မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ၅ ဦးကျဆုံး

0
81

မုံရွာဂေဇက်
မုံရွာ၊ မတ် – ၃

မုံရွာမြို့ ပြည်​ထောင်စုလမ်း၊ ဘုရားနီ ဘုရားအနီး ယနေ့နံနက်က ဆန္ဒပြလူထုအား ရဲနှင့်စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းမှုတွင် ၅ ဦးသေဆုံးကြောင်း လတ်တလော အတည်ပြုရရှိသည်။

ဒဏ်ရာရသူမှာ ၃၀ ထက်မနည်း ရှိပြီး အချို့မှာ သတိမေ့မြောနေဆဲဖြစ်သည်။

ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများက နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကြပြီး အရေးပေါ်သွေးလိုမှုကို ပြည်သူများက ဝိုင်းဝန်းလှူဒါန်းကြသည်။

မုံရွာဂေဇက်က သွားရောက်အတည်ပြုထားသော ကျည်ထိမှန်သေဆုံးစာရင်းမှာ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆ နှစ်)၊အောင်ချမ်းသာရပ်၊ ကိုမိုးအောင် (၂၃နှစ်) ကျူရှင်ဆရာ၊ မြဝတီရပ်၊ နယ်မြေ (၂)၊မကျော့နန္ဒာအောင် (၂၅နှစ်) ကရုဏာလမ်း၊ မြဝတီရပ်၊ မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်)နန္ဒဝန်ရပ်၊ အသက်၄၅နှစ်အရွယ် အမည်မသိအမျိုးသား၊(ဒေဝဂတိအသင်း၏ အတည်ပြုချက်) တို့ ဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းနှင့် ရဲ၊ စစ်တပ်တို့ ဘုရားနီဘုရားအနီး ထိပ်တိုက်တွေ့ဆုံမှုမှာ ယခင်ရက်ကလည်းရှိခဲ့ပြီး ယခုဖြစ်စဉ်၌ ပထမဆုံးလူသေမှုဖြစ်သည်။

ပစ်ခတ်မှုများရှိရာ ပြည်ထောင်စုလမ်းနေရာသို့ သွားရောက်သော ရဲနှင့်စစ်တပ်ကားအချို့မှာ ကျောက္ကာလမ်းတွင် ဆန္ဒပြလူထုအချို့နှင့်တွေ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ခဲ့သည်။