မုံရွာမြို့ နာမည်ကျော် ဦးကြင်နိန်ဆီချက်ခေါက်ဆွဲဆိုင်မှ ဦးဝင်းဦးနှင့် တွေ့ဆုံခြင်း

0
63300

အိအိဖြိုး မေးသည်။

“ခေါက်ဆွဲပြင်ရင် စေတနာထားပြင်”

မုံရွာမြို့ရဲ့ခေါက်ဆွဲဆိုင်လောကမှာ ဦးကြင်နိန်ဆို မသိသူမရှိသလောက်ပါပဲ။ ဦးကြင်နိန်ဆီချက်ဆိုရင် ဒေသတွင်းသာမက ရန်ကုန်၊ မန္တလေးမြို့များက အစားအသောက်ကောင်း ကြိုက်တဲ့သူတိုင်းသိကြပြီး မုံရွာကိုရောက်ရင် တခုတ်တရ လာစားကြတဲ့ဆိုင်ပါ။ ကြာညို့မဲမဲ၊ ဆီရွှဲရွှဲနဲ့ ဦးကြင်နိန်ခေါက်ဆွဲဟာ တခြားခေါက်ဆွဲလက်ရာတွေနဲ့ မတူကွဲပြားနေပြီး မြင်လိုက်တာနဲ့ သူ့ဆိုင်က ဆီချက်ခေါက်ဆွဲဆိုတာ သိသာစေတာ အောင်မြင်မှုတစ်ခုပါ။ ခေါက်ဆွဲလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ပြီးယခုထက်တိုင် သားစဉ်မြေးဆက် အမွေဆက်ခံထားပါတယ်။ ဦးကြင်နိန်ရဲ့အကြောင်းနဲ့ သူ့ခေါက်ဆွဲကောင်းရခြင်း လျှို့ဝှက်ချက်တွေကို သားဖြစ်သူ ဦးဝင်းဦးထံ မုံရွာဂေဇက်က မေးမြန်းထားပါတယ်။

MGZ – အစ်ကိုရဲ့အဖေ ဦးကြင်နိန် ခေါက်ဆွဲလောကထဲကို စတင်ဝင်ရောက်လာပုံလေးပြောပြပါ။

UWO – ကျွန်တော်တို့အဖေရဲ့အစ်မက လူကြီးချင်းသဘောတူတဲ့ ပြည်ကြီးပေါက်တရုတ်ကြီးနဲ့ရခဲ့တယ်။ သူ့ရဲ့အဖေက ၁၂ နှစ်သားအရွယ်ကတည်းကသေခဲ့တယ်။ အဲဒီတော့ သူ့အစ်မနဲ့ နေတယ်။ ကျွန်တော်တို့ အဒေါ်ပေါ့။ ညီအစ်ကိုနှစ်ယောက်နဲ့အစ်မနဲ့နေကြတယ်။ အစ်မယောကျာ်းက တရုတ်လူမျိုးဆိုတော့ နှစ်ယောက်ကျွေးထားရတော့ မနိုင်ဝန်ဖြစ်နေတော့ အဖေကသူ့အစ်ကိုကို လခစားဝင်လုပ်ခိုင်းပြီးတော့ သူကျတော့ သူ့အစ်မဆိုင်မှာကူလုပ်ပေးရင်းနဲ့နေလာတာ။ အဲဒီလိုနဲ့ခေါက်ဆွဲပညာသင်ခဲ့ရတယ်။ အိမ်ထောင်ကျတော့ အဖေကတခြားအလုပ်တွေ မျိုးစုံလုပ်ကြည့်သေးတယ်။ နောက်အဆင်မပြေတော့ ခေါက်ဆွဲလောကထဲကိုရောက်သွားတယ်။

MGZ – ခေါက်ဆွဲဆိုင်ကို ဘယ်လိုစပြီးထူထောင်ခဲ့လဲ။

UWO  – အဖေက ဘာလုပ်လုပ် အဆင်မပြေတော့ ခေါက်ဆွဲရောင်းရာကနေ ထူထောင်ဖြစ်တာပါ။ ညောင်တပင်လမ်း ဇောင်ကြမ်းပင်ဘုန်းကြီးကျောင်းပေါက်မှာ စရောင်းခဲ့တာပါ။

