မျှော်တလင့်လင့်

0
42

ညီညီဇေယျ ရေးသည်။

“ဘယ်လို…ကျုပ်တို့က အောင်လံအထိသွားပြီး မဲပေးရမယ်…ဟုတ်လား။ အိုတော် မသွားနိုင်ပါ ဘူး။ ဒီမယ်…အညာသူတော့ အညာသူ…ကိုယ့်ရွာကိုပဲ မဲပေးမယ်။ ဘယ့်နှယ် အောင်လံအထိ သွားပေးရမယ်လို့တော် ဟုတ်ပါ့မလား။ သူကြီးမင်းကို သွားမေးရဦးမှာပဲ”

(၁)

“ဟာ…အဲဒီလိုပြောတာမဟုတ်ဘူး မမိတင့်ရ… အောင်လံခိုင်ဖို့ မဲပေးစို့လို့ ပြောတာ ပါတီရဲ့ ရွေးကောက်ပွဲဆောင်ပုဒ်ဗျ။ အောင်မြင်မှုတွေ ဆက်လက်ခိုင်မြဲတည်တံ့စေဖို့ အခု ရွေးကောက်ပွဲမှာလည်း မဲဆက်ပေးကြပါလို့ ပြောတာဗျ။ ဘယ်အောင်လံမြို့မှ သွားစရာမလိုပါဘူးဗျာ။ သူကြီးမင်းကိုလည်း သွားမေးစရာမလိုပါဘူးဗျာ…သူကြီးမင်းလည်း မရှိသေးပါဘူးဗျ”

“ဒီမှာဖန်သဂျိုး ကိုဗစ်ရောဂါက တို့တစ်နယ်လုံး ပျံ့နေပြီကွ။ တို့ရွာတစ်ရွာပဲ လူနာ မတွေ့သေးတာ။ ခုကတည်းက ကာကွယ်ရေးတွေ ကြိုကြိုတင်တင်လုပ်ထားသင့်ပြီကွ”

“သိပါတယ်ဗျ…သူကြီးမင်းက ဘာမှအင်စထွတ်ရှင် ပေးမသွားဘူးဗျ။ ပြန်မလာသေးဘူး”

“ဟာ ဒီလိုအရေးကြီးတဲ့ အချိန်ကြီးမှာ ဘယ်သွားလို့ ပြန်မလာသေးတာတုန်း”

“ထုံးစံအတိုင်း သူ့ရွာကို သွားတာပေါ့ဗျာ”

ဟုတ်သည်။ သူကြီးမင်း ဦးစိန်ဖိုးကွန့်က စဆရက ရွာသူကြီးဆိုပေမယ့် ဇာတိက စဆရကရွာက မဟုတ်။ အရှေ့ဘက်နယ်ထဲက ရေလိုက်ငါးလိုက်ရွာဇာတိ ဖြစ်သည်။ သို့ဖြင့် ဘယ့်နှယ်စဆရကရွာမှာ သူကြီးရယ်လို့ လာဖြစ်နေရသတဲ့တုန်းဟု မေးစရာရှိသည်။ ဇာတ်လမ်းက သည်လို။

(၂)

