မဲပေးမှာလား၊ မဲမပေးဘူးလား

0
111

မုံရွာဂေဇက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မဲပေးမည်၊ မဲမပေးဘူးဆိုသည့် ငြင်းခုန်မှုများ ရှိလာသည်။ ယင်းအပေါ် မုံရွာမြို့ခံ အဖွဲ့အစည်းအချို့၊ ဒေသခံအချို့၏ သဘောထားကို မုံရွာဂေဇက်မှ မေးမြန်းခဲ့ပါသည်။

(ယခုမေးမြန်းမှုသည် ကျပန်းမေးမြန်းထားခြင်း ဖြစ်ပါသည်။ မဲပေးခြင်း၊ မပေးခြင်းအပေါ် ရာနှုန်းပြည့် ကိုယ်စားပြုနိုင်မည်မဟုတ်ပါကြောင်းသိစေအပ်ပါသည်) အယ်ဒီတာ

ဦးညီညီမင်းထက်ဝေ
(ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ ကျွန်းလှမြို့)

၂၀၂၀ရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့တော့ မဲပေးဖို့ ဆန္ဒမရှိပါဘူး။ ကျွန်တော်အပါအဝင် ပြည်သူတွေလက်ခံထားကြတာက ၂၀၁၅ မှာတက်လာတဲ့ အစိုးရဟာ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်နိုင်မယ်လို့ ထင်ထားကြတယ်။ ဒါပေမယ့် အခုသက်တမ်းကုန်တော့မယ့်အချိန်ထိ ဘာမှ ထိထိရောက်ရောက် ပြောင်းလဲသွားတာ မတွေ့ရဘူး။ ကျွန်တော်တို့အတွက် ၅ နှစ်တာက ဒီ ၅ နှစ်တာကဥပမာပြလိုက်တာပါပဲ။ နောက်ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲနိုင်နိုင် ခြေဥကို ပြင်နိုင်မယ်မထင်တဲ့အတွက် မဲပေးချင်စိတ်လည်း မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လူထုနဲ့ အရမ်းကင်းကွာနေသလိုပဲ။ ကွင်းဆင်းတာလည်း မတွေ့ရဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်ပါတီကိုပဲ မဲပေးပေး ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်နိုင်ငံအတွက် တက်လာတဲ့အစိုးရတွေက ပြောင်းလဲချိန်တန်ပြီ ဘယ်လောက်ပြောပြော ပြည်သူတွေရဲ့ဘဝတွေ ပြောင်းလဲမသွားဘဲ သူတို့ရဲ့ဘဝတွေပဲ ပြောင်းလဲသွားတာကိုသိစေချင်တယ်။

ဦးသန့်စင်
(စက်မှုဇုန် ချည်ထည်လုပ်ငန်းလုပ်ကိုင်သူ၊ မုံရွာမြို့)

မဲပေးပိုင်ခွင့်ရှိတဲ့ ၁၈ နှစ်ပြည့်ပြီးသူတိုင်းကိုလည်း မဲပေးစေချင်တယ်။ ပြည်သူ့ကိုယ်စားလှယ်ကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်လာစေချင်တယ်။ တစ်သီးပုဂ္ဂလတွေ စစ်ကိုင်းတိုင်းမှာ ပေါ်လာတဲ့အတွက်လည်း ကြိုဆိုပါတယ်။ မိမိကိုယ်ကိုယုံကြည်လို့ ပြိုင်ကြတာဖြစ်တဲ့အတွက် အားပေးပါတယ်။ အစိုးရရဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း ကိုယ်တိုင်ခံစားရမှာဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်ပြီး ကျွန်တော်ကတော့ မဲပေးမှာပါ။ အခုလို လွတ်လပ်စွာ ပါတီတွေတည်ထောင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင်၊ မဲပေးခွင့်ရအောင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အဖက်ဖက်က နောင်တော်တွေအားလုံးရဲ့ မျက်နှာကိုထောက်ပြီး မဲပေးသင့်တယ်လို့ ထင်ပါတယ်။ မိမိရဲ့ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေ ရှိကြတဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်မပြောလိုပါဘူး။တိုင်းဒေသကြီးမှာလည်း ကိုယ်နှစ်သက်တဲ့ ပါတီကိုအစိုးရဖွဲ့နိုင်အောင် မဲပေးသင့်တယ်လို့ ထင်ပါတယ်။ လက်ရှိ အစိုးရလက်ထက်ကို ကျေနပ်အားရမှုတော့ အနည်းငယ်မရှိပါဘူး။ ကတိတွေပေးခဲ့ပြီး တကယ်လုပ်တာကျတော့ နည်းတယ်။ ပြည်သူနဲ့ထိတွေ့မှုလည်း နည်းတယ်လို့ ထင်တယ်။ ပြည်သူတွေအနေနဲ့လည်း ပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့ သူတွေကိုလည်း သေချာရွေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးစိုးဝင်းဆွေ
(မအူရွာ၊ မုံရွာမြို့။)

