ဘုတလင်မှ ၁ ဦး၊ ကလေးမြို့မှ ၂ ဦး ပိုးတွေ့ရှိ

0
211

အိဖြိုး
မုံရွာ၊ စက်တင်ဘာ-၁၄

စစ်ကိုင်းတိုင်းတွင် ဘုတလင်နှင့် ကလေးမြို့နယ်တို့မှ ပိုးတွေ့လူနာ ၃ ဦး ယနေ့ထပ်တိုးကြောင်း တိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

ဘုတလင်မြို့နယ်၊ လွှဲတဲရွာနေ အသက်၂၂ နှစ် အမျိုးသားသည် မြင်းမူမှ ပိုးတွေ့လူနာ Case-2014နှင့် ရန်ကုန်-မုံရွာ ကားအတူစီးခဲ့သူဖြစ်ပြီး ယခုလ ၁၂ ရက်နေ့က Swab(နှာခေါင်းနှင့်အာခေါင်တို့ပတ်)ယူ စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“လွှဲတဲရွာစာသင်ကျောင်းမှာ Quarantine ဝင်နေပြီး အခုဘုတလင်မြို့နယ် ဆေးရုံကြီးကို ပို့သွားမှာပါ”ဟု ဘုတလင်မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်မိုးလွင်က ပြောသည်။

၎င်းသည် မြင်းမူပိုးတွေ့လူနာ အတည်မပြုခင်ကတည်းက ပြန်ရောက်ရောက်ချင်း ကျေးရွာ Quarantine တွင် နေထိုင်ခဲ့သူ ဖြစ်သည်။

ကလေးမြို့နယ်မှ ပိုးတွေ့လူနာ ၂ ဦးသည် ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်မှ ၆ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီး ၁၂ ရက်နေ့က Swabယူ စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ပြန်ရောက်ကတည်းက ကလေးတက္ကသိုလ်ကြီးမှ Quarantine ဝင်နေကြတာပါ။ ကလေးမှာ ပိုးတွေ့လူနာတွေထားတဲ့ ကလေးမြို့နယ်တိုင်းရင်းဆေးရုံကြီးကို ပို့သွားမှာပါ”ဟု ကလေးခရိုင်ကျန်းမာရေးမှူး ဒေါက်တာစိုးမိုးထွေးက ပြောသည်။

ပိုးတွေ့လူနာ ၃ ဦးစလုံးတွင် ရောဂါလက္ခဏာမပြဘဲ လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် COVID-19 အတည်ပြုလူနာမှာ ကလေးမြို့နယ်တွင် သုံးဦး၊ မြင်းမူမြို့နယ်တွင် တစ်ဦး၊ ကောလင်းမြို့နယ်တွင် တစ်ဦး၊ အင်းတော်မြို့နယ်တွင် တစ်ဦးနှင့် မော်လိုက်မြို့နယ်တွင် တစ်ဦး၊ တန့်ဆည်တွင် တစ်ဦး၊ မြောင်မြို့နယ်တွင် တစ်ဦး၊ ဘုတလင်မြို့နယ်တွင် တစ်ဦး၊ စုစုပေါင်း၁၀ဦးရှိနေပြီဖြစ်သည်။