မျက်ကန်းကိုးကွယ်ယုံကြည်မှုက အကြောက်တရားနဲ့ ဂုဏ်သရေပျက်ခြင်းသာ ဖြစ်စေပါမည်

0
76

အောင်သူငြိမ်း ရေးသည်။

ကျွန်တော်တို့က ကျွန်တော်တို့ကို ချစ်သူတွေနဲ့ သဘောကြိုက်ညီကြတဲ့သူတွေကိုပဲ ချစ်ကြပါတယ်။ ဒီကိစ္စကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချစ်ဆိုတာကို အကြောင်းပြုပြီး ကျွန်တော်တို့ကိုချစ်ကြသူများက ကျွန်တော်တို့ကို အန္တရာယ်ပြုလာရင်၊ ဒါမှမဟုတ် အခြားသူများကို အန္တရာယ်ပြုမယ့်သဘောထားတွေ ပြသလာရင်၊ ကျွန်တော်တို့ ငြိမ်ငြိမ်ထိုင်နေနိုင်ပါ့မလား။ ကျွန်တော်တို့ အားပေးနိုင်ပါ့ဦးမလား၊ ဒီကိစ္စကတော့ နားလည်ရခက်ပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံမှာ တည်ရှိနေတဲ့ နိုင်ငံရေး ပဋိပက္ခက ဒီနိုင်ငံရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်၊ အဲဒီလို ချောက်ထဲကျဖို့ ဖြစ်နေတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။

ကာလကြာရှည် အထွဋ်အမြတ်ထားရာလို့ သိမြင်ထားခဲ့ကြတဲ့ “ဘုရင်စနစ်” အင်စတိကျူးရှင်းအပေါ် လူထုတွေထဲက အစိတ်အပိုင်းတချို့က ဆန့်ကျင်လာကြတယ်။ အဲဒီအပေါ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေက ကြီးထွားလာနေတယ်။

အဲဒီဘုရင်စနစ် အင်စတိကျူးရှင်းကို ပြုပြင်ပြောင်းလဲလိုကြသူ၊ စည်းမျဉ်းခံဘုရင်စနစ် အစဉ်အလာဘောင်ထဲမှာ ထားလိုကြသူတွေနဲ့ အဲဒီအင်စတိကျူးရှင်ကို အကြွင်းမဲ့အာဏာအပ်နှင်းလိုသူတွေအကြား ထိပ်တိုက်တွေ့စရာ ဖြစ်လာတယ်။

သံသယရှိစရာ မလိုတဲ့အချက်က ဒီကိစ္စက သိပ်ကိုအကဲဆတ်တဲ့ အခြေအနေပါ။ အရင်အတိတ်ကာလ အတွေ့အကြုံတွေအရ သွေးထွက်သံယိုတွေ ဖြစ်ခဲ့တယ်။ အချို့လူတွေ အသုံးချစရာတွေနောက် လိုက်ခဲ့ကြရတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ရမှုတွေ ရှောင်ရှားနိုင်ဖို့ ရင့်ကျက်မှုနဲ့အဆင့်အလိုက် ခေါင်းဆောင်မှု အရည်အသွေးတွေ လိုအပ်ပါတယ်။ ဒါမှပဲ ထိပ်တိုက်တွေ့ရတဲ့ ရန်ပွဲတွေ ရှောင်ရှားနိုင်မှာပါ။

ခုတော့ ပြောနေကြတာက တယူသန် အရူးအမူးဖြစ်မှုက အနိုင်ရနေပြီဆိုတာပါပဲ။

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တန်ပြန်နိုင်ဖို့ ဘုရင့်လိုလားသူ လူအုပ်က တန်ပြန်စုဝေးဖို့ လှုံ့ဆော်နေကြရုံတင် မဟုတ်ပါဘူး။ ပိုပြီး စိုးရိမ်စရာက အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေအတွက် နှိုးဆော်တိုက်တွန်းနေတဲ့ ဟောပြောချက်တွေ မြင့်တက်လာနေပါတယ်။ အတားအဆီးမရှိပါ။

မနေ့တုန်းက လူကြိုက်များတဲ့ သူတို့ရဲ့စေတနာ့ဝန်ထမ်းလုပ်ငန်းတွေအတွက် နာမည်ကျော်တဲ့ အမြွှာသရုပ်ဆောင် နှစ်ဦးက ထွက်လာပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေသူတွေကို သူတို့ သည်းမခံနိုင်တော့ဘူးလို့ ပြောဆိုလာပါတယ်။

အမြွှာထဲက တစ်ဦးက အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို သူတို့ပါးရိုက်လိုက်ဖို့ အသင့်ရှိနေတယ်။ အဲဒီလိုရိုက်လို့ ဥပဒေချိုးဖောက်တယ်ဆိုရင်လည်း ဒဏ်ကြေးငွေပေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။