မောင်စိန်ဖိုးကွန့်လေး လူပျိုပေါက်အရွယ်က စဆရကရွာက သူကြီးသမီးဆယ်လစ်ဘရစ်တီ ကွမ်းတောင်ကိုင်အပျိုချောလေး မြကြည်နှင့် ရက်လေးရှင်းရှစ် ချိတ်မိကြသည်။ အဲ သမီးရည်းစားဖြစ်ကြသည်ပေါ့ဗျာ။ ထိုအခါ ရေလိုက်ငါးလိုက်ရွာသား မောင်စိန်ဖိုးကွန့်လေးက ဘော်ဒါဘော်ကျွတ်တစ်သိုက်နှင့် စဆရကရွာဆီသို့ လူပျိုလှည့် လာလေ့ရှိသည်။ (ဆော်လာလာဝိုက်တယ်လို့ ပြောတာပါဗျာ) ထိုစဉ်က စဆရကရွာသူကြီးမှာ ဦးဖိုးတုတ်ဖြစ်သည်။ ဦးဖိုးတုတ်ကား ရွာကို ငြိမ်ဝပ်ပိပြားနေအောင် အုပ်ချုပ်နိုင်သူ ဖြစ်သည်။ ဟာ့ဒ်လိုင်နာခေါ် အမာသမားဟု ပြောရမည်။ ကိုင်တွယ်ပုံကြမ်းသည်။ ရွာထိပ်အမှောင်မှာ ရှူရှူးပေါက်နေသူတွေ့လျှင် မှောင်ရိပ်ခိုမှုဖြင့် ထိပ်တုံးကိုးရက်ခတ်ပစ်သည်။ အခြားရွာက ဆွေမျိုးဧည့်သည်တွေလာလို့ သူကြီးမင်း ဦးဖိုးတုတ်ကို ဝင်”မဂါ”လျှင် လက်ခံမိသောအမျိုးအိမ်က မတရားသင်းနဲ့ဆက်သွယ်မှုဟူသော စွဲချက်ဖြင့် ထိပ်တုံးတစ်လ ခတ်ခံရသည်။

“နောင်ကို သူကြီးမင်းအား မလေးမစားလုပ်ကြလျှင် ထိပ်တုံးဆိုသည်မှာ မိုးပေါ်ထောင် အဲလေ မြေပြင်ပေါ်မှ ာအလှပြထားမည့်ပစ္စည်း မဟုတ်ကြောင်း…”ဘာညာဆိုပြီးကြိမ်းမောင်းခြိမ်းခြောက်လိုက်သေးသည်။ ထို့ကြောင့် ဦးဖိုးတုတ်လက်ထက်မှာ စဆရကရွာ တစ်ရွာလုံးအထူးငြိမ်ဝပ်ပိပြားလျက် မည်သူတစ်စုံတစ်ဦးတစ်ယောက်ကမျှ အမြီးမမြှောက်ရဲ၊ အီးမပေါက်ရဲခဲ့ကြပေ။ “ဖိုးတုတ်တဲ့ မျိုးပြုတ်သွားမယ်”ဟူ၍ပင် ပြောစမှတ်တွင်ခဲ့ကြလေသည်။

ထိုသို့အခြေအနေတွင် မောင်စိန်ဖိုးကွန့်ကလေးက မိုက်ရူးရဲဘော်ဒါတစ်သိုက်နှင့် ဆော်လာဝိုက်ခြေလေပြီ။

“တို့သွားမယ့်လမ်း အနှောင့်အယှက်မှန်သမျှ အကုန်ရှင်းပစ်။ ကျန်တာငါရှင်းမယ်”

မောင်စိန်ဖိုးကွန့်တို့တစ်သိုက်ကလည်း ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းတွေမဟုတ်လား။

တစ်ညသားတော့ သူတို့ရွာ ထန်းတောက နေထွက်တာ နောက်ကျသည်။ လူတွေကလည်း သောက်တာများပြီး သွေးကြွနေကြပြီ။

“အတားအဆီး အခက်အခဲမှန်သမျှ ရှင်းပစ်မယ်။ မောင်ကြီးလာပြီ မမြကြည်ရေ …”

စဆရကရွာထိပ်ရောက်တော့ တော်တော်မှောင်နေပြီ။ ရွာထဲက လမ်းပေါ်ခွေးတစ်ကောင်ကြောင်တစ်မြီးမျှ မတွေ့ရတော့။

သူကြီးမင်းတို့အိမ် ရောက်လုပြီ။ ရွာရဲ့ ကွမ်းတောင်ကိုင် ဆယ်လီဘရစ်တီ မမြကြည်တို့အိမ်နား ရောက်လုပြီ။

“ဟေ့ ရှေ့ကဘယ်သူတွေလဲကွ”

