မုံရွာရှိ တည်းခိုခန်းတစ်ခုတွင် ပုပ်ပွနေသောအလောင်း တွေ့

0
44505

ကိုအောင်ကြီး
မုံရွာ၊ နိုဝင်ဘာ-၂

မုံရွာမြို့၊ ဘုရားကြီးရပ်၊ ဆိပ်ကမ်းသာတည်းခိုခန်းတွင် ပုပ်ပွနေသော အလောင်းတစ်လောင်းက​ို ယနေ့ မွန်းလွဲပိုင်းက တွေ့ရှိသည်။

သေဆုံးသူမှာ တည်းခိုခန်းဝန်ထမ်းဖြစ်ပြီး အခန်းတစ်ခုတွင် ကြိုးဆွဲချလျက် ပုပ်ပွသေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူ အသက် ၂၀ ရှိ လူငယ်မှာ တက္ကသိုလ် ဒုတိယနှစ် တက်နေသူတစ်ဦးဖြစ်ပြီး မုံရွာမြို့ထန်းတောရွာမရပ် နယ်မြေ ၁၃ မှ ဖြစ်ကြောင်း သိရသည်။

“သေတာ လေးရက်လောက်ရှိပြီ။ အဲဒီတည်းခိုခန်းမှာ အလုပ်လုပ်နေတာ တစ်နှစ်ခွဲလောက်ကြာပြီ။ အရင်ကလည်း သူက အဲ့ဒီမှာနေ နေကျဆိုတော့ တခြားသူတွေက မသိလိုက်ကြတာ။ ပုပ်ပွနေမှ သိတာ။ ပြင်ပဒဏ်ရာတော့ မတွေ့ဘူး။ အိမ်နဲ့စိတ်ဆိုးပြီး ပျောက်နေတာလည်း လေးရက်လောက်ရှိပြီလို့ သူ့အဖေက ပြောတယ်”ဟု မုံရွာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ထွန်းဝင်းက ပြောသည်။

သေဆုံးသူ၏ အလောင်းကို လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားပြီး မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

ဓာတ်ပုံ – KoThawdar