နောက်ပိုင်းတော့ အဲဒီသရုပ်ဆောင်က သူ့မှတ်ချက်စကား ပြောမိတာအပေါ် ပြန်တောင်းပန်ပါတယ်။ ဒီလိုရည်ရွယ်တာ မဟုတ်ပါဘူးတဲ့။

အဲဒီတိုင်အောင် သူ့ရဲ့အကြမ်းဖက်လိုတဲ့စိတ်က ဘုရင့်လိုလားသူ လူအုပ်စုရဲ့ အစွန်းရောက် စိတ်ခံစားချက်တွေကို ထင်ဟပ်ဖော်ပြနေပါသေးတယ်။

ဘုရင့်ဝါဒီတွေက စနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆို ထောက်ခံနေကြသူတွေကို “သစ္စာဖောက်တွေ”၊ “ကျေးဇူးမသိတတ်သူတွေ” လို့ အများအားဖြင့် ခေါ်ဆိုကြပါတယ်။ အချို့က ပိုလို့လွန်လွန်ကျူးကျူး တက်ကြွလှုပ်ရှားသူတွေအပေါ် လူ့ဂုဏ်သိက္ခာချိုးနှိမ်ပြီး “မိစ္ဆာတွေ”၊ “လူ့တန်ဖိုးမရှိတဲ့ကောင်တွေ”လို့တောင် ခေါ်ဆိုကြပါတယ်။

ဆန္ဒပြသူတွေက အကြိမ်များစွာ ပြောဆိုနေကြတာက သူတို့က ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေတယ်၊ ဒီအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စည်းမျဉ်းခံဘုရင်စနစ်ဘောင်ထဲမှာ ပိုလို့သန်စွမ်းတဲ့အနေအထားနဲ့ ရှိနိုင်လိမ့်မယ်လို့ ဆိုနေကြပါတယ်။ သူတို့ကိုယ်သူတို့ဘုရင်ဝါဒီတွေလို့ လက်ခံနေတုန်းပါပဲ။ များသောအားဖြင့်တော့ တစ်စုံလုံးအနေနဲ့ဆိုရင် သမ္မတဝါဒီစနစ် (Republicanism) ကို မြှင့်တင်နေကြသူများလို့လည်း ဆိုနိုင်ပါတယ်။

အစွန်းရောက် ဘုရင့်ဝါဒီတစ်ယောက်ဆိုရင် လူမှုမီဒီယာပေါ်မှာတက်ပြီး စစ်သွေးကြွသူတွေကို စည်းရုံးနေတာတောင် တွေ့ရပါတယ်။

ရည်ရွယ်ချက်ကတော့ ဘုရင့်လိုလားသူ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပြီး ဘုရင့်မိသားစုကို ရှေ့ကရပ် ကာကွယ်ပေးနိုင်အောင်၊ “အင်စတိကျူးရှင်းရဲ့ရန်သူများ”ကို သတ်ဖြတ်ဖို့လို့တောင် တောင်းဆိုပါတယ်။

အံ့ဩဖွယ်ဖြစ်နေတာက အမုန်းတရား၊ တစ်ယူသန်စိတ်၊ သတ်ဖြတ်ချင်စိတ် ဝါဒဖြန့်ချိရေးတွေကို လူထုအကြား၊ လူအများအကြားမှာ ဆောင်ရွက်ခွင့်ပြုထားတာပါ။

အခုလို အမုန်းတရားနဲ့ အကြမ်းဖက်ရေးကမ်ပိန်းတွေကို အစိုးရက ဘာဖြစ်လို့ ယခုတိုင်တစ်ခုခု မလုပ်သေးတာလဲ။ သူတို့က ဆန္ဒပြသူအများစုကို ဖမ်းဆီးတဲ့အခါ သူတို့က ဆူပူအောင်လှုံ့ဆော်မှုမှာ ပါဝင်ပတ်သက်ကြတယ်လို့ ဆိုကြပါတယ် မဟုတ်ပါလား။

အစွန်းရောက်ဝါဒက အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သမိုင်းက များစွာသင်ကြားခဲ့ပါပြီ။ အကယ်၍ အစိုးရက သူ့အလုပ်ကို ကောင်းကောင်းလုပ်မယ်ဆိုရင် အမုန်းတရားတွေကို ရပ်တန့်ဖို့ အလျင်အမြန် တုံပြန်ဆောင်ရွက်ရမှာပါ။

ဘုရင်လိုလားသူတွေနဲ့ သူတို့ကို ထောက်ခံသူတွေကလည်း အလားတူလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

နှစ်များစွာကြာမြင့်ပြီဖြစ်တဲ့ အင်စတိကျူးရှင်းအပေါ် ချစ်မေတ္တာနဲ့ သစ္စာရှိမှုကို လိုလားတာကောင်းပါတယ်။

