မုံရွာတွင် နေ့စဉ် ကိုဗစ်လူနာ တိုး၊ တစ်လအတွင်း လူနာ ၁၄၀ ကျော်ထိရှိ

0
149
ဟုမ္မလင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးနေမှုမြင်ကွင်း။ မုံရွာမြို့တွင် ၂၀၂၀ နှစ်ကုန်ပိုင်းမှ စ၍ ကိုဗစ်လူနာများ ဆက်တိုက်တိုးနေသည်။ ဓာတ်ပုံ - တင်မျိုးငြိမ်း

အိအိဖြိုး
မုံရွာ၊ ဇန်နဝါရီ – ၂၇

မုံရွာမြို့နယ်တွင် ၂၀၂၀ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၁ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ကိုဗစ်လူနာနေ့စဉ်ဆက်တိုက်တိုးနေပြီး တစ်လတာအတွင်း ပိုးတွေ့လူနာ ၁၄၂ ဦးထိ မြင့်တက်နေကြောင်း မြို့နယ်ကော်မတီ စာရင်းများအရ သိရသည်။

တစ်လအတွင်း ပိုးတွေ့လူနာ ၁၀ဝ ကျော်တွင် ၃၀ ကျော်မှာ ခရီးသွားရာဇဝင်မရှိ၊ ကိုဗစ်အတည်ပြုလူနာများ၏ ကွင်းဆက်လည်းမဟုတ်ဘဲ ဖျားနာ၊ အနံ့ပျောက်သဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့သည်။

လူနာဆက်တိုက်တိုးလာခြင်းကြောင့် မုံရွာဆေးရုံ၊ မုံရွာတက္ကသိုလ်ဆေးရုံနှင့် တိုင်းရငး်ဆေးရုံကြီးရှိ ကိုဗစ်လူနာ လက်ခံကုသဆောင်များမှာ ပြည့်နေသဖြင့် တိုင်း အား/ကာ သိပ္ပံကျောင်းတွင် လူနာထားရှိကုသပေးရန် ပြင်ဆင်ထားသည်။

မုံရွာမြို့နှင့် ချင်းတွင်းမြစ်တစ်ဘက်ကမ်းသာ ခြားသော ဆားလင်းကြီးမြို့နယ်မှ ကျေးရွာအချို့တွင်လည်း ပိုးတွေ့လူနာ များနေသည်။ ဆားလင်းကြီးမြို့နယ် ဒေသခံများသည် မုံရွာမြို့ လုပ်ငန်းကိစ္စဖြင့် နေ့စဉ်ကူးလူးသွားလာနေသည်မှာ လူဦးရေ ရာနှင့်ချီရှိသည်ဟု ဒေသခံများက ပြောသည်။

“တကယ်လို့ အား/ကာ သိပ္ပံမှာ လူပြည့်ရင်တောင် သူနာပြုသင်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ထားစရာတွေရှိပါတယ်”ဟု မုံရွာမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။

မုံရွာတွင် ပိုးတွေ့လူနာမြင့်တက်လာခြင်းနှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ “အရင်က မုံရွာမှာ ပိုးတွေ့တာ သိပ်မများဘူး။ အခုကြတော့ များလာတာ နည်းနည်းလည်း ပေါ့ဆကြတယ်။ ကာကွယ်ဆေးထိုးပြီးလည်း မပေါ့ကြပါနဲ့”ဟု ပြောသည်။

ကိုဗစ်ထိန်းချုပ်ရာတွင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများသာမဟုတ်ဘဲပြည်သူများကပါ ကျန်းမာရေးစည်းကမ်းများကို လိုက်နာရန်လိုကြောင်းနှင့် ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို တိတိကျကျလိုက်နာပါက ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဆက်ပြောသည်။

မုံရွာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်တို့၌ ပိုးတွေ့လူနာ ၁၅ ဦး စံချိန်တင်တိုးခဲ့သည်။

“စည်းကမ်းတွေ ဒေသန္တရမိန့်တွေတော့ ထုတ်ပြန်ထားပေမယ့် ဒီအမိန့်တွေကို အခုထက်ပိုပြီး အာဏာတည်အောင် အသက်ဝင်အောင်လုပ်ဖို့ လိုပါတယ်”ဟု မုံရွာမြို့ခံ ကိုစိုးဝင်းဆွေက ပြောသည်။

မုံရွာမြို့ပေါ် ရပ်ကွက် ၃၁ ရပ်ကွက် ၂၃ ရပ်ကွက်အထိ ကိုဗစ်အတည်ပြုလူနာများရှိနေပြီး မြဝတီရပ်ကွက်၊ ထန်းတောရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့ရှိ လမ်းအချို့တွင် အသွားအလာပိတ်ပင်၍ ထိန်းချုပ်ခဲ့ရသည်။

“ရန်ကုန်တို့၊ မန္တလေးတို့ကို နမူနာမယူခဲ့လို့ အခုလို ပိုများလာတာပါ။ အစိုးရပိုင်းနဲ့ ဗော်လန်တီယာအသင်းအဖွဲ့တွေကြား ချိတ်ဆက်မှု အားနည်းတယ်။ ထိစပ်သွားကောက်ရင် ဆုံနေကြတာမျိုးရှိတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( မုံရွာ)မှ ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

ကိုဗစ် ပညာပေးကာလအလွန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အစိုးရမှတင်းကြပ်၊ ကြတ်မတ်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်လူနာများနှင့်ထိစပ်သဖြင့်သက်ဆိုင်ရာ ရပ်ကွက်စာသင်ကျောင်းများနှင့် နန္ဒဝန်အိမ်ရာ၊ စီးပွားရေးတက္ကသိုလ်၊ ဒေါနခြံ ကွာရတင်းစင်တာတို့၌ ဇန်နဝါရီ ၂၆ ရက်နေ့အထိ အသွားအလာကန့်သတ်ထားသူ ၆၀ဝ ကျော်ရှိနေသည်။

မုံရွာမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်နေ့ညပိုင်းအထိ ပိုးတွေ့လူနာပေါင်း ၂၂၀ ကျော်ထိရှိကာ ယင်းမာပင်မြို့နယ်မှ မုံရွာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူတစ်ဦး၊ မြောင်မြို့နယ်မှ မုံရွာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူတစ်ဦးနှင့် မုံရွာမြို့၊ မြဝတီရပ်ကွက်မှ နှစ်ဦး၊ ထန်းတောရပ်ကွက်မှ တစ်ဦးနှင့် ရတနာပုံရပ်ကွက်မှ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့သဖြင့် စုစုပေါင်းခြောက်ဦး သေဆုံးထားသည်။