“ဘာ ဘယ်သူတွေလဲကွတုန်း၊ မေးတဲ့ကောင် ဘာကောင်တုန်း၊ ဟေ့ကောင်တွေချ၊ အတားအဆီးမှန်သမျှ ရှင်းပစ်”

“ဟ…ဟ နေကြ”

“ဟာ…မနေဘူး။ ကျုပ်တို့ကိုတားဆီးရင် ရှင်းရမှပဲ။ ယား…ဖုန်း….ဘုန်း…အင့်”

“ဖုန်း”

“အောင်မယ်လေးဗျ”

“ဟဟ…ဟေ့ကောင်တွေ”

“ဟာ သူကြီးဦးဖိုးတုတ်”

ဇာတ်ပေါင်းသော် ရွာ၏လုံခြုံရေးအတွက် တစ်ယောက်တည်း ကင်းလှည့်နေတဲ့ သူကြီးဦးဖိုးတုတ်ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကြသော မောင်စိန်ဖိုးကွန့်တို့အားလုံး ထိပ်တုံး။

သူကြီးမင်းဦးဖိုးတုတ် မြို့ဆေးရုံမှ မဆငး်မချငး် ထိပ်တုံး။ ထိုအခါ ဆယ်လီဘရစ်တီ မမြကြည်လေးမှာ ထိပ်တုံးစိန်ဖိုးကွန့်ကို ကြီးစွာသော ကရုဏာတရား တဖွားဖွားဖြစ်လာသည့်အားလျော်စွာ ထိပ်တုံးသော့ကို ရှာဖွေလျက် သော့ဖွင့် လွှတ်ပေးလိုက်ရှာလေသော ဟူလေသည်။ မောင်စိန်ဖိုးကွန့်နှင့် အပေါင်းအပါများကိုသာ လွှတ်လိုက်သည်မဟုတ် သူကိုယ်တိုင် မောင်စိန်ဖိုးကွန့်နှင့်အတူ လိုက်ပြေးလေသောဟူလေသည်။ စဆရကရွာ သူကြီးမင်းဦးဖိုးတုတ်၏ တစ်ဦးတည်းသော ချစ်မငြီးသည့်မျက်ရှုသမီး ဆယ်လစ်ဘရစ်တီမမြကြည်တစ်ယောက် တစ်ရွာသားနောက် ကောက်ကောက်ပါခဲ့ချေပြီ။

အချုပ်ဆိုရသော် သူကြီးမငး်သားမက်ဖြစ်သွား၊ ထိုမှ အလိုအလျောက် စဆရကသူကြီး ဦးစိန်ဖိုးကွန့်ရယ်လို့ဖြစ်လာတာ မဟုတ်လား။

(၃)

ဦးစိန်ဖိုးကွန့်ကြီး သူကြီးဖြစ်လာတော့ စဆရကတစ်ရွာလုံး ပျော်ကြတာပေါ့။ အာဏာရှင် ဦးဖိုးတုတ်လက်အောက် တုပ်တုပ်မျှ မလှုပ်ဝံ့ရာကနေ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ် လွတ်လွတ်လပ်လပ် နေလာကြရပြီကိုး၊ သူကြီးမင်းဆိုသည်များ ရှိသည်ပင် မထင်ကြရ။ တချို့ သူကြီးမင်းဦးစိန်ဖိုးကွန့်အား မြင်တောင်မမြင်ဖူးကြရှာပေ။ သူကြီးမင်းက စိတ်သဘောထားကြီးမြင့်စွာ ဘယ်ကိစ္စမှ ဝင်မပါဘူး မဟုတ်လား။ လုပ်ရကိုင်ရ လွတ်လပ်လာကြပြီ။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲလာကြပြီ။ တချို့ဆို ဆယ်အိမ်မှူးမပြောနဲ့ ရာအိမ်မှူးလောက်ကိုတောင် မကျေနပ်ရင် အိမ်ရှေ့သွားဆဲနေကြပြီ မဟုတ်လား။

