မိန်းကလေးတစ်ယောက်ရဲ့ အမြင့်ပျံအိမ်မက်

0
46

ကျော်လတ် ရေးသည်။

ယောကျာ်းတစ်ယောက်နဲ့ လက်ချင်း အားယှဉ်လှဲခိုင်းရင် မိန်းကလေးတစ်ယောက်ဟာ ရှုံးမှာပါ။ လေးလံတဲ့ အရာဝတ္ထုတွေ ယှဉ်မ,ခိုင်းရင်လည်း မိန်းကလေးပဲ ယေဘုယျအားဖြင့် ရှုံးမှာပါပဲ။ ကာယဗလအရာမှာ မိန်းကလေးဟာ ယောကျာ်းလေးကို မယှဉ်နိုင်ပါဘူး။ သို့သော်ငြား ဒီလောကကြီးမှာ ကာယဗလနဲ့ချည်း ဆောင်ရွက်ကြရတာမှ မဟုတ်တာ။

စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊ စိတ်အားထက်သန်မှုနဲ့ ဆောင်ရွက်ဖို့ လိုတဲ့နေရာတွေလည်း  အများကြီးပါ။ ဒီအရာတွေမှာတော့ မိန်းကလေးများဟာ ယောကျာ်းတွေကို ရင်ပေါင်တန်းနိုင်ရုံသာမဟုတ်ဘူး၊ သူတို့ကတောင် သာတယ်လို့ ဆိုနိုင်ပါတယ်။

ဒီတစ်ပတ်မှာ အိပ်မက်တစ်ခုကို မလျှော့သော စိတ်ရှည်မှုနဲ့ စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကိုဖောက်သည်ချချင်ပါတယ်။

ဇာတ်ကားရဲ့နာမည်က Gunjan Saxena: The Kargil Girl ပါ။ ဟင်ဒီစကားပြော အတ္ထုပ္ပတ္တိရုပ်ရှင်အမျိုး အစား ဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်း ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အိန္ဒိယလေတပ်ရဲ့ ပထမဆုံး အမျိုးသမီးပိုင်းလော့တွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ Gunjan Saxena  ဆိုတဲ့ အမျိုးသမီးအကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ ယခုနှစ်မှာ ထွက်ခဲ့တဲ့ကားဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရက်အနည်းငယ်ပဲ ရုံတင်နိုင်ခဲ့ပြီး  Netflix  ကပဲ ပြသနိုင်ခဲ့ပါတယ်။

(၁)

ဂွန်ဂျန်ဆိုတဲ့ ကောင်မလေးဟာ လေယာဉ်တွေကို ခရေစီဖြစ်လွန်းတဲ့ကောင်မလေးပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရှိတယ်။ ဖခင်ဖြစ်သူက အိန္ဒိယစစ်တပ်မှာ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူနဲ့ လေယာဉ်အတူတူစီးရင် သူ့က မအိပ်ဘဲ ပြတင်းကနေ အပြင်ကို ကြည့်ချင်သူပါ။ အစ်ကို ဖြစ်သူက ပြတင်းပေါက်ကို လိုက်ကာချအိပ်ချင်တယ်။ ဒါကိုက ပဋိပက္ခပဲ။ သဘောကောင်းလွန်းတဲ့ လေယာဉ်မယ်လေးကြောင့်  လေယာဉ်ခေါင်းခန်းကို ဝင်ကြည့်ခွင့်ရသွားတယ်။ အဲဒီအချိန်ကစပြီး ဂွန်ဂျန်ဟာ ပိုင်းလော့ရူး ရူးတော့တာပဲ။

လေယာဉ်မှူးတွေကို အားကျသွားတဲ့ ဂွန်ဂျန်ဟာ သူတို့ရဲ့စတိုင်ကို အတုခိုးပါတော့တယ်။ အိမ်ထဲမှာလည်း နေကာမျက်မှန် တပ်ပါတယ်။ အစားအသောက်စားလည်း ဒီနေကာမျက်မှန်ကြီးကို မချွတ်ပါဘူး။ တီဗွီကြည့်လည်း မချွတ်တမ်းပဲ။ အစ်ကိုဖြစ်သူရဲ့ လှောင်ပြောင်မှုကိုတော့ ခံရတာပေါ့။ သူ့အစ်ကိုက မိန်းကလေးတစ်ယောက်ဟာ လေယာဉ်မှူးမဖြစ်နိုင်ဘူး။ လေယာဉ်မယ်ပဲ ဖြစ်နိုင်မယ်လို့ ပြောပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ကျားမခွဲခြားမှုများတဲ့ အိန္ဒိယမှာ အဲဒီအချိန်တုန်းက မိန်းကလေးတစ်ယောက် လေယာဉ်မှူးဖြစ်ဖို့ဆိုတာ လေထဲတိုက်အိမ်ဆောက်ရသလိုပါပဲ။

ဂွန်ဂျန်ရဲ့ အိပ်မက်တွေကို ပြက်ရယ်မပြုဘဲ အားပေးခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်က ဖခင်ဖြစ်သူဖြစ်ပါတယ်။ လေယာဉ်ကိုယောကျာ်းပဲမောင်းမောင်း၊ မိန်းမပဲမောင်းမောင်းလေယာဉ်က သိတာမဟုတ်ဘူး။ သမီးဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်လို့ရတယ်။ ပညာရေးကိုတော့ပြီးအောင်လုပ်ရမယ်လို့အားပေးပါတယ်။

ဂွန်ဂျန်ဟာ ပညာရေးကိုကြိုးစားပါတယ်။ အထက်တန်းပညာရေးကို ၉၄ ရာခိုင်နှုန်းနဲ့ ထူးထူးချွန်ချွန်အောင်ပါတယ်။ ဂွန်ဂျန်ဟာ ဒါကိုမပျော်နိုင်ဘူး။ သူကကောလိပ်ကို ဆက်မတက်ချင်ဘူး။ ဒေလီကလေယာဉ်မောင်းသင်တန်းကျောင်းကိုပဲ တက်ချင်တာ။ သူ့အိမ်ကို ကောလိပ်မတက်ချင်ကြောင်း ဘယ်လိုပြောရမှန်းမသိလို့ စိတ်ညစ်နေတာ။ အဲဒီညမှာသူ့အိမ်က သူ့ကိုဂုဏ်ပြုပွဲခမ်းခမ်းနားနားကျင်းပပေးတယ်။ ဂွန်ဂျန်ဟာ သူ့မိသားစုကို အရဲစွန့်ပြီးဖွင့်ပြောလိုက်ပါတယ်။ အမေနဲ့အစ်ကိုက ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။  ဒီတစ်ခါလည်း သူ့အိမ်မက်ဘက်မှာ သူ့အဖေက ရှိနေခဲ့ပြန်ပါတယ်။ ဂွန်ဂျန်ဟာ ဒေလီက လေယာဉ်မောင်းသင်တန်းကျောင်းကို သွားရောက်လျှောက်ထားပါတယ်။  ၁၂ တန်းအောင်မှ ရမယ်ဆိုလို့ ပြန်လာပြီး ကြိုးစားရပြန်ပါတယ်။ ၁၂ တန်းအောင်ပြန်တော့ကောလိပ် ဒီပလိုမာလက်မှတ် တောင်းပြန်ရော။ ဒါနဲ့ ကောလိပ်တက်ရပြန်ရော။ ကောလိပ်ပြီးလို့ သွားလျှောက်ပြန်မှ တကယ့် အခက်အခဲက ပေါ်လာတယ်။ သင်တန်းကြေးက ရူပီး ၁၀ သိန်းဖြစ်သွားတယ်။ ရူပီး ၁၀ သိန်း။ သူတို့လို ရိုးသားတဲ့ဝန်ထမ်းတွေအတွက်တော့ လက်လှမ်း မမီနိုင်တဲ့ ပမာဏပေါ့။ ရွှေပြည်ကြီးသာဆိုရင်တော့ အေးဆေးပေါ့လေ။ သူ့အဖေရာထူးလောက်ဆို ဒီပမာဏတော့ ရယ်စရာတောင် ဖြစ်နေဦးမှာ။ ခုတော့အိမ်ရောင်းပြီး လမ်းပေါ်နေ သမီးကိုကျောင်းထားမှ ရမယ်။ ဂွန်ဂျန်ရဲ့အိပ်မက်ဟာ ပျက်ပြယ်သလောက်ပါပဲ။ ငွေဆိုတဲ့ အခက်အခဲက ဂွန်ဂျန်အိပ်မက်ကို တားဆီးလိုက်ပြီဆိုပါတော့။

(၂)

ဂွန်ဂျန်ရဲ့အိပ်မက်ကို အသက်ဆက်ပေးလိုက်တဲ့အရာ ပေါ်လာတယ်။ ဒါကအိန္ဒိယလေတပ်ပဲ။ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးလေယာဉ်မှူး သင်တန်းသူခေါ်မယ်လို့ သတင်းစာကနေ ကြေငြာလိုက်ပါတယ်။ ဒီသတင်းစာကို ဂွန်ဂျန်အဖေက သူ့အိပ်ရာဘေးမှာချထားပေးပါတယ်။ မနက်နိုးလာလို့ ဒီသတင်းကို တွေ့လိုက်တဲ့အချိန်မှာ ကမ္ဘာမှာ အပျော်ဆုံးလူသားဟာ ဂွန်ဂျန်ဖြစ်သွားတယ်။ လေယာဉ်မှူးဖြစ်ဖို့စစ်တပ်ထဲဝင်မယ်။ လေတပ်ထဲဝင်မယ်ပေါ့။ အိပ်မက်တွေ ပြန်လည်ရှင်သန်လာတယ်ပေါ့။

သင်တန်းက တစ်ခါတည်း တန်းတက်ရတာမဟုတ်ဘူး။ လူရွေးသေးတာ။ လျှောက်တဲ့မိန်းကလေးတွေက အများကြီးပဲ။ ဒီထဲကမှ တစ်ယောက်ပဲရွေးမှာ။ စာမေးပွဲတွေ ဖြေရတယ်။ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ရတယ်။ အင်တာဗျူးတွေ ဖြေရတယ်။ စိတ်ဓာတ်စမ်းသပ်မှုတွေ လုပ်ရတယ်။ ဒီအထဲကသူတစ်ယောက်ပဲ အရွေးခံရတယ်။ ပျော်လိုက်တာပေါ့။

သူ့အပျော်တွေက ဆေးစစ်မှ ပျက်သွားတော့တာပဲ။ သူ့မှာ ယာယီချို့ယွင်းမှုနဲ့ အမြဲတမ်းချို့ယွင်းမှုဆိုပြီး နှစ်မျိုးရှိနေလို့ လေယာဉ်မောင်းသင်တန်းတက်ခွင့် မရပါဘူးလို့ အရာရှိက ပြောပါတယ်။ ယာယီချို့ယွင်းမှုက ကိုယ်အလေးချိန် ၇ ကီလိုဂရမ်လောက် ပိုနေတာဖြစ်တယ်။ အမြဲတမ်း ချို့ယွင်းမှုကတော့ လေယာဉ်မှူးတစ်ယောက် ရှိရမယ့် အရပ်အမောင်းအောက် ၁ စင်တီမီတာလိုနေတာပဲ ဖြစ်ပါတယ်။ ဒီအတွက် စိတ်မကောင်းစွာနဲ့ ငြင်းပယ်တာလို့ ပြောပါတယ်။ ဒါပေမယ့် ၂ ပတ်အတွင်း အယူခံဝင်လို့ ရတယ်လို့ မှာလိုက်ပါတယ်။

ဂွန်ဂျန်တစ်ယောက် စိတ်ဓာတ်အကြီးအကျယ်ကျပါတော့တယ်။ ကိုယ်အလေးချိန်က လျှော့လို့ရတယ်ထား၊ အရပ်ကိုဘယ်လိုရှည်လာအောင် လုပ်လို့ရပါ့မလဲ။ ဒီအသက်အရွယ်ရောက်မှတော့အရပ်က ရှည်မလာနိုင်တော့ဘူး။ အမြဲတမ်းချို့ယွင်းမှုအတွက် အယူခံအောင်တဲ့သူလည်း မရှိသေးဘူးလို့ အရာရှိကပြောလိုက်ပါသေးတယ်။

သူ့အဖေက အမြဲတမ်း အားပေးနှစ်သိမ့်ပေးပါတယ်။ ခုလည်း ကိုယ်မလုပ်နိုင်တာကို စိတ်ပျက်နေမယ့်အစား ကိုယ်လုပ်နိုင်တာကို လုပ်ကြမယ်ဆိုပြီး ကိုယ်အလေးချိန် လျှော့ခိုင်းပါတယ်။ မနက်တိုင်း အိပ်ရာစောစောထ ပြေးရတယ်။ ကြိုးခုန်ရတယ်။ အစားအသောက်ထိန်းခိုင်းတယ်။ ၂ ပတ်အတွင်း ကိုယ်အလေးချိန် လျှော့နိုင်ခဲ့တဲ့ စူပါမင်းသမီးတစ်လက်ကို ပြပြီး လုပ်နိုင်တယ်လို့ဖခင်က အားပေးပါတယ်။ တကယ်လည်း ပိုနေတဲ့ ၇ ကီလိုဂရမ်ကို ဂွန်ဂျန်လျှော့ချနိုင်ခဲ့ပါတယ်။

၂ ပတ်ကြာတော့ အယူခံသွားကြပါတယ်။ ကံကောင်းခြင်းက ဂွန်ဂျန်ဘက်မှာ ရှိနေပါတယ်။ သူ့ကို လေယာဉ် မောင်းတဲ့ခုံမှာ စမ်းထိုင်ခိုင်းပါတယ်။ ကွက်တိပါပဲ။ သေသေချာချာ စစ်ဆေးလိုက်တဲ့အခါ ဂွန်ဂျန်အရပ်က ၁ စင်တီမီတာလောက် လိုနေပေမယ့် သူ့လက်တံ ခြေတံက ၁ ဒသမ ၅ စင်တီမီတာ ပိုရှည်နေတဲ့အတွက် ကွက်တိဖြစ်သွားတာပါ။

ဂွန်ဂျန်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။ အခက်အခဲမျိုးစုံကြားကနေ အကောင်းဆုံးကြိုးစားခဲ့တဲ့ အသီးအပွင့်ပါပဲ။  မိန်းကလေးတစ်ယောက်ရဲ့ အမြင့်ပျံအိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။

(၃)

လေတပ်အရာရှိဖြစ်ပြီဆိုမှ ကြုံရတဲ့အခက်အခဲတွေ မြင်လိုက်တော့ အရင်က အခက်အခဲဆိုတာ ဘာမှမဟုတ်ပါလားလို့ ဂွန်ဂျန် သိလိုက်ရပါတယ်။ သူ ဒီတစ်ခါကြုံရတဲ့အခက်အခဲက အိန္ဒိယရဲ့ ကျားမခွဲခြားမှုပါပဲ။ လေတပ်စခန်းတစ်ခုလုံးမှာ အမျိုးသမီးဆိုလို့ သူတစ်ယောက်တည်း။ အရင်က နေချင်သလို လွတ်လွတ်လပ်လပ်နေလို့ရခဲ့တဲ့ အမျိုးသားလေတပ်အရာရှိတွေက သူရောက်လာတော့ မလွတ်လပ်ဘူးလို့ခံစားရ၊ သူ့ကို အမြင်မကြည်ကြ၊ ဝိုင်းပယ်ကြပေါ့။ ဒါတွေကိုသည်းခံပြီး ဂွန်ဂျန်တစ်ယောက် ကြိတ်မှိတ်ကြိုးစားပါသေးတယ်။ တစ်ရက်တော့ သူသည်းမခံနိုင်လောက်အောင် ကျား/မ နှိမ့်ချခွဲခြားမှုက ကြီးလာတယ်။ သူ ဘာလုပ်မလဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here