မုံရွာဆေးရုံကြီးတွင် H1N1 ဖြစ်ပွားသူ နှစ်ဦးရှိပြီး တစ်ဦးသေဆုံး

0
280

မုံရွာကလေးဆေးရုံတွင် H1N1 ဖြစ်ပွားသူ ၂ဦးရှိပြီး တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံ၏ တာဝန်ရှိသူများထံမှ သိရသည်။
၆လအရွယ် ကလေးငယ်တစ်ဦးနှင့်၆နှစ်အရွယ်ကလေးငယ် တစ်ဦး တွင်H1N1 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၆ လအရွယ်ကလေးငယ် တစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

“ကလေးမှာက အစကတည်းက ရောဂါအခံလည်း ရှိတာကြောင့် ဆုံးသွားတာ။နောက်ထပ် သံသယလူနာရှိ လူနာ မတွေ့သေးပါဘူး။”ဟု မုံရွာပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးက ယနေ့ပြောသည်။

H1N1 ကြောင့် သေဆုံးသွားသည့်ကလေးငယ်မှာ မုံရွာ စက်မှုဇုန် ၁မှ ဖြစ်ပြီး ယခုလ ၁၅ရက်က ဆုံးသွားခြင်းဖြစ်သည်။
အခြား၆နှစ်အရွယ်ကလေးငယ်မှာမူ မုံရွာ အရှေ့ဘက် သာစည်ရွာမှ ဖြစ်ပြီး သက်သာပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

H1 N1သည် ရာသီပေါ် ပြင်းထန်တုပ်ကွေးအမျိုးအစားဖြစ်ပြီး ကိုယ်ခံအားကောင်းအောင်နေခြင်း၊လက်သန့်ရှင်းရေး မကြာခဏလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇူလိုင်လလယ်ခန့်ကလည်း ယင်းတုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး လူနာ ၂၀ကျော်ရှိခဲ့သည်။

ထိုအချိန်က လူနာများထဲတွင် အသက်ကြီးလွန်းခြင်းနှင့် အခြားရောဂါအခံများကြောင့် သေဆုံးသူ ၃ဦးထိ ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here