မန္တလေးက ကိုဗစ်လှိုင်း မုံရွာအပေါ် ဘယ်လိုတွေ ရိုက်ခတ်နေသလဲ

0
171

မုံရွာနဲ့မိုင် ၈၀ ကျော်ဝေးတဲ့ မန္တလေးမြို့မှာ ကိုဗစ်လူနာတွေဟာ တစ်နေ့ထက်တစ်နေ့ တိုးလို့နေပါတယ်။ မန္တလေးတစ်တိုင်းလုံးမှာ နိုဝင်ဘာ ၃၀ ရက်အထိ ကိုဗစ်လူနာ ၅၀ဝ၀ ကျော် စာရင်းရှိထားပါတယ်။ မုံရွာနဲ့ မန္တလေးဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို ကူးလူးဆက်ဆံသွားလာမှု အများဆုံးမြို့နှစ်မြို့ပါ။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအရ မန္တလေးကို မဖြစ်မနေသွားနေရတဲ့ မုံရွာကလူတွေ နေ့စဉ် ရာချီရှိလို့နေပါတယ်။ ကူးစက်မှုပိုများလာတဲ့ မန္တလေးကို မဖြစ်မနေသွားလာနေရတဲ့ နယ်ပယ်စုံက မုံရွာမြို့ခံတွေရဲ့ စိုးရိမ်သောက ဘာတွေပါလဲ။ ဘယ်လိုဖြတ်သန်းနေရသလဲ ဆိုတာကို မုံရွာဂေဇက်က မေးမြန်းထားတာတွေကနေ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဦးနေတိုးအောင်

မန္တလေးကို အစာအိမ်ရောဂါကြောင့် ဆေးပြရတယ်။ ကျွန်တော်တို့ကိုတော့ ထောက်ခံစာမပေးဘူး။ အဲဒါတော့ အခက်အခဲရှိတယ်။ အဖေကတော့ အရေးကြီးလူနာဆိုတော့ ရပ်ကွက်ရုံးမှာ ထောက်ခံစာတောင်းပြီး တစ်ဖက်က ဆေးရုံကိုချိတ်ဆက်ပြီး သွားရတာဆိုတော့အဆင်ပြေပါတယ်။ မန္တလေးက အစ်ကိုဆရာဝန်ကို သောက်နေကျဆေးတွေ လမ်းညွှန်ခိုင်းပြီး ဒီမှာဝယ်သောက်ရတယ်။ ကျွန်တော့်အတွက်တော့ သတ်မှတ်ရက်ချိန်းထက်ကျော်နေတော့ အဲလိုပဲဆေးစားရတယ်။ ကူးစက်မှုများတော့ စိုးရိမ်မှုတော့ရှိတယ်။ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးလေ။ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်းတော့ သွားပါတယ်။

ဒေါ်ခင်မြင့်ရီ

ကျွန်မတို့ပွဲရုံက ကြက်သွန်နီတွေပို့ရတယ်။ ကြက်သွန်က အိမ်မှာထားရင်တောင် သေချာလေသလပ်အောင် ထားရတာ။ အခုကျတော့ ကုန်ကားပေါ်မှာတင် ကြာနေတာမျိုးတွေလည်း ရှိတယ်။ ဟိုဘက်ရောက်သွားတော့ ပစ္စည်းကမလှတော့ ရောင်းပန်းမလှဘူး။ သယ်ယူစရိတ်တွေကျလည်း အရင်ကထက်နှစ်ဆလောက် ဈေးများသွားတယ်။ အဲဒါကြောင့် ဒီမှာပဲလောလောဆယ်တော့ ထားလိုက်တော့မယ်။ နောက်လမ်းအခြေအနေကောင်းမှပဲ မန္တလေးကို တင်ပို့တော့မယ်လို့စီစဉ်ထားတယ်။

