မကျော့နန္ဒာအောင်၏ မောင်ဖြစ်သူ လင်းထက်အောင်နှင့် တွေ့ဆုံခြင်း

0
46

“အစ်မ နာရေး ပြီးတာနဲ့ အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ဖို့ ဆက်ပါဝင်သွားမှာပါ “

မနေ့က မုံရွာလူထုသပိတ်ကို ဘုရားနီအနီးမှာ အကြမ်းဖက် ဖြိုခွင်းတာကြောင့် ကြွေလွင့်ခဲ့တဲ့ မြဝတီရပ်ကွက်နေ မကျော့နန္ဒာ​အောင်ရဲ့ မောင်ဖြစ်သူကို မုံရွာဂေဇက်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသက် ၂၅ နှစ်အရွယ် မကျော့နန္ဒာအောင်ဟာ ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်ပြီး ဦးခေါင်းသေနတ်ထိမှန်ကာ ကျဆုံးခဲ့သူ ဖြစ်ပါတယ်။

MGZ – အဲဒီနေ့က သူမက အိမ်ကနေ ဘယ်လိုပုံစံနဲ့ ထွက်သွားတာလဲ။

LHA – သူ့သူငယ်ချင်းတွေနဲ့ စုပြီးတော့ သွားတယ်။ လွယ်အိတ်ထဲမှာလည်း ပတ်တီး၊ အရက်ပြန်၊ ဂွမ်းအကုန်အစုံ ဆောင်သွားတယ်။ ပြီးတော့ ရာဘာကျဉ်လောက် ကာမလားဆိုပြီးတော့ ကျောပိုးလွယ်အိတ်ထဲ သစ်သား board လေးလည်း ထည့်သွားသေးတယ်။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းသွားတယ်။

MGZ – မောင်လေးလည်း ဆန္ဒပြပွဲ သွားသေးတယ်လို့ သိရတယ်။ အဲဒီတော့ အစ်မဖြစ်သူနဲ့ မဆုံးခင်တွေ့လိုက်သေးလား။

LHA – ဟုတ်။ မပစ်ခတ်ခင် သပိတ်စစ်ကြောင်းမှာ တွေ့လိုက်သေးတယ်။ သူတို့ ပစ်ခတ်ဖြိုခွင်းတော့ ကျွန်တော်တို့လည်း ပြေးရလွှားရတယ်။ တခြားထိထားတဲ့ သူတွေကို ကျွန်တော်သယ်နေတာ။

MGZ – အစ်မဖြစ်သူ ဆုံးသွားကြောင်းကို ဘယ်လိုသိလိုက်ရတာလဲ။

LHA – သူ့အဝတ်အစားတွေကို ကျွန်တော် မှတ်မိတယ်။ သူ့ထိသွားတာ့ သူ့နံဘေးက လူတွေ သယ်ပြီး ရပ်ကွက်ထဲ ဝင်ပြေးတာကို မြင်လိုက်တယ်ဗျ။ အဲဒါနဲ့ ကျွန်တော်ဖုန်းဆက်တယ်။ မကိုင်ဘူး။ ပြီးမှ ဘယ်အိမ် ဘယ်အိမ်ကို လာခဲ့ပါဆိုပြီး သူ့ဘေးကလူတွေကနေပြီးတော့ ဖုန်းပြန်ခေါ်ပြောမှ ကျွန်တော်သွားတယ်။ ကျွန်တော် ရောက်သွား​ေတာ့ အသက်မမီလိုက်တော့ဘူး။ အဲဒီတော့ နာရေးကူညီမှုကားနဲ့ အိမ်ကိုပဲ တန်းပြန်လိုက်တော့တယ်။

MGZ – အစ်မဖြစ်သူက အရင်နေ့တွေကရော မုံရွာရဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လား။

LHA – ဟုတ် အစ်မက တက်ကြွတယ်ဗျ။ သူငယ်ချင်းတွေနဲ့ စုစုပြီး လိုက်ဖြစ်တယ်။ မုန့်တွေဝေတာတွေလည်း လုပ်တယ်။ ဆန္ဒပြပွဲတွေမှာ အလှူအတန်းတွေလည်း လုပ်ပါတယ်။

MGZ – ဒီဖြစ်စဉ် ဖြစ်သွားတဲ့ အပေါ်မှာ မိသားစုက ဘာပြောချင်လဲ။

LHA – ကျွန်တော်တို့ ကြေကွဲရပါတယ်။ သူမှ မဟုတ်ဘူး တခြားတိုင်းပြည်ရဲ့ အနာဂတ် လူငယ်လေးတွေ ဆုံးရှုံးနေရတာကိုလည်း ဝမ်းနည်းမိတယ်။ ပြီးတော့ ခေါင်းကို ပစ်တယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိကို ချိန်ပြီးတော့ အသေပစ်သတ်ကြတာပါ။ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မကြေပါဘူး။ အပြင်းအထန် ကန့်ကွက်ပါတယ်။

MGZ – ဘာများ ဖြည့်စွက်ပြောချင်လဲ။

LHA – Headshot တွေ ပစ်ပြတာဟာ ဖြိုခွင်းတယ်ဆိုတာထက် လူသတ်ပြနေတာပါ။ သူတို့မှာ စဉ်းစားဉာဏ်မရှိပါဘူး။ ကြေကွဲရတာက ကြေကွဲရတာပဲ။ ကျွန်တော်ကတော့ အစ်မ နာရေး ပြီးတာနဲ့ အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ဖို့ ဆက်ပါဝင်သွားမှာပါ ။