MGZ – မောင်နှမတွေကို ခေါက်ဆွဲပညာအမွေ ဘယ်လိုပေးခဲ့လဲ။

UWO – ကျွန်တော်တို့ကြီးလာတော့ အဖေ့ဆိုင်မှာပဲ အဆိုင်းနဲ့ရောင်းခဲ့တယ်။ ကျွန်တော်က လူလွတ်ဆိုတော့ ကျောင်းပြီးတော့ အဖေ့ကိုကူရောင်းပြီး အိမ်ထောင်ကျတဲ့သူတွေကို ညနေနဲ့ ညတစ်ဆိုင်းဆီ ဖွင့်ခိုင်းခဲ့တယ်။

MGZ – ဦးကြင်နိန်ခေါက်ဆွဲရဲ့ လူကြိုက်များနေတဲ့ အဓိကအချက်က ဘာဖြစ်မလဲ။

UWO – စေတနာကြောင့် ဖြစ်မှာပါ။ ကိုယ်တတ်တဲ့ပညာကို စေတနာထားလုပ်ဖို့မှာတယ်။ ခေါက်ဆွဲပြင်ရင် စေတနာထားပြင်ဆိုပြီး ပြောပါတယ်။ အဓိကက စေတနာထားလို့ပါ။

MGZ – ခေါက်ဆွဲဆိုင်ဖွင့်ထားတဲ့ သားသမီးတွေကို ကိုယ့်ရဲ့စားသုံးသူတွေနဲ့ပတ်သက်ပြီး ဘာတွေမှာကြားလဲ။

UWO – စားသုံးသူတွေကို စေတနာထားဖို့၊ လေးစားသည်းခံဖို့ အမြဲမှာပါတယ်။ စားသုံးသူကို စေတနာထားမှ ကိုယ့်ပြန်အကျိုးပေးမှာ။ သူတို့လာစားလို့ ကိုယ့်ထမင်းစားရတာကြောင့် လေးလေးစားစား ဆက်ဆံဖို့ အမြဲမှာပါတယ်။ အဖေ့ကတော့ တော်တော်လေးကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့ကတော့ အဖေပေးတဲ့၊ ခင်းထားတဲ့လမ်းပေါ် ဆက်လျှောက်လှမ်းရုံပါပဲ။

MGZ – ကိုယ့်ရဲ့လက်ရာကိုရော အမြဲဘယ်လိုထိန်းနေရလဲ။

UWO – အဖေ့နဲ့ အတူတူနေရင်း နား၊ မျက်စိရင်းနှီးခဲ့တယ်။ မောင်နှမခြောက်ယောက်ရှိပါတယ်။ အဓိကတော့ အကြီးတွေက ပိုပင်ပန်းတယ်။ အရေးခင်းကာလ ကျောင်းမပြီးခင်မှာဘဲ အဖေ့ကိုနားခိုင်းပြီး ဦးစီးခဲ့ပါတယ်။ ဆိုင်ခွဲတွေကတော့ အိမ်ထောင်ကျမှပဲ လုပ်ဖြစ်ကြတာပါ။ အစ်မကြီးအိမ်ထောင်ကျတော့ မြစန္ဒာရုံရဲ့ အနောက်နားမှာ ဆိုင်ခွဲစဖွင့်ခဲ့တာပါ။

MGZ – ဆိုင်ခွဲပေါင်း ဘယ်လောက်ရှိလဲ။

UWO – ဆွေမျိုးမကင်းတဲ့ တပည့်နှစ်ယောက်က နှစ်ဆိုင်၊ တူ၊ တူမတွေက နှစ်ဆိုင်ဖွင့်ပါတယ်။

