မုံရွာမြို့နယ် အလုံရပ်မှ ကိုဗစ်လူနာအား ဆက်သွယ်မေးမြန်းခြင်း

0
15130

အိအိမွန် မေးသည်။

အောက်တိုဘာ ၁၁ ရက်နေ့ညက မုံရွာမြို့နယ် အလုံ၊ ရွှေစိတ်ကြည်ရပ်ကွက်နေ သုံးဘီးယာဥ်မောင်း အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။

အသက် ၄၇ နှစ်ရှိ အဆိုပါအမျိုးသား၏ လတ်တလော ကျန်းမာရေးအခြေအနေနှင့် ခရီးသွားရာဇဝင်ကို ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါသည်။

မုံရွာဂေဇက် – အစ်ကို အခု ကျန်းမာရေးကောင်းလားရှင့်။ ဘာလက္ခဏာတွေ ခံစားနေရလဲ။

လူနာ – ကိုဗစ်လက္ခဏာ ဘာမှမခံစားရဘူးဗျ။ အပူချိန်၊ သွေးပေါင်၊ အောက်စီဂျင် ပုံမှန်ပဲ။ ကျန်းမာရေးကတော့ အကုန်ကောင်းတယ်။

မုံရွာဂေဇက် – ဘယ်ကနေ ကူးစက်တာလို့ ယူဆလဲရှင့်။

လူနာ – ၉ လပိုင်း ၂၉ ရက်နေ့ ည ကိုးနာရီလောက်က ဖားကန့်ပြန် သားအမိနှစ်ယောက်ကို ကျောက်မှော်ကို သုံးဘီးနဲ့ လိုက်ပို့ခဲ့တာ။ ကျွန်တော့်ဖုန်းနံပါတ်နဲ့နာမည် ပေးထားခဲ့တယ်လေ။ ၄ ရက်နေ့မှ ဖုန်းဆက်လာတာ။ ခင်များ လိုက်ပို့တဲ့ သားအမိမှာ အမေဖြစ်သူက ပိုးတွေ့တယ်။ Qဝင်ပေးပါလို့ ဖုန်းဆက်လို့ ညတွင်းချင်း Q ဝင်လိုက်ပါတယ်။

မုံရွာဂေဇက် – ၉ လပိုင်း ၂၉ ရက်က လိုက်ပို့တယ်။ ၁၀ လပိုင်း ၄ ရက်မှာ Qဝင်တယ်ဆိုတော့ ကြားထဲ ဘယ်တွေ သွားလာခဲ့လဲရှင့် ။

လူနာ- ကျွန်တော်က သုံးဘီးမောင်းတယ်လေ။ အလုံသုံးထောင့်ချွန်းမှာ ကျွန်တော့်ကွမ်းယာဆိုင်လေးရယ်။အမျိုးသမီးက ရှမ်း၊ မုန့်တီ၊ ထမင်းဆီဆမ်းလေး ရောင်းတဲ့ဆိုင်လေး ရှိတယ်။ အဲ့ဒီဆိုင်မှာ သုံးဘီးကတော့ ထိုးထားတာ။ ညလောက်မှ အိမ်ပြန်အိပ်တာ။ ဒီရက်ပိုင်းက အသွားအလာတော့ သိပ်မရှိတော့ လူ သိပ်မရလိုက်ဘူး။ မြို့ထဲကိုတော့ တစ်ထောင်ရရ၊ နှစ်ထောင်ရရ ထွက်လိုက်တာပဲ။

မုံရွာဂေဇက် – ထိတွေ့သူ ဘယ်နှဦးလောက် ရှိခဲ့လဲ။

လူနာ- ထိတွေ့မှုတော့ လမ်းဘေးရပ် စကားပြောတာတွေလည်း ရှိတာပေါ့။ သုံးဘီးကလည်း မောင်းတာပဲရှိတာ။ လူက သိပ်မရဘူး။ ဆိုင်အတွက် ဟင်းသီးဟင်းရွက် လိုတာလေးတွေတော့ သွားဝယ်ပေးတာရှိတယ်။

