ပါတီလည်းကြည့်၊ လူလည်းကြည့် မဲပေးရန် တပ်ချုပ် မှာ

0
3892
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ကိုသစ္စာ၊ တင်မျိုးငြိမ်း
ဟုမ္မလင်း၊ အောက်တိုဘာ-၂၆

လာမည့်ရွေးကောက်ပွဲ မဲပေးရာတွင် ပါတီမူဝါဒကို ကြည့်သကဲ့သို့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းကိုလည်း ကြည့်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်က စစ်ကိုင်းတိုင်း ဟုမ္မလင်းနှင့် ဝန်းသိုမြို့သို့ ရောက်ရှိခဲ့ပြီး မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများနှင့် သီးခြားစီတွေ့ဆုံရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

တိုင်းပြည်အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းနှင့် ပတ်သက်၍ “အခု ကျွန်တော်တို့ နိုင်ငံရေးက ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့သဘောသဘာဝကတော့ အမြင်ချင်းတော့ အကုန်လုံး တူမှာတော့မဟုတ်ဘူး။ သို့သော် တိုင်းပြည်အတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ အမြင်ချင်းတူလိမ့်မယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လူတိုင်းမဲပေးကြရန် လိုအပ်ပြီး မဲမပေးပါက အခြားသူများ ဆန္ဒပြုသည့် ကိုယ်စားလှယ်များကိုသာ လက်ခံရမည်ဖြစ်၍ မိမိသ​​ဘောဆန္ဒနှင့် ကိုက်ညီသူများကို မဲပေးကြစေလိုသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

နိုင်ငံတွင် နိုင်ငံရေးမူဝါဒအရ ဖွဲ့စည်းထားသည့်ပါတီနှင့် ဒေသနှင့်လူမျိုးရေးအရ ဖွဲ့စည်းထားသည့်ပါတီများ ရှိပြီး ပါတီမျိုးစုံ၊ ကိုယ်စားလှယ်မျိုးစုံ ရှိနေသည့်အတွက် ဒေသအကျိုး၊ တိုင်းပြည်အကျိုး လုပ်ဆောင်မည့်သူများကို ရေရှည်မျှော်တွေး၍ စဉ်းစား မဲပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းနောက် ဟုမ္မလင်းနှင့်ဝန်းသိုရှိ ဆေးရုံကြီးများတွင် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သော နှာခေါင်းစည်း၊ မျက်နှာကာ၊ PPE ဝတ်စုံများ၊ လက်ဆေးရည်များ၊ N95 Mask၊ Examination Glove များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။

“အခုလို မြို့နယ်အတွက် လိုအပ်နေတဲ့ ထောက်ပံ့ရေးပစ္စည်းများကို လာရောက်လှူဒါန်းပေးလို့ အရမ်းပဲ ကျေးဇူးတင်ပါတယ်”ဟု ဟုမ္မလင်းမြို့ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်သည် လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဟုမ္မလင်းဒေသ၌ ၁၉၉၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။