မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့တဲ့ မြစ်ရေတင်စီမံကိန်းများ

0
2023

ထက်ဖြိုး ရေးသည်။

မြစ်ရေတင်စီမံကိန်းများ တည်ဆောက်ရခြင်း ရည်ရွယ်ချက်သည် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရန် ဖြစ်သည်။ သို့သော် ရည်ရွယ်ချက်အတိုင်း အပြည့်အဝဖြစ်မလာခဲ့ဘဲ ရေလုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိသော အခြေအနေ ဖြစ်ပေါ်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြစ်ရေတင်စီမံကိန်းပေါင်း ၃၃ ခုရှိပြီး ရေပေးဝေနိုင်ရန် အကျိုးပြု ရေသောက်ဧရိယာသတ်မှတ်စိစစ်ဧက ၆၀ဝ၀ဝ ခန့်ရှိသည်။

“ရေသောက်ဧရိယာ ခြောက်သောင်းလောက်ရှိတယ်။ တစ်နှစ်ကိုဧက သုံးသောင်းပဲပေးနိုင်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပြောသည်။

ထိုသို့ အကျိုးပြု သတ်မှတ်ရေသောက်ဧရိယာ၏ ထက်ဝက်ခန့်သာ ရေပေးဝေနိုင်ခြင်းကို ကြည့်လျှင် အဆိုပါမြစ်ရေတင်စီမံကိန်းများသည် ကျဆုံးခန်းနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။

“ဆောင်းရာသီ တစ်သီးပဲပေါ့။ နှမ်းပြီးရင် ပဲတစ်သီးပါပဲ။ အဲဒီတစ်သီးကိုရေလုံလုံလောက်လောက် ဘယ်သောအခါမှ ရခြင်းရယ်လို့ မရှိခဲ့ပါဘူး”ဟု ဘုတလင်မြို့နယ် တရော်တောကျေးရွာမှ ဦးဝင်းစိုးက ပြောသည်။

ဘုတလင်မြို့နယ်မှ ရေဘုတလင် (မြသိန်းတန်) မြစ်ရေတင်စီမံကိန်းသည် အကျိုးပြုရေသောက်ဧရိယာ ဧက ၁၈၀ သတ်မှတ်ထားသော်လည်း ယခုလက်ရှိအမှန်တကယ်ရေသောက်ဧကမှာ ဧက ၅၀ ပင် မပြည့်ကြောင်း မန်ကျည်းကန်ရွာမှ ဦးအောင်သန်းက ပြောသည်။

ရေဘုတလင်မြို့ မြစ်ရေတင်စီမံကိန်းသည်လည်း အကျိုးပြုရေသောက်ဧရိယာ ၅၅၀ဝ ကျော်သတ်မှတ်ထားသော်လည်