မုံရွာဂီတရပ်ဝန်းက မျှော်လင့်ခြင်း ခြေလှမ်းများ

0
5428

အိအိမွန် ရေးသည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မုံရွာတွင် သီချင်းတစ်ပုဒ် ဖန်တီးအသံသွင်းနိုင်ဖို့ ဟူသော အနေထားမှာ ပုံပြင်သဖွယ်သာ ဖြစ်နေသေးသည်။ ဆယ်စုနှစ်အတွင်း မုံရွာမြို့ ဂီတလောကတွင် တိုးတက် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ မုံရွာမြို့တွင် စတူဒီယို ၁၀ ခု ခန့် ရှိနေပြီဖြစ်ရာ စတူဒီယိုတိုင်းလိုလိုတွင် သီချင်းလာသွင်းကြသူများ မလပ်ရအောင် ရှိနေသည်။ မုံရွာမြို့ပေါ်သာမက အနီးနားတဝိုက် မြို ့ရွာများမှ ဂီတဝါသနာရှင်များကလည်း လာရောက် သီချင်းသွင်းကြသည်။

အဆိုတော်ဖြစ်ချင်သည့် ရည်ရွယ်ချက်ဖြင့် သီချင်းလုပ်နေကြသူများရှိသလို အမှတ်တရ လက်ဆောင်ပေးလို၍ လာရောက်သီဆိုသူများလည်း ရှိသည်။ အရင်က ဆိုလျှင် သီချင်းတစ်ပုဒ်သွင်းချင်လျှင် ရန်ကုန်ထိ သွားရသည်။ မုံရွာတွင် စတူဒီယို အသေးစားများ ပေါ်ပေါက်လာချိန်တွင် အလွယ်တကူသီချင်းသွင်း၍ ရလာသည်။ ကိုယ်တိုင်သီချင်းစာသားရေးလာပြီး စတူဒီယိုတွင် လာရောက်သီဆိုသူများ ရှိသလို၊ တခြားသူ ရေးစပ်ထားသည့် သီချင်းကို ဝယ်ယူကာ လာရောက် သီဆိုကြသည်များလည်း ရှိသည်။

သီချင်းလာဆိုသူအများစုက ဝါသနာအရ လာရောက် သီဆိုကြခြင်းဖြစ်ပြီး ငွေရေးကြေးရေးအရ တွက်ကြည့်လျှင် ပြန်ရငွေ မရှိပေ။ စတူဒီယိုတွင် သီချင်းသွင်းခ ကုန်ကျငွေသာရှိပြီး ဆိုထားသည့် သီချင်းကို ဝယ်မယ့်သူမရှိသလို ပရိသတ်ဆီရောက်ရန်လည်း လမ်းကြောင်း များများမရှိပေ။

“သီချင်း ၆ ပုဒ်၊ ၇ ပုဒ်လောက်ဆိုပြီးပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်ပဲ တင်တာ။ ကိုယ့်အကောင့်ကနေ ကိုယ်ပဲတင်တာ။ အောင်မြင်တဲ့ အဆိုတော် ဖြစ်ချင်တာပေါ့။ ရသလောက်တော့ ကြိုးစားရမှာပဲ”ဟု မုံရွာမြို့နယ်မှ အသက် ၁၈ နှစ်အရွယ် မောင်သန့်က ပြောသည်။

မိဘများ၏ တောင်သူအလုပ်ကို လုပ်ကိုင်ပေးရင်း ပိုက်ဆံလေးရလာလျှင် သီချင်းလာသွင်းဖြစ်ကြောင်း သူကပြောပြသည်။

“အမေတို့ကတော့ ပြောတာပေါ့။ နင် အဲဒီသီချင်းဆိုရင် ဘာရမှာလဲဆိုပြီး။ ကိုယ်ကြဝါသနာပါတော့ ပိုက်ဆံမရလည်း လုပ်နေတာပဲ”ဟု ၎င်းကဆက်ပြောသည်။

သီချင်းတစ်ပုဒ်ဆိုရန် ခက်ခဲခဲ့ကြောင်း ပထမဆုံး သီချင်း အသံသွင်းခဲ့ချိန်က အဖြစ်ကို မုံရွာသားကိုပီကေ(PK) က ပြန်ပြောင်းပြောပြသည်။ ကိုပီကေသည် သီချင်းဆိုလာခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်သည်။ ပထမဆုံးသီချင်းကို ရန်ကုန်ထိ သွားရောက်သွင်းခဲ့ရသည်ဟု သိရသည်။

“သီချင်းတစ်ပုဒ် လုပ်ထားပြီးရင် တော်တော်ကြီးကို စိတ်ညစ်ရတယ်။ စိတ်တိုင်းမကျရတာ။ ကိုယ့်ဘာသာရေးထားတဲ့ဟာနဲ့ စတူဒီယိုရောက်ရင် သူတို့ တီးပေးတဲ့ပုံစံနဲ့ အဆင်မပြေဘူး။စတူဒီယိုကလည်း အခုလို ကွန်ပျူတာတစ်လုံးရှိတာနဲ့ လုပ်မရဘူး။ ဘယ်ဟာက ခက်ခဲပါတယ်လို့ ပြောမရဘူး။ အကုန်လုံးက ခက်ခဲတာ”ဟု ၎င်းကပြောသည်။