MGZ – ဆီချက်ခေါက်ဆွဲရဲ့ အရည်အသွေးကို ဘယ်လိုထိန်းသိမ်းလဲ။

UWO – ဆီချက်ခေါက်ဆွဲကတော့ အဖေ့လက်ရာအတိုင်း လုပ်ပါတယ်။ ကြာညို့ကိုတော့ အဓိကထားလုပ်ပါတယ်။ ကြာညို့ချက်တဲ့ဆီကို ကိုယ့်အကြိုက်အိုးထားပြီး သပ်သပ်လုပ်ခိုင်းပါတယ်။ စားသုံးသူတွေကျတော့လည်း ဒီဆိုင်ရဲ့အဓိကတော့ ကြာညို့ကောင်းလို့ပဲလို့ ပြောကြပါတယ်။ ခေါက်ဆွဲကလည်း ကိုယ်တိုင်လုပ်တယ်။ ငန်ပြာရည်လည်း ကိုယ်တိုင်ကြိုပါတယ်။ ဆားငန်ပြာရည်ကိုပဲ သုံးပါတယ်။

MGZ – ဆီချက်တစ်မျိုးတည်း ရောင်းတာက ဘာကြောင့်လဲ။

UWO – အဖေ့တို့လက်ထက်က ဆီချက်တစ်မျိုးပဲရှိတယ်။ အဖေ့တုန်းက ဝက်သားနဲ့ တစ်မျိုးပဲရောင်းတာ။ ကျွန်တော့်လက်ထက်မှ ကြက်သားပါရောင်းတာပါ။

MGZ – ကိုဗစ်ကာလမှာ စားသုံးသူတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲ။

UWO – ဝန်ဆောင်မှုကတော့ ထွေထွေထူးထူး မရှိပါဘူး။ နေ့တိုင်း ဖောက်သည်တွေလည်း ရှိတယ်။ တူလေးတွေကတော့ အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေ လုပ်ပါတယ်။

MGZ – ဘဝကို ဘယ်လိုရပ်တည်ခဲ့လဲ။

UWO – ကျွန်တော်ကတော့ ခေါက်ဆွဲလုပ်ငန်းနဲ့ပဲဘဝကို အသက် ၆၀ ကျော်ပြီ။ ဒီလုပ်ငန်းနဲ့ပဲ ကျွန်တော်တို့မောင်နှမ ၆ ယောက်လုံးကို ကျောင်းထားခဲ့တယ်။ အဖေငယ်ငယ်က ခေါက်ဆွဲလုပ်ရတာ ဆင်းရဲလွန်းလို့ တချိန်ခေါက်ဆွဲမလုပ်ဘူးဆိုပြီးတော့ တခြားအလုပ်မျိုးစုံလုပ်တယ်။ နောက်ဘယ်လိုမှအဆင်မပြေမှသာ ရောင်းခဲ့တာ။ ခေါက်ဆွဲကို ကျေးဇူးကန်းတာတော့ မဟုတ်ပါဘူး။ ဆင်းရဲပင်ပန်းလွန်းလို့ပါ။ အဖေက ကျွန်တော်တို့ကိုတောင် အသက် ၅၀ ကျော်ရင် ခေါက်ဆွဲမရောင်းနဲ့တော့လို့ မှာတယ်။ တော်တော်ပင်ပန်းလို့ပါ။ အလုပ်လုပ်ရတာ ဗာဟီရလည်း သိပ်များတာ။ ခေါက်ဆွဲက အဖေပေးတဲ့အမွေလို့ ပြောရင်လည်း မမှားပါဘူး။

MGZ – ဦးအနေနဲ့ ဦးအဖေလက်ရာကို ဘယ်လိုထိန်းသိမ်းလဲ။

UWO – ကျွန်တာ်တို့က အဖေနဲ့ဒိုးတူဘောင်ဘက်လုပ်စားရင်း တတ်မြောက်ခဲ့တာပါ။ အဖေ့လက်ရာအတိုင်း ကြိုးစားပါတယ်။ မိဘလက်ထက်ကအတိုင်း အစဉ်အလာမပျက် ထိန်းသိမ်းနိုင်အောင် ကြိုးစားပါတယ်။

MGZ – ဘာများဖြည့်စွက်ပြောချင်ပါလဲရှင့်။

UWO – ကိုယ့်ရဲ့ စားသုံးသူ (Customer) တွေကို ဂရုစိုက်ပါ။ ကြိုးစားပါ။ လေးစားပါ။ စေတနာထားပါလို့ ပြောချင်ပါတယ်။

MGZ – ကျေးဇူးတင်ပါတယ်ရှင့်။