရွေးကောက်ပွဲတွင် ပါတီနှစ်ခုကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။

ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့နှင့်ရွေးကောက်ပွဲအပြီး တိုင်တန်းမှုများတွင် စစ်ကိုင်းတိုင်း၌ မင်းကင်းမြို့နယ်သည် ထိပ်ဆုံးက ရပ်တည်နေသည်။