“ခုက Music Platform အနေနဲ့ အွန်လိုင်း ဒစ်ဂျစ်တယ်ကနေဆိုတော့ ပိုထိရောက်တယ်။ ပရိသတ်တွေလက်ခံလား၊ မခံလား ဆိုတာကို ပိုသိရတယ်။ ပိုပေါက်ရောက်တာပေါ့။ ဒါပေမယ့် ခုခေတ်က သီးချင်းလုပ်ရင်တခြား Supporting လုပ်တဲ့ ဟာတွေ အလွယ်တကူရလာတော့ သူတို့စိုက်ထုတ်တဲ့ အားလျော့တယ်လို့ ပြောလို့ရတယ်။ လူတွေရဲ့ လုံ့လစိုက်ထုတ်မှုတော့ သိပ်မပါတော့ဘူး”

အနုပညာအလုပ်နှင့် ဘဝရပ်တည်၍ မရကြောင်းကိုလည်း”ခုခေတ်ကအနုပညာက ကိုယ်ရူးသွပ်လို့ လုပ်တာဆိုပေမယ့် အခြားအလုပ် တစ်ခုခုကတော့ ကိုယ့်အတွက်ကတော့ ရှာထားရတာပဲ။ ဒီဟာနဲ့ ဘဝရပ်တည်မယ်ဆိုတာ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

သီချင်းဆိုတာနဲ့ ဘဝရပ်တည်လို့မရကြောင်းကို သိထားသော်လည်း ဆန္ဒပြင်းပြတာကြောင့် သီချင်းသွင်းဖြစ်ကြောင်း ပြောလာသူက ဆားလင်းကြီးနယ်မှ ကိုခိုင်ခိုင်စိုးပါ။ ငွေရေးကြေးရေးအခက်အခဲရှိသည့်ကြားမှ သီချင်းတစ်ပုဒ် စလုပ်နေကြောင်း သူက ပြောသည်။

“MTV မပါသေးဘဲနဲ့ကို ရှစ်သောင်းကုန်တယ်။ ခုလောလောဆယ်ကတော့ ဒီတစ်ပုဒ်ပဲ စမ်းကြည့်သေးတာ။ နောက်ထပ်လုပ်ဖို့၊ မလုပ်ဖို့ကတော့ ပရိသတ်လက်ခံ၊ မခံ စောင့်ကြည့်ရမှာ”ဟု သူကပြောသည်။

မုံရွာနယ်တဝိုက်ရှိ ရွက်ပုန်းသီးအနုပညာရှင်များအတွက် မုံရွာမှ ကိုကံအောင်၏ မုံရွာအနုပညာရင်ပြင် အစီအစဉ်ရှိသည်။ ကိုယ်ပိုင်သီချင်းသံစဉ်များဖြင့် အနုပညာရင်ပြင်သို့ လာရောက်သီဆိုနိုင်ပြီး Live Ko Kan Aung ဆိုသည့် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှ ထုတ်လွှင့်ပေးခြင်း ဖြစ်သည်။

“အဓိကကတော့ ရွက်ပုန်းသီး အနုပညာရှင်တွေကို ဖော်ထုတ်ပေးချင်တာပါပဲ။ လာဆိုတဲ့ သူတွေလည်း များတာပေါ့။ ကိုယ်ပိုင်ရေးထားတဲ့ သီချင်းလေးတွေ လာချပြကြတာပေါ့။ ရန်ကုန်ကစ လာကြတယ်”ဟု စီစဉ်သူ ကိုကံအောင်က ပြောသည်။

အစီအစဉ် တစ်ခုလျှင် ၃ ယောက်မှ ၅ ယောက် လာဆိုကြလေ့ရှိပြီး ယနေ့အချိန်ထိ အစီအစဉ် ၄၀ ကျော် ထုတ်လွှင့်ပြီးဖြစ်ကြောင်း သိရသည်။

သီချင်းတစ်ပုဒ်ပေါက်ရန် ငွေရေးကြေးရေးကလည်း စကားပြောကြောင်း ကိုသက်နိုင်က ပြောသည်။ ကိုသက်နိုင်သည် “သူဟာ နောက်တစ်ယောက်နဲ့တွဲနေပြီ” ဟု အစချီသည့် “အသဲကွဲနေသည်”သီချင်းကို သီဆိုခဲ့သူဖြစ်သည်။

“သီချင်းက ထွက်ပြီ။ ပေါက်လည်းပေါက်နေပြီ။ ဘယ်လိုဆက်သွားလို့သွားရမှန်း မသိဘူး။ မေးလိုက်တယ်ဆိုရင်လည်း သိန်းက ဘယ်လောက်ကုန်မှာ။ သိန်း ၅၀၊ သိန်း ၁၀ဝ အဲဒီလိုပြောကြတာ။ အဲဒီလောက်ကြီးကျကိုယ်က မတတ်နိုင်ဘူး။ ငွေရေးကြေးရေးတွေကြောင့် ပေါက်သင့်သလောက် မပေါက်ခဲ့ဘူး”ဟု သူက ပြောသည်။