ဒါပေမဲ့ မျက်ကန်းနဲ့ အရူးအမူး ကိုးကွယ်မှုကြောင့် သဘောထားကွဲလွဲမှုတွေကို အသိအမှတ်မပြုနိုင်တော့ပါဘူး။ နောက်ဆုံး အကြမ်းဖက်ချေမှုန်းဖို့ပါ ကြိုးပမ်းလာပါတယ်။ သတ်ပစ်ဖို့တောင်လုပ်ဆောင်လာပါတယ်။ ဒါဆိုရင်တော့ နာမည်ပျက် ဂုဏ်သရေမဲ့ရတာနဲ့ပဲ ကြုံရမှာပါ။

ဘုရင်စနစ်လိုလားသူတွေအနေနဲ့ သူတို့ယုံကြည်ကိုးကွယ်ရာ အင်စတိကျူးရှင်း အဖွဲ့အစည်းအပေါ် ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုကြတာ လိုလားတာ မဖြစ်သင့်ပါဘူး။

အကယ်၍ ဘုရင့်ဝါဒီတွေက ဘုရင်စနစ်ကို သူတို့ပြောသလို တကယ်ချစ်တယ်ဆိုရင် ဝေဖန်သူတွေကို ထိတွေ့ပြီး ဆွေးနွေးပြောဆိုသင့်ပါတယ်။ ဒါမှပဲ အကျိုးအကြောင်းကို သိရှိနိုင်မှာပါ။

ဘုရင့်ဝါဒီတွေက အခုဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံရဲ့ လူနည်းစုတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို အလေးထားစရာမလိုဘူးလို့လည်း ပြောနိုင်ပါတယ်။

အချို့သော သူတို့က နာမည်ဖျက်တာ၊ ခြိမ်းခြောက်တာ၊ ကြောက်အောင် အကြမ်းဖက်တာနဲ့ဆန္ဒပြသူတွေရဲ့ စိတ်ဓာတ်ကို ပျော့ညံ့သွားအောင် လုပ်ကောင်းလုပ်နိုင်တယ် ထင်ကြပါလိမ့်မယ်။ နောက်ဆုံး သူတို့တောင်းဆိုချက်တွေလည်း လေထဲလွင့်ပျောက်သွားလိမ့်မယ် ထင်နေနိုင်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က သက်သေအထောက်အထားတွေအရ ကျောင်းသားတွေခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေက မမျှော်လင့်ဘဲ ဖြစ်လာခဲ့ရတာပါ။ နိုင်ငံရေးပဋိပက္ခများရဲ့ ရှေ့တန်းကို မထင်မှတ်ဘဲ ဘုရင်စနစ်ရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်တဲ့ကိစ္စ ရောက်လာခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အရင်မကြုံခဲ့ရဖူးပါဘူး။

ဘုရင့်မိသားစု ကားတန်းကိစ္စ ဖြစ်ရပ်အပေါ် အစိုးရက အပြည့်အဝ ပွင့်လင်းမြင်သာ ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေတာကြောင့် အခြေအနေက ဆန္ဒပြသူတွေက ဘုရင့်မိဘုရား ကားတန်းကိုပိတ်ဆို့၊ အန္တရာယ်ပေးဖို့ဆိုတာမျိုး လုပ်ကြံဖော်ပြသလို ဖြစ်စေပါတယ်။ ထင်ရှားတဲ့ သက်သေအထောက်အထားတွေ မရှိတဲ့အခါ ပဋိပက္ခကိုပိုလို့ကြီးစေပါတယ်။

မနေ့က ဂျာမန်သံရုံးဆီကို ဆန္ဒပြသူများက ချီတက်သွားကြတဲ့အခါ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်က အမြစ်တွယ်နေပြီဆိုတာ ရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ဒါကို ဝါဒဖြန့်ချိမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ဖိနှိပ်ချိုးနှိမ်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။

အကယ်၍ ကျွန်တော်တို့က အမှောင်ခေတ်မှာ ရှိနေခဲ့ရင်တော့ လူတွေကို အာခံဆန့်ကျင်မှုနဲ့ပဲ မီးတင်ရှို့ခံရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမှောင်ခေတ်မှာ မဟုတ်ပါဘူး။ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို မေးခွန်းထုတ်တာဟာ နိုင်ငံသားအခွင့်အရေးတစ်ခုသာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အမြင့်မားဆုံးစိတ်ခံစားမှု ဖြစ်နေကြပါတယ်။ အထူးသဖြင့် အစွန်းရောက်ဘုရင့်ဝါဒီတွေမှာပါ။ သူတို့က အမုန်းတရား ပြန့်စေတဲ့ ကမ်ပိန်းတွေကို အသိအမှတ်ပြု ရပ်တန့်ဖို့လိုအပ်ပါတယ်။