မဲဆွယ်ကာလ ပါတီဆိုင်းဘုတ်ခွန် သိန်း ၅၀ ကျော် စည်ပင်ရ

0
1216
ဟုမ္မလင်းမြို့တွင် စိုက်ထူထားသော ပါတီကြော်ငြာဆိုင်းဘုတ်များ။ ဓာတ်ပုံ - တင်မျိုးငြိမ်း

ကိုအောင်ကြီး
မုံရွာ၊ နိုဝင်ဘာ – ၂၀

ရွေးကောက်ပွဲ မဲဆွယ်ကာလ ရက်ပေါင်း ၆၀ အတွင်း ပါတီအောင်နိုင်ရေး ကြော်ငြာဆိုင်းဘုတ်များမှ အခွန်ငွေ သိန်း ၅၄ သိန်းကျော်ရထားကြောင်း စစ်ကိုင်းတိုင်းစည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့် ကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း မြို့ပေါင်း ၅၄ ခုတွင် ပါတီကိုယ်စားလှယ်လောင်းများအောင်နိုင်ရေး ဆိုင်းဘုတ် ၈၁၉ ခု ထောင်ခဲ့သည်။

ပါတီဆိုင်းဘုတ်အများဆုံးထောင်သော မြို့မှာ ဟုမ္မလင်းမြို့ဖြစ်ပြီး ဆိုင်းဘုတ်ပေါင်း ၁၃၀ မှ အခွန်ငွေ ၄သိန်းကျော်ရရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာဖြစ်သော မုံရွာမြို့တွင် ဆိုင်းဘုတ် ၁၅ ခုသာ ထောင်သော်လည်း အခွန်ငွေ ၆ သိန်းကျော်အထိ ရရှိသည်။

“မြို့နယ်စည်ပင်တွေရဲ့ ဆိုင်းဘုတ်ခွန်ခေါင်းစည်အောက်ကပဲ ငွေဝင်တာဖြစ်ပါတယ်။ စည်ပင်လုပ်ငန်းများအတွက် ပြန်သုံးပါတယ်။ ကမ်းပိန်းနောက်ဆုံးနေ့ ဆိုင်းဘုတ်မဖြုတ်တဲ့ပါတီ မရှိလို့ သိမ်းရတာ မရှိပါဘူး”ဟု ဦးသစ်ထူးမြင့်က ပြောသည်။

ရွေးကောက်ပွဲ ကမ်းပိန်းကာလ ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ်ကြေငြာဝင်ငွေသည် စည်ပင်အတွက် ငါးနှစ်တစ်ကြိမ်ဝင်ငွေ အခွန်ငွေတစ်ရပ်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းမဲဆန္ဒနယ်များ၌ ပါတီပေါင်း ၁၇ ပါတီ (UDP ပါတီဖျက်သိမ်း) နှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပေါင်း ၆၀၀ ကျော်ဝင်ပြိုင်ခဲ့ကြသည်။