“ဗျို့ ဦးနိုးဝေ ခင်ဗျားဟာ ရာအိမ်မှူးဖြစ်ပြီး ထကြွလုံ့လနည်းတဲ့လူပဲ။ အခုကပ်ရောဂါကြီးဟာ ဒီတစ်နယ်လုံး ပြန့်နေပြီဗျ။ ကျုပ်တို့ရွာပဲ မကူးသေးတာရွာကို ကာကွယ်ရေးအစီအမံတွေ လုပ်သင့်ပြီဗျ”

“သူကြီးမင်း ပြန်မလာသေးလို့ပါဗျာ”

“ဟာ သူကြီးက ဘယ်သွားတာတုန်းဗျ”

“သူ့ဇာတိ ရေလိုက်ငါးလိုက်ရွာသွားတယ်”

“ဟာ…အရေးကြီးတဲ့အချိန်ဗျာ။ သူပြန်လာရင်လည်း ကွာရင်တင်းဝင်ခိုင်းကြဗျာ။ ဘာသွားလုပ်တာတုန်း”

“သူ့ဇာတိရွာကို ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကပ်ရောဂါကာကွယ်ရေးအစီအမံတွေ သွားလုပ်တာဆိုလား”

“ဟာဗျာ သူကြီးက ကိုယ်အုပ်ချုပ်ရတဲ့ရွာကိုတော့ ဘာမှစီမံမသွားဘဲဗျာ”

“ဟာ…ဟိုက သူ့ရွာ ဟ”

(၄)

စဆရကရွာထိပ်တွင် လူစည်ကားလျက်ရှိနေသည်။ ကပ်ရောဂါကာကွယ်ရေးအတွက် အဝင်၊ အထွက် စစ်ဆေးသောစခန်းလား၊ ကပ်ရောဂါကာကွယ်ရေး စီမံခန့်ခွဲမှုစခန်းလား။

အပူချိန်တိုင်း၊ လူဝင်၊ လူထွက်စစ်နေကြပြီလား။ အဲ့လိုမဟုတ်ပါ။ ကြည့်ရှုပါလော့။

ဆန္ဒပြပွဲကြီး မဟုတ်ပါလော။ ဆိုင်းဘုတ်များ ကိုင်ထားကြသော စဆရကရွာသားများ။

“ကိုယ့်ဇာတိသာ ပြန်ပါလေ”

“ဘယ်ရွာအတွက် သူကြီးလဲ”

စသောဆိုင်းဘုတ်များ ကိုင်လျက် စဆရကရွာသားများ ကလေးအစ ခွေးအဆုံး တစ်ရွာလုံးနီးနီး ရွာထိပ်ရောက်နေကြသည်။

သည်နေ့ စဆရကရွာသူကြီးမင်း သူ့ဇာတိ ရေလိုက်ငါးလိုက်ရွာကနေ ပြန်လာမယ်လို့ သတင်းရထားကြသည်မဟုတ်လား။

နံနက်ခင်း လင်းကြက်တွန်ချိန်ကတည်းက ရွာထိပ်ရောက်နေကြသည်။ ဆွမ်းခံပြန်ချိန်ကျော်၊ နေထန်းတစ်ဖျားကျော်လို့ ညနေတောင် စောင်းစပြုလာပြီ။ သူကြီးမင်းကား မပေါ်လာသေး။ ရွာသားများကတော့ ဆိုင်းဘုတ်များကိုင်လျက်…

“ကိုယ့်ဇာတိသာ ပြန်ပါလေ”

“ဘယ်ရွာအတွက် သူကြီးလဲ”

သူကြီးမင်းကား မပေါ်လာသေး။ လေးစားရပါသော စာဖတ်သူတို့ခင်ဗျား စဆရကသူကြီးမင်း ဦးစိန်ဖိုးကွန့်ကိုတွေ့လျှင် ရွာသူ၊ ရွာသားများက စောင့်မျှော်နေပါကြောင်း ပြောပြအကြောင်းကြားပေးကြစေလိုပါသည်။