မုံရွာ လူငယ်စင်တာရုံးသို့ တပ်နှင့်ရဲများ ဝင်ရောက်ရှာဖွေ

0
36

မုံရွာ၊ ဖေဖော်ဝါရီ – ၉

မုံရွာမြို့ အထက ၂ ကျောင်းအနီး စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီရုံး (လူငယ်စင်တာ)သို့ ယနေ့နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အရပ်ဝတ် လူအချို့မှ ဝင်ရောက်ရှာဖွေကြောင်း သတင်းရရှိသည်။

လူငယ်ရေးရာကော်မတီဝင်အချို့သည် ယမန်နေ့က ဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်ပြီးနောက် ၎င်းတို့နေထိုင်ရာရုံးသို့ ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

“ခြံဝန်းကိုကျော်ဝင်တယ်၊ အဲဒီထဲမှာ Fever Clinic ရုံးရှိတယ်၊ အဲဒီဘက်ကသော့ကိုဖျက်ပြီး ကျွန်တော်တို့ကိုဝင်ရှာတယ်။ အဲဒီမှာကရှိတဲ့ သူကိုမေးမြန်းပြီး လက်တော့ပ်တွေ၊ ဗီရိုတွေကိုရှာပြီးစစ်လို့သိရပါတယ်။ ကျွန်တော်တို့ကရှောင်နေလို့ လွတ်သွားပါတယ်”ဟု လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဝေမိုးနိုင်က ပြောသည်။

သိမ်းယူခံရသောပစ္စည်းများထဲမှ ဟန်းစပီတာ ၄ လုံး၊ ရွေးကောက်ပွဲကာလ မဲဆန္ဒရှင်ပညာပေးစာရွက်များ၊ လူငယ်ရေးရာကော်မတီ တံဆိပ်တုံး၊ လူငယ်ရေးရာကော်မတီရဲ့ အသုံးစရိတ်ဘောက်ချာများမှာ ပြန်မရသေးဟု ဆိုသည်။

ယင်းကဲ့သို့ရှာဖွေမှုအား သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ မုံရွာဂေဇက်က ဆက်သွယ်မေးမြန်းမှု မရရှိသေးပေ။