ဒေါ်လှလှနိုင်

ကွမ်းရွက်တွေက ခါတိုင်းနှစ်တွေဆို ဒီအချိန်တွေက ရောင်းအားလည်းကောင်းတယ်။ ကွမ်းကလည်း ပေါတယ်။ အခုကျတော့ကွမ်းကတော့ ထွက်ပါတယ်။ ဒါပေမဲ့ ဒီကနေတင်ရတာတွေနဲ့ လမ်းသယ်ရတာတွေက အဆင်မပြေဘူးဖြစ်နေတယ်။ ကွမ်းတစ်ခြင်းကို တန်ဆာခကျလည်း ဈေးများတယ်။ ဒီကနေ သေချာအထားခံမယ့် လှတဲ့ကွမ်းရွက်တွေ ရွေးထည့်ပေးလိုက်ပေမယ့် လမ်းတင်ညှိုးတာမျိုးတွေလည်း ရှိတယ်။ ဒါပေမယ့် အခုဟာဆောင်းရာသီဆိုတော့ တော်သေးတယ်။ အရင်ကလို ကားလမ်းတွေ ပြန်ဖြစ်စေချင်ပေမယ့် ကပ်ကြောင့်ဆိုတော့ ဘာမှတော့မတတ်နိုင်ဘူးလေ။

ဒေါ်နွယ်နွယ်ဝင်း

ကျွန်မတို့ မန္တလေးကို အမြဲဆေးပြသွားရတယ်။ ဒီကနေ ထောက်ခံစာယူသွားတယ်။ ဆေးပြမယ့်လူနာရယ်၊ အဖော်လိုက်မယ့်သူတွေအတွက်ပေါ့။ မုံရွာရဲ့ မြို့အဝင်အထွက်တွေတော့ စစ်တယ်။ မန္တလေးဘက်ကတော့ မစစ်ဘူး။ သွားရတာလညး် ဆေးရုံဆိုတော့ စိတ်ပူတာတော့ရှိတယ်။ ဆေးရုံရောက်ရင် ရေသောက်ရင်တောင် Mask ချွတ်ရမှာစိုးလို့ မသောက်ဘူး။ ထိုင်မယ့်ခုံတွေလည်း ဆေးသေချာ ဖြန်းပြီးမှ ထိုင်တယ်။ တစ်ခေါက်တစ်ခေါက် ဆေးပြသွားရမှာတောင် ဝန်လေးတယ်။

ဦးစိန်ကိုကို
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးဥက္ကဋ္ဌ

လမ်းပန်းဆက်သွယ်ရေးအနေနဲ့တော့ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ဆေးရုံကနေ လွှဲစာတွေကို ရေးပေးတယ်။ တရားဝင်လမ်းကြောင်းနဲ့သွားတာဆိုတော့ လမ်းကတော့ အခက်အခဲတော့မရှိဘူး။ လူနာတွေအနေနဲ့ ဟိုမှာလူနာစောင့်တစ်ယောက်ပဲနေရတော့ မိသားစု ၃၊ ၄ ယောက်လိုက်လာရင် ပြန်ပါလာကြတယ်။ သူတို့မှာလည်း ကိုဗစ်ကာလဆိုတော့ ငွေကြေးအခက်အခဲတွေ ရှိကြတယ်။ ကျွန်တော်တို့ မန္တလေးကိုလူနာပို့တော့ ဆီဖိုးတော့ယူတယ်။ သူတို့အဆင်ပြေမှလှူပေါ့။ မပြေရင် မလှူလို့ရတယ်ဆိုတော့ အခုတလော လမး်ကြောငး်တွေမှာ အခမဲ့ပို့ရတာတွေ များနေပါတယ်။ ကျွန်တော်တို့အသင်းက ငယ်သေးတော့ တစ်လကို လမ်းကြောင်းသုံးကြောင်းပဲပို့မယ်ဆိုပြီး ဆုံးဖြတ်ထားပေမယ့် ကိုဗစ်ကာလအဆင်မပြေတဲ့အနေအထားမို့ ဆေးရုံက အကူအညီတောင်းတဲ့အခါ ကူညီလိုက်ရတယ်။ ကိုဗစ်ကာလမှာ ကျွန်တော်တို့အဖွဲ့အနေနဲ့ အလှူလည်းခံရတာမလွယ်တော့ အခက်အခဲရှိတယ်။ ငွေရေးကြေးရေးအခက်အခဲတွေရှိနေတော့ ကူညီချင်ပေမယ့် တစ်ခုခုဆိုရင် တိုင်ပင်ဆွေးနွေးပြီးမှလုပ်ရတယ်။