မုံရွာဂေဇက် – ဘယ်တွေ သွားဝယ်ခဲ့တာလဲရှင့်။

လူနာ- အလုံဈေး တစ်ခေါက် သွားဝယ်တယ်။ မုံရွာ ကန်သာယာဈေး၊ ကုန်စိမ်းတန်း တစ်ရက် ဝယ်တယ်။

မုံရွာဂေဇက် – အစ်ကိုနဲ့ ဆက်စပ်ပြီး ဘယ်သူတွေ Quarantine ဝင်ရလဲ။

လူနာ- ကျွန်တော့်မိသားစုကို Stay Home နေခိုင်းတာပေါ့။ ကျွန်တော့်ဇနီးရယ်၊ ၄ နှစ်အရွယ် သားရယ်၊ ပြီးတော့ အမေနဲ့ ကျွန်တော့်ညီနဲ့။ သူတို့ကို အပြင်ထွက်မခံတော့ဘဲ Stay Home နေနေရတာပေါ့။ ကျန်းမာရေးကတော့ အကုန်ကောင်းကြတယ်။ ကျွန်တော်တို့ဆိုင်ကို ကွမ်းသီးပို့တဲ့ ကျွဲရဲကလူလည်း ရှိတယ်။

မုံရွာဂေဇက် – အခု အစ်ကို့ကို ဘယ်လိုကုသမှုတွေ ပေးနေလဲရှင့်။

လူနာ- အပူချိန်တိုင်းတဲ့ကိရိယာ ပေးထားတယ်။ သွေးချိန်တဲ့ကိရိယာ ပေးထားတယ်။ အောက်စီဂျင်တိုင်းတဲ့ကိရိယာ ပေးထားတယ်။ Call Center ဖုန်းနံပါတ် ပေးထားတယ်။ ဆရာတွေ၊ ဆရာမတွေကလည်း လိုအပ်တာရှိရင် ဆက်ပါ။ ပျင်းရင် ဖုန်းဆက်ပါဆိုပြီး ပေးထားတယ်။ အဆင်ပြေပါတယ်။ ဆေးတော့ မသောက်ရဘူး။

မုံရွာဂေဇက် – ရောဂါကူးစက်ခံရတော့ ဘယ်လိုစိတ်ဖိစီးမှုတွေ ဖြစ်နေလဲ။

လူနာ- သုံးဘီးဝယ်တုန်းက ငွေချေးထားတော့ ကိုယ်ပေးစရာရှိတာလေးတွေ။ သုံးဘီး သက်တမ်းတိုးရမှာတွေတော့ စိတ်ထဲလုံးပန်းတာပါ။ ကလေးတော့ စိုးရိမ်တယ်။

မုံရွာဂေဇက် – ကိုယ့်လို ကူးစက်ခံရတာမျိုးမဖြစ်အောင် ဘယ်လို သတိပေးစကား ပါးချင်လဲ။

လူနာ- ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေးလမ်းညွှန်ချက်တွေလည်း လိုက်နာပါတယ်။ ကိုယ့်အိမ်ထဲကိုယ်တော့ မနေနိုင်တာ ကိုယ်လည်း ထိုင်စားနိုင်တဲ့ စွမ်းအားမှ မရှိတာ။ တစ်နေ့လုပ် တစ်နေ့စားဖြစ်တော့ ပြောရခက်ပါတယ်ဗျာ။ ညွှန်ကြားထားတဲ့အတိုင်း လက် ခဏခဏဆေးတယ်။ Mask တပ်တယ်ဗျာ။ တခြားသူတွေလည်း ကိုယ်သွားခဲ့လာခဲ့တာ ကိုယ်အသိဆုံး။ စိတ်မချရင်တော့ ကျန်းမာရေးဌာနနဲ့ အမြန်ဆက်သွယ်ကြဖို့ ပြောချင်ပါတယ်။ ကိုဗစ်ဖြစ်မှ အဆက်သွယ်လုပ်ရတယ်။ စစ်ရတယ်ဆိုတော့ နောက်ကျတာပေါ့။ ရပ်ကွက်အလိုက် စစ်ချင်တဲ့ သူတွေ စစ်ခွင့်ရရင်တော့ ကောင်းတာပေါ့။

မုံရွာဂေဇက် – ကျေးဇူးတင်ပါတယ်ရှင့်။