မူးမြစ်ကူးလှေဆိပ်တွင် စိတ်ကြွဆေးပြား သုံးသောင်းခွဲကျော် ဖမ်းမိ

0
3992

မောင်စိန်ချို
ပင်လည်ဘူး၊ နိုဝင်ဘာ- ၂၁

ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မူးမြစ်ကူးလှေဆိပ်တွင် စိတ်ကြွဆေးပြား သုံးသောင်းခွဲကျော် ဖမ်းဆီးရမိကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ သတင်းရရှိသည်။

ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်း-နောင်မူး လှေကူးဆိပ် မူးမြစ်သဲသောင်ပြင်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၀) ညနေ ၃ နာရီခန့်တွင် မိချောင်းအင်းရဲကင်း ရဲတပ်ဖွဲ့၊ ကသာအထူးမူးယစ်တပ်ဖွဲ့စု (၆ )နှင့် မိုးသောက်ကြယ်(မူးတား)အဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသူများမှာ ကျွန်းလှမြို့နယ် ပျဉ်းပင်ကျေးရွာနေ အမျိုးသားနှစ်ဦး ဖြစ်သည်။

၎င်းတို့သည် ဆိုင်ကယ်ရှေ့ခွကြား၌ ဂုန်နီအိတ်ဖြင့် စိတ်ကြွဆေးပြား ၂၃ ထုပ်၊ အပြား ၃၆၈၀၀ပြား၊ အလေးချိန် ၃၆၈၀ ဂရမ်ခန့်ကို သယ်ဆောင်လာစဥ်ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“သဲသောင်ပြင်မှာ လုံးရ၊ ထွေးရ ဖမ်းလိုက်ရတာနဲ့ ဆေးပြားထုပ်တွေတောင် ကျိုးကြေကုန်သေးတာ”ဟု မိုးသောက်ကြယ်(မူးတား)အဖွဲ့ဝင် ဝမ်းဘဲအင်းကျေးရွာနေ ကနီအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သူများအား ပင်လည်ဘူး မြို့မရဲစခန်းတွင် မယ(ပ)၂၀၀/၂၀၂၀၊ ပုဒ်မ ၁၉(က)၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်အဖြစ် ကောလင်းမြို့နယ် ကြို့ပင်ရွာနေ အမျိုးသားကိုလည်း ယင်းနေ့ညပိုင်းမှာပင် ထပ်မံဖမ်းဆီးလိုက်သည်။

ဓာတ်ပုံ-မြင့်ကျော်