မုံရွာနှင့် မန္တလေးတွင် ကျဆုံးခဲ့သော ဆားလင်းကြီး ဒေသခံနှစ်ဦး မွေးရပ်မြေတွင် ဂူသွင်းဂုဏ်ပြု

0
53

မုံရွာဂေဇက်
ဆားလင်းကြီး၊ မတ် – ၆

ရဲနှင့်စစ်တပ် ပစ်ခတ်နှိမ်နှင်းမှုကြောင့် မန္တလေးမြို့နှင့် မုံရွာမြို့တို့၌ ကျဆုံးခဲ့သည့် ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်မှ ဒေသခံနှစ်ဦး အရိုးပြာများကို မွေးရပ်မြေတွင် ဂူသွင်းဂုဏ်ပြုထားသည်။

မန္တလေးမြို့ ကျောက်ဝိုင်းတွင် အလုပ်လုပ်ရင်း လူထုသပိတ်၌ ပစ်ခတ်ခံရ၍ ကျဆုံးသော ဆုံတားရွာမှ ကိုမျိုးနိုင်လင်း(အသက် ၃၄)နှင့် မုံရွာတွင် ကျဆုံးသော လက်ပံတောင်းရွာမှ ကိုချမ်းသာဆွေ(ကဗျာဆရာ ကေဇဝင်း)(အသက် ၃၉) တို့ဖြစ်သည်။

“ကိုမျိုးနိူင်လင်းအလောင်းကိုတော့ မတ် ၄ ရက်နေ့က ဆုံတားမှာရှိတဲ့ သူ့ယာခင်းထိပ်မှာ ဂူသွင်းပါတယ်။ ကိုချမ်းသာဆွေအလောင်းက မုံရွာသုသာန်မှာ မတ် ၄ ရက်က မီးသဂြိုလ်ပြီး ၅ ရက်နေ့မှာ သူ့ရဲ့အရိုးပြာကို လက်ပတောင်းရွာထိပ်ယာခင်းထဲမှာ ဂူသွင်းပါတယ်”ဟု လိုက်ပါပို့ဆောင်သူ လူငယ်တစ်ဦးက ပြောသည်။

ပစ်ခတ်နှိမ်နင်းမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းမှ ကျဆုံးသူများမှာ မုံရွာမှ ၇ ဦး၊ ဆားလင်းကြီးမှ ၂ ဦး (မန္တလေးနှင့်မုံရွာ၌ ကျဆုံး)၊ ကလေးမြို့မှ ၁ ဦး စုစုပေါင်း ၁၀ ဦးရှိသည်။

ကျဆုံးသူ ၁၀ ဦးတွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်သည်။