ဒီမိုကရေစီခေတ်မှာ အခြေခံကတော့ ရွေးကောက်ပွဲပါပဲ။ ရွေးကောက်ပွဲရှင်သန်အားကောင်းမှလည်း ဒီမိုကရေစီစနစ်က လည်ပတ်နိုင်မှာပါ။ ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး၊ မထည့်ကြဘူးဆိုရင်တော့ ဒီစနစ် မအောင်မြင်တာပါ။ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေမှာ အနိုင်အရှုံးရှိကြမှာပါပဲ။ အကယ်၍ ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားကြတော့ဘူးဆိုရင် ပါတီအားလုံးရှုံးပြီး စနစ်ပါပျက်စီးစေတဲ့ အနေအထားမှာရှိတယ်။ ပြည်သူတွေအနေနဲ့တော့ ကိုယ်နှစ်သက်တဲ့ပါတီတွေကို မဲထည့်ဖို့တော့ ပြောချင်ပါတယ်။ No Vote ဆိုတာတော့ ၂၀၁၀ မှာတုန်းကလည်း No Vote လုပ်ခဲ့တဲ့ပါတီတွေ ရှိတာပဲလေ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာလည်း မဲမထည့်မနေရ ပြဋ္ဌာန်းထားတာမဟုတ်တဲ့အတွက် သူတို့ရဲ့အခွင့်အရေးပါပဲ။ သူတို့ရဲ့ အခွင့်အရေးနဲ့ ယုံကြည်ချက်အတိုင်းလျှောက်တဲ့အပေါ်ဘာမှမပြောလိုပါဘူး။ လက်ရှိ No Vote ရဲ့နောက်ကွယ်က နိုင်ငံရေးအယူအဆကိုလည်း နားလည်တယ်။ ဘာကြောင့်လဲဆိုတော့ No Vote သမားတွေဟာ အာဏာရှင်စနစ်ကို ရွံမုန်းနေကြတဲ့လူတွေ ကျွန်တော့်လိုပဲ ဒီမိုကရေစီစနစ်ကို နှစ်သက်ကြတဲ့ လူတွေပါဆိုတာ လက်ခံပေးလို့ရတယ်။ သူတို့သာ အာဏာရှင်စနစ်ကို ကြိုက်ကြမယ်ဆိုရင် အာဏာရှင်စနစ်ကို ဦးစားပေးတဲ့ပါတီကို သွားမဲထည့်ကြမှာပါ။ အာဏာရှင်စနစ်ကိုလည်း မုန်းပြီး လက်ရှိဒီမိုကရေစီပါလို့ပြောနေကြတဲ့ ပါတီတွေအပေါ်မှာလည်း ကျေနပ်အားရမှုမရှိတဲ့အတွက် ဘယ်သူ့မှ မဲမပေးတဲ့ No Vote လှုပ်ရှားမှုဖြစ်တာလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ မဲထည့်မှာမို့ အယူအဆချင်းမတူပေမယ့် သူတို့ရဲ့ နိုင်ငံရေးခံယူချက်ကိုလည်းနားလည်ပါတယ်။ ၂၀ဝ၈ အခြေခံဥပဒေဟာကောင်းမွန်ပြည့်စုံတဲ့ ဥပဒေမဟုတ်ပေမယ့် ဥပဒေဘောင်ထဲကနေ တိုင်းပြည်ကောင်းအောင်၊ တိုင်းရင်းသားအခွင့်အရေးတွေကို ရအောင်လုပ်လို့ရပါတယ်။ လုပ်ခွင့်ရဖို့ လုပ်နိုင်ဖို့က ရွေးကောက်ပွဲရှင်သန်မှ ရမှာပါ။ အဲဒါကြောင့် လက်တွေ့ကျတဲ့နိုင်ငံရေးဖြစ်တဲ့ မဲပေးပြီး ရွေးကောက်ပွဲအရှုံးအနိုင်ယှဉ်ပြိုင်တဲ့စနစ်ကို ယုံကြည်ပါတယ်။ မဲသွားပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ဒေါ်ခင်မင်းရွှေ
(ပြည်ကျော်တံဆိပ်ရိုက်လုပ်ငန်း၊ မုံရွာမြို့။)

အခုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အောက်မှာ နေရတာကျေနပ်တဲ့အတွက် အခုလည်း ရပ်တည်သွားမှာပါ။ ကျောင်းသားတချို့ကတော့ ရွေးကောက်ပွဲကို သိပ်မရပ်တည်တဲ့ဘက်မှာ ရှိကြပါတယ်။ တစ်မျိုးစီပေါ့နော်။ ရွေးကောက်ပွဲကို အားပေးတဲ့အသင်းအဖွဲ့ရယ်၊ အားမပေးတဲ့အသင်းအဖွဲ့ရယ် ရှိကြတဲ့အတိုင်း လူတွေရဲ့ အယူအဆတွေက မူကွဲနေကြတာပါ။ ကျွန်မတို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို ကျေကျေနပ်နပ် မျှော်လင့်နေပါတယ်။ မဲပေးဖို့အတွက်လည်း အဆင်သင့်ပါပဲ။ မုံရွာမြို့သူတစ်ယောက်အနေနဲ့ ကျွန်မတို့တိုင်းအစိုးရကို ပြည့်ပြည့်၀၀ အားရမှုမရှိပါဘူး။ ကိုယ့်မြို့ရဲ့ လိုအပ်ချက်တွေကိုရော အစိုးရအနေနဲ့ ဖြည့်ဆည်းပေးပေမယ့် လိုအပ်ချက်တွေ အရမ်းများတဲ့အတွက် အားရမှုတော့ အရမ်းအားနည်းပါတယ်။

ဒေါ်ကလျာ
(သုံးရာသီ ပန်းမျိုးစုံရောင်းဝယ်ရေး၊ မုံရွာမြို့)

လူဆိုတာတော့ သူ့အမြင်နဲ့သူ၊ ကိုယ့်ခံယူချက်နဲ့ကိုယ် မဲပေးကြတာဖြစ်တဲ့အတွက် အားပေးပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် တော်တဲ့သူကို မဲပေးသင့်တယ်လို့ ထင်ပါတယ်။ မဲများတဲ့သူက နိုင်မှာဖြစ်တဲ့အတွက် ကိုယ်အစိုးရဖြစ်စေချင်တဲ့ပါတီကို မဲများများရပြီး နိုင်စေချင်ပါတယ်။ တိုင်းအစိုးရအနေနဲ့လည်း သူတို့တတ်နိုင်သလောက်လုပ်ပေးပါတယ်။ ကျေနပ်အားရတယ်ဆိုတာထက် ဘယ်အဖွဲ့အစည်းမဆို အားနည်းချက်၊ အားသာချက်တွေနဲ့ဆိုတော့ ပြည့်စုံတယ်တော့ မရှိနိုင်ဘူးလို့ထင်တယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် ကြိုးစားကြတယ်ဆိုတာထက် ဟာကွက်တွေလည်း ရှိမှာပါပဲ။ စီးပွားရေးကောင်းမှ အားလုံးလည်ပတ်နိုင်မှာဆိုတော့ ဘယ်အဖွဲ့အစည်းပဲနိုင်နိုင် အကောင်းဆုံးလုပ်ပေးစေချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here