မိတ်မြန်မာဂရိတ်အဂိန်း

0
107

ညီညီဇေယျ ရေးသည်။

တစ်သောင်းနှစ်ထောင်ခုနစ်ရာလေးဆယ့်နှစ် ကီလိုမီတာကျယ်ဝန်းကာ အလေးချိန် တန်ပေါင်း(၅.၉၇၂ × ၁၀/၂၁) ရှိလျက် သူ့ဝင်ရိုးပေါ်သူ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းလေးစောင်းကာ လည်ပတ်နေရှာသော ဟောဒီကမ္ဘာကြီးပေါ်တွင် “ကိုဗစ်နိုင်တင်း”တည်းဟူသော ကပ်ရောဂါကြီး ပေါ်ပေါက်ရောက်ရှိလာသည်မှာ ရက်ပေါင်း သုံးရာ့ငါးဆယ်ကျော်ခန့် ရှိလာပေပြီ။

(၁)

တစ်ကမ္ဘာလုံး ကူးစက်သူပေါင်း သန်းခြောက်ဆယ်ကျော်လျက် သေဆုံးသူပေါင်း တစ်သန်းခွဲခန့် ရှိလာခဲ့ပြီဖြစ်သည်။ ဆယ့်ကိုးရာစု နှစ်ဦးပိုင်းက ဖြစ်ပွားခဲ့ပြီး လူပေါင်းသန်းသုံးဆယ် သေဆုံးခဲ့ရသော တုတ်ကွေးကပ်ရောဂါကြီးပြီးလျှင် ယခုကိုဗစ်က အသေအပျောက်နှုန်း များနေပြီဟု လေ့လာသူတို့က ဆိုကြသည်။ ကာကွယ်ဆေးရဖို့အတွက်လည်း နိုင်ငံအချို့က ကြိုးစားရှာဖွေသုတေသနပြု ထုတ်လုပ်လျက်ရှိကြရာ ယခုဆိုလျှင် သုံးလေးနိုင်ငံမှ ကာကွယ်ဆေးသုံးလေးမျိုးမက အသီးသီး ထွက်ပေါ်လာပေပြီ။

သို့ရာတွင် အချို့မှာ ဈေးကြီး၊ အချို့မှာ သိမ်းဆည်းသိုလှောင်ရန် လိုအပ်ချက်တွေ များမြောင်ခက်ခဲ၊ အချို့မှာ ရောဂါကာကွယ်ဖို့ ရာနှုန်းပြည့်စိတ်ချရမှု မရှိနိုင်သေး၊ အချို့မှာ စမ်းသပ်ဆဲစသဖြင့် အဆင်မပြေမှုတွေ တွေ့ကြုံနေကြရသဖြင့် ကမ္ဘာသူကမ္ဘာသားတို့အဖို့ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းခြင်း မရှိကြရှာသေးပေ။

နှာခေါင်းစည်းတပ်ကြရ၊ လက်ဆေးကြရ၊ ခပ်ခွာခွာနေကြရ၊ လူစုလူဝေးရှောင်ကြရ၊ အလုပ်တွေရပ်ထားကြရ၊ ဟိုဟိုသည်သည် ခရီးမထွက်ရ၊ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေနေကြရဖြင့် ကမ္ဘာသူကမ္ဘာသားတို့ စိတ်ကျဉ်းကြပ်လျက် ရှိနေကြသည် မဟုတ်လော။

ဤကဲ့သို့သောအချိန်အခါတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းလည်းမရှိ၊ အသွားအလာ အနေအထိုင်လည်း ဂရုစိုက်ဆင်ခြင်စရာမလိုဘဲ လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အုံလိုက်ကျင်းလိုက်သွားလာကြလျက်ရှိသော ပြည်သူတို့ဖြင့် အတိပြီးသည့် “ကာကွယ်ဆေးမလိုသောနိုင်ငံ” တစ်နိုင်ငံအား အရှေ့တောင်အာရှတွင် တွေ့နေရသည်ဟူသော သတင်းထွက်လာခြင်း ဖြစ်ပေတော့သည်။

(၂)

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ အမှတ်(၂၀) အပီယာရိပ်သာလမ်းပေါ်ရှိ ဒဘလျူအိတ်ခ်အိုခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဌာနချုပ်ရုံးခန်းရှိ ဝန်ထမ်းအသီးသီးတို့ အလုပ်များလျက်ရှိကြသည်။ အကြီးအကဲ မစ္စတာတက်ဒရော့ထံသို့ အီးမေးလ်ခေါ် လျှပ်စစ်ချောစာတစ်စောင် ဝင်လာသည်။ ကိုဗစ်ရောဂါအား ဂရုမထားရှိသည်ဟုပင် မထင်ကြသော နိုင်ငံမှာ အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံဖြစ်သည်ဟု စုံစမ်းသိရှိရပြီဖြစ်ကြောင်း အစီရင်ခံစာပင်တည်း။

မစ္စတာတက်ဒရော့အလုပ်ရှုပ်ပြီ။ ဒဘလျူအမ်အေခေါ် ကမ္ဘာ့ဆေးပညာအသင်းကြီးတည်ရှိရာ ပြင်သစ်ပြည်သို့လည်းကောင်း၊ ကမ္ဘာ့အကောင်းဆုံး ဆေးကုသမှုစနစ်ရှိသည့် ကနေဒါနိုင်ငံသို့လည်းကောင်း၊ ကမ္ဘာ့ဆေးသုတေသနပြုလုပ်ရာ အမေရိကန်နိုင်ငံကြီးသို့လည်းကောင်း လျှပ်စစ်ချောစာများပေးပို့ အကြောင်းကြားခြင်းများ ပြုလုပ်နေရပြီ။ ဓာတ်ချောစာများ အပြန်အလှန်ဖြင့်ဆွေးနွေးသမှု ပြုနေကြရပြီ။ နောက်ဆုံးကောက်ချက်မှာ ထိုနိုင်ငံတွင် ကာကွယ်ဆေးကောင်းကောင်းရှိနေနိုင်ပြီဟူ၍ ဖြစ်လေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသို့ လိပ်မူ၍ စိတ်ချရပြီဖြစ်သော ကာကွယ်ဆေးကောင်းကောင်းထုတ်လုပ်ပိုင်ဆိုင်ရရှိထားပါက အကြောင်းကြားစေလိုကြောင်း တောင်းပန်စာ ပေးပို့တောင်းဆိုကြဖို့ ဆုံးဖြတ်ကြရလေတော့သည်။ ကန်သာယာနှစ်ပတ်လျှောက်ခန့်အကြာတွင်ပြန်ကြားစာဝင်လာသည်။

“အိုး…နှိပ်ဟ”

“ဆရာ တစ်ခုခုထူးခြားလို့လားခင်ဗျ”

“မြန်မာနိုင်ငံက ရောဂါကာကွယ်ရေးနည်းလမ်းတွေ ပေးပို့လာတယ်။ နိုင်ငံတကာကို ဖြန့်ဝေအကြောင်းကြား အဝဲယားနက်စ်လုပ်လိုက်တော့”

“ရက်စ်ဆာ”

(၃)

အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်ရှိ တစ်ခုသော ဆေးသုတေသနဌာနရုံးခန်းထဲတွင် ပုဂ္ဂိုလ်ကြီးသုံးဦး မျက်နှာမသာမယာဖြစ်လျက် စိတ်နှလုံးညှိုးခြုံးစွာဖြင့် ခေါင်းချင်းဆိုင် ဆွေးနွေးလျက်ရှိသည်။

“ခုပုံအတိုင်းဆိုရင်တော့ ကျွန်တော်ရင်းနှီးမြှုပ်နှံထားရတာတွေ သွားပါပြီဗျာ။ ကျွန်တော့်ရဲ့ဖိုင်ဇာဆေးဟာ ဈေးကွက်မှာ အရင်ဆုံးဦးဦးဖျားဖျား ဖြစ်စေရမယ်လို့ ရည်ရွယ်ထားတာဗျ”

“အိုဘာထူးလဲဗျ ကျွန်တော့်ကုမ္ပဏီ မိုဒါးနကလည်း ဈေးကွက်မှာ ဖြန့်ချိဖို့ ပြင်ဆင်နေပြီဗျ”

“အတူတူပါပဲဗျာ ကျွန်တော်တို့ အက်စထွာဇီးနိက ဆေးဆိုလည်း အပြီးသတ်စမ်းသပ်မှု တွေလုပ်ပြီးလို့ နယူးရောက်ဘရွတ်ကလင်းမှာ ထုပ်ပိုးပြီးနေပါပြီဗျာ”

“အဲဒီတော့ ကျုပ်တို့…ဘယ်..ဘယ်လို လုပ်ကြရမှာတုံး”

အလို အဆိုပါပုဂ္ဂိုလ်ကြီးသုံးဦးကား ကမ္ဘာကျော်ကာကွယ်ဆေးများဖြစ်သည့် ဖိုင်ဇာ၊ မိုဒါးနနှင့် အက်စထွာဇိနိက ကုမ္ပဏီကြီးများ၏ စီအီးအိုများပင်မဟုတ်လော။ ဟုတ်ပေသည်။ ခုတော့ သည်ပုဂ္ဂိုလ်ကြီးတွေ “ငို”နေရပြီ။ မငိုနေရမလား။ အခုဆို တစ်ကမ္ဘာလုံးနီးနီးကာကွယ်ဆေး သုံးစရာမလိုတော့ဘူးမဟုတ်လော။ မလိုတော့ပါပေ။ ဒဘလျူအိတ်ချ်အိုက ဖြန့်ဝေသော”မြန်မာနိုင်ငံ၏ကိုဗစ်ရောဂါ ရင်ဆိုင်ကာကွယ်ရေး နည်းလမ်းများ”လမ်းညွှန်အတိုင်း လိုက်နာကျင့်သုံးနေကြလေပြီ။ မည်သို့နည်း။

သက်ဆိုင်ရာနိုင်ငံများက ကြေညာချက်များထုတ်ကြရမည်။ လူစုလူဝေးမလုပ်ကြရ။ ပွဲလမ်းသဘင်မကျင်းပရ။ နှာခေါင်းစည်းတပ်ကြရမည်။ လိုက်နာခြင်းမရှိလျှင် အရေးယူမည်ဖြစ်ကြောင်းစသဖြင့် ကြေညာချက် ထုတ်ကြရသည်။ သို့ရာတွင်ပြည်သူများကမူ သွားမြဲ၊ လာမြဲ၊ လူစုလူဝေးလုပ်မြဲ၊ နေ့ကြီးရက်ကြီးများတွင် ပွဲလမ်းသဘင်တစ်ခုနီးနီး စည်ကားအောင် သွားလာလည်ပတ်ကြရမည်။ သို့ရာတွင် အရေးယူခြင်းမပြုရ။ ထိုအခါ မျိုးဆက်သစ် ကိုရိုနာဗိုင်းရပ်စ်တို့သည် မျက်စိလည်ကုန်ကျလျက် မည်သူ့ကို မည်သို့ကူးစက်ရမည်မသိဖြစ်ကာ စိတ်ညစ်လျက် သေကြေပျက်စီးကြရရှာလေတော့သည်။

ဤနည်းဖြင့် ယခုဆိုလျှင် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ရောမ၊ သြစတေးလျ၊ ကနေဒါ၊ ဂျာမဏီစသော နိုင်ငံကြီးများက မြန်မာကဲ့သို့ ကြေညာချက်များ ထုတ်ကြသည်။ သူတို့နိုင်ငံက ပြည်သူများကလည်း မြန်မာပြည်သူများကဲ့သို့ လွတ်လပ်ပျော်ရွှင်စွာ သွားလာစုဝေးလျက်ရှိကြပြီ။ အရေးယူခြင်းကား မရှိ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကား မရှိလေ၊ ဗိုင်းရပ်စ်ကူးစက်မှုကား မရှိလေတော့။ ကိုရိုနာမျက်စိလည်ရှာပြီ။ ကာကွယ်ဆေးဆိုသည်ကား အဘယ်လိုအပ်ပါတော့အံ့နည်း။

ယခုဆိုလျှင် နိုင်ငံတကာမှာ “မြန်မာမက်သတ်”ဟု အမည်ရလျက် ရှိနေပြီမဟုတ်လော။

“ဆေးတွေ ဖျက်ဆီးပစ်လိုက်ရတော့မှာလားဗျာ၊ ကြံကြပါဦး…အီးဟီး”

“ခုတော့ ကျုပ်တို့ကုမ္ပဏီတွေ ဒေဝါလီခံရတော့မှာပါပဲဗျာ…အီးဟီးဟီး”

ငိုပြီ။ ကမ္ဘာကျော်ဆေးကုမ္ပဏီကြီးတွေ ငိုကြရချေပြီ။ မြန်မာမက်သတ်၊ မြန်မာနည်းလမ်းပင်မဟုတ်လော။

(၄)

ယခုဆိုလျှင် မြန်မာပြည်ကြီးရှိ မြို့ကြီးများ၏ လမ်းမများပေါ်တွင် လူများ ဥဒဟိုသွားလာကြလျက်ရှိပြီ။ လပြည့်ကဲ့သို့ အခါကြီးရက်ကြီးများတွင်ဆို ကြက်ပျံမကျ စည်ကားလျက်ရှိပြီ မဟုတ်လော။ နိုင်ငံတကာစာနယ်ဇင်းများတွင်လည်း မြန်မာတို့၏ ကိုဗစ်ရင်ဆိုင်ကာကွယ်နည်းလမ်းကိုအသားပေး ရေးသားဖော်ပြလျက် ရှိကြပြီ။

တစ်ချိန်က ကြောက်လန့်ပြီး အိမ်ထဲမှာပဲနေခဲ့ကြတာတွေ၊ နှာခေါင်းစည်းဝတ်ဆင်ကြတာတွေ၊ လက်ခဏခဏဆေးခဲ့ကြတာတွေ၊ လူသူကင်းမဲ့နေသောလမ်းမတွေသည် ပုံပြင်တစ်ပုဒ်ပမာဖြစ်ခဲ့ကြရပြီ မဟုတ်လော။

မြန်မာသည် ဂရိတ်အဂိမ်းလေပြီတကား။