သီချင်း MTV ကိုလည်း အားမရခဲ့ကြောင်း သူက ပြောသည်။ မုံရွာတွင် အနုပညာနှင့် ပတ်သက်သည့် သင်တန်းကျောင်းသဘောမျိုး ရှိလျှင် အနုပညာလမ်းကြောင်းပေါ် လျှောက်ချင်သည့် လူငယ်များအတွက် အဆင်ပြေမည်ဟု သူက သုံးသပ်ပြောဆိုသည်။

“ကျွန်တော်တို့က မုံရွာမှာပဲလုပ် မုံရွာမှာပဲထုတ် ဆိုတော့ ဂီတလမ်းကြောင်းလည်း မသိဘူး။ အ ပျော်တမ်းလိုပဲ ကိုယ်သွားချင်သလို သွားတာ။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းလည်း မသိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဆရာတွေနဲ့ သေချာသင်ခဲ့ရတာ မဟုတ်ဘူး။ အဲဒီကြတော့ တခြားသူတွေကိုလည်း ပြန်မသင်တတ်ဘူး”ဟု ကိုသက်နိုင်က ပြောသည်။

ကိုသက်နိုင်က ယခုဆိုရင် Monywa Studio ကို ဖွင့်ထားပြီး သူ့ စတူဒီယိုတွင် ဝါသနာအရ လာရောက်သီဆိုသူ တစ်လလျှင် အယောက် ၂၀ မှ ၃၀ ရှိကြောင်းသိရသည်။

ဂီတနှင့် ပတ်သက်ပြီး လူငယ်များ မြေစမ်းခရမ်းပျိုး မဟုတ်ဘဲအမှန်တကယ် အခြေခံကျကျ လုပ်နိုင်ရန် သင်တန်းရှိသင့်ကြောင်းကို ကိုရဲဇာနည်ထွန်းက ထောက်ခံသည်။

“အခြေခံကျကျ သင်ပေးတဲ့သင်တန်း ရှိသင့်တယ်။ ဝါသနာသာအရင်းခံရတာ။ သိလားဆို မသိဘူး။ ငယ်ငယ်တုန်းက ရပ်ကွက်ထဲက အစ်ကိုကြီးတွေ တီးတာတွေကိုကြည့်ပြီး သင်ခဲ့ရတာက များတာကိုး။ နယ်မြို့ဆိုတော့ Music သိပ် Update သိပ်မဖြစ်ဘူး”ဟု ၎င်းက ပြောသည်။

ကိုရဲဇာနည်ထွန်းသည် Platform Voices ကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည်။ Platform Voices သည် မုံရွာရှိ Band များစုပြီး ကိုယ်ပိုင်သံစဉ်များ ဆိုတီးကြခြင်း ဖြစ်သည်။ မုံရွာတွင် မကြာခဏ ရှိုးပွဲများ ကျင်းပနေသော အဖွဲ့လည်းဖြစ်သည်။

အနုပညာလမ်းကြောင်းပေါ် လျှောက်ရန်ကြိုးစားနေသည့် လူငယ်များအတွက် အကြီးမားဆုံး အခက်အခဲမှာ ငွေရေးကြေးရေးဖြစ်ကြောင်း The Villager Studio မှ အသံဖမ်းအင်ဂျင်နီယာကိုသုတက ပြောသည်။ သီချင်းတစ်ပုဒ် ဖန်တီးလျှင် ကုန်ငွေသာရှိပြီး ပြန်ရငွေမရှိသဖြင့် တဝက်တပျက်ဖြင့် လမ်းဆုံးသွားသည့် ဝါသနာရှင်များရှိနေကြောင်း သူက ပြောသည်။

“ပိုက်ဆံပြန်ရဖို့က မလွယ်ဘူး။ လိုင်းပေါ်မှာပဲတင်တာနဲ့ ပြီးရော။ ကိုယ့်သီချင်းလေးတွေကို စိတ်ဝင်တစားနဲ့ နားထောင်ပြီး ဝယ်ပေးမယ့်သူမျိုး။ အဲဒါကိုမှ Costumer တွေရဲ့ လက်ထဲပြန်ထည့်ပေးမယ့် Platform တစ်ခုလိုတာပေါ့။ အခုဆိုရင်တော့ တချို့ရောငး်လို့ရတဲ့ Platform တော့ ရှိနေပြီပေါ့။ ဒါပေမယ့် သီချင်းတစ်ပုဒ်ရောင်းရဖို့ မလွယ်ဘူး။ တော်ရုံတန်ရုံ နာမည်ရတဲ့သူတောင် ပိုက်ဆံပြန်ရဖို့ မလွယ်ဘူး။ အဲဒီတော့ ဒီအလုပ်နဲ့ ရေရှည်ရပ်တည်ဖို့ ခက်တာပေါ့”

မုံရွာဂီတဝါသနာရှင်များ၏ မျှော်လင့်ချက်ပန်းတိုင်မှာတော့ …။