မုံရွာက သွားဆရာဝန်တစ်ဦး Hospital Quarantine ဝင်နေ

0
307

အိမွန်
မုံရွာ၊ စက်တင်ဘာ-၁၄

မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်မှ သွားဆရာဝန်တစ်ဦးသည် ယမန်နေ့က ဖျားနာ၍ ဗိုင်းရပ်စ်သံသယဖြင့် မုံရွာဆေးရုံတွင် အသွားအလာကန့်သတ် (Hospital Quarantine) ဝင်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

၎င်းသည် မန္တလေးတွင် သင်တန်းတက်ပြီး စက်တင်ဘာ ၁ ရက်က မုံရွာသို့ပြန်လာကာ ယမန်နေ့က ဖျားနာသဖြင့် ဆေးရုံတက်နေခြင်း ဖြစ်သည်။

“ဆေးကျောင်းဆင်းထားတဲ့ ဆရာဝန်ပါ။ ဆေးခန်းဖွင့်ထားတာ မဟုတ်ဘူး။ ဘယ်မှာမှ အလုပ်မဝင်သေးဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်း၏ နှာခေါင်းနှင့်အာခေါင်တို့ပတ်ကို ယူ၍ ဓာတ်ခွဲစစ်ဆေးသွားမည် ဖြစ်သည်။

မုံရွာမြို့တွင် မြင်းမူနှင့် မြောင်မြို့နယ်တို့မှ COVID-19 အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူ ၆ ဦး​၏ Swab(နှာခေါင်းနှင့်အာခေါင်တို့ပတ်)များ စစ်ဆေးထားဆဲဖြစ်သည်။

မုံရွာမြို့နယ်တစ်ခုလုံးတွင် နိုင်ငံခြားပြန်၊ ပြည်တွင်းပြန် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများထဲမှ စုစုပေါင်း Swab ယူစစ်ဆေးထားသူ ၇၅ ဦးထိရှိနေသည်။

၎င်းတို့၏ ဓာတ်ခွဲအဖြေများကိုလည်း ယနေ့ညတွင် ထုတ်ပြန်နိုင်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက ပြောသည်။

စက်တင်ဘာ ၁၅ ရက်တွင်လည်း အသွားအလာကန့်သတ်ထားသူ ၅၀ ဦးခန့် အား Swab ယူ စစ်ဆေးဦးမည် ဖြစ်သည်။

မုံရွာမြို့တွင် ပိုးတွေ့လူနာရှိလာပါက ကုသမှုပေးနိုင်ရန် မုံရွာဆေးရုံကြီး၊ တိုင်းရင်းဆေးရုံနှင့် မုံရွာတက္ကသိုလ်ဆေးရုံတို့တွင် ကုတင် ၁၀၀ ခန့် ပြင်ဆင်ထားသည်။