မီဒီယာနှင့် နီးဖို့လိုသည်

0
109
Aerial view a woman using a retro typewriter

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် ဖြစ်သည်။ လူငယ်အဖွဲ့အစည်းတစ်ခုသည် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဖိတ်ကြား၍ ယင်းတို့သက်ဆိုင်ရာပါတီအလိုက် မူဝါဒများ ပြောကြားခြင်း ပြည်သူလူထုက သိလိုသည်များကို မေးမြန်းခြင်း စသည်အားဖြင့် ပြည်သူနှင့် ချိတ်ဆက်ပေးသော အစီအစဉ်တစ်ရပ်ကို မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲနှင့် မူဝါဒရှင်းလင်းပွဲသို့ ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီ ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့သည်။ သို့သော် ထိုစဉ်က အာဏာရပါတီမှာမူ တက်ရောက်ခဲ့ခြင်း မရှိချေ။ လူထုတွေ့ဆုံပွဲမှာ စည်ကားခဲ့သလို ပြည်သူများက ယင်းတို့သိလိုသည့် နိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်များကို ပါတီစုံမှ ကိုယ်စားလှယ်လောင်းများထံ မေးမြန်းခွင့်ရရှိခဲ့သည်။ အဆိုပါအခွင့်အရေးကို အာဏာရပါတီမှာတော့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် အဆိုပါအာဏာရပါတီလည်း အရှုံးကြီးရှုံးခဲ့ရသည်။

ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲအကြိုတွင်လည်း အဆိုပါစကားဝိုင်း ဆက်လက်ကျင်းပခဲ့သည်။ ကိုဗစ်နိုင်တင်းအခြေအနေကြောင့် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမေးမြန်းခွင့်မရခဲ့သော်လည်း အွန်လိုင်းမှတစ်ဆင့် မေးခွန်းများ မေးမြန်းခွင့်ရရှိခဲ့သည်။ ယခုအခါတွင်တော့ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံပါတီများ စုံစုံလင်လင် တက်ရောက်ခဲ့သည်။ တိုင်းရင်းသားပါတီအချို့မှာမူ ဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်ရစ်ခဲ့သည်။ သို့ဖြင့် ပြည်သူအချို့မေးခွန်းများ မေးမြန်းခွင့်ရရှိခဲ့သည်။

ထိုဖြစ်ရပ်နှင့် စပ်လျဉ်း၍ ရရှိလိုက်သော သင်ခန်းစာမှာ အစိုးရပင်ဖြစ်စေ၊ နိုင်ငံရေးပါတီပင်ဖြစ်စေ မိမိတို့၏ ပြုမူဆောင်ရွက်ချက်များကို ပြည်သူလူထုသိရှိစေခြင်း၊ ပြည်သူလူထု၏ လိုလားချက်များကို ကြားနာဖြည့်ဆည်းပေးနိုင်ခြင်းအတွက် သတင်းအချက်အလက် စဉ်ဆက်မပြတ် စီးဆင်းနေရန်လိုအပ်သည်။ အကယ်၍ သတင်းအချက်အလက် စီးဆင်းမှုနှောင့်နှေးပါက ပြည်သူနှင့်အစိုးရ သို့မဟုတ် နိုင်ငံရေးပါတီအကြားတွင် နားလည်သိရှိမှု တံတိုင်းခြားသွားနိုင်သည်။ ပြည်သူနှင့် အစိုးရအကြားတွင် သတင်းအချက်အလက် စီးဆင်းရေးအတွက် ကူညီနေသည့် အဖွဲ့အစည်းနှစ်ဖွဲ့ရှိသည်။ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာဖြစ်သည်။ လက်ရှိ အာဏာရပါတီ NLD လက်ထက် စစ်ကိုင်းတိုင်းတွင် လူမှုအဖွဲ့အစည်းများနှင့် ဆက်ဆံရေးသည် တိုးတက်သင့်သလောက် တိုးတက်မလာသကဲ့သို့ မီဒီယာနှင့် ဆက်ဆံရေးမှာလည်း ထင်သလောက် မပေါက်မြောက်သည်ကို တွေ့ရသည်။

မီဒီယာတစ်ခုသည် ကျင့်ဝတ်နှင့်အညီ သတင်းများကို ဖော်ပြနေပါက အစိုးရနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအဖို့ သတင်းအချက်အလက်ပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုကို သံသယကင်းကင်း ပြုလုပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော ပါတီတစ်ခု အစိုးရတစ်ဖွဲ့၏အင်အားဖြင့် များစွာသော ပြည်သူသို့ တိုက်ရိုက်ချိတ်ဆက်နိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။ မီဒီယာနှင့် မဆက်ဆံမီဒီယာသို့သတင်းအချက်အလက် မျှဝေမှုမပြုလုပ်ဟု ခပ်ကင်းကင်းနေပါက သတင်းအချက်အလက် စီးဆင်းမှုနှောင့်နှေးကာ ပြည်သူနှင့် ကွာဟမှု ကြီးသထက် ကြီးလာပြီး ပြည်သူ့ဆန္ဒကို မဖော်ဆောင်နိုင်၊ ပြည်သူ့လိုလားချက်ကို မဆောင်ရွက်နိုင်တော့ပေ။ ထိုအခါ ပြည်သူထောက်ခံမှုကျဆင်းခြင်းကိုပါ ရင်ဆိုင်ရပြီး နိုင်ငံတော်၏အရေးကိစ္စပိုင်း ထိခိုက်မှုများပါ ဖြစ်ပေါ်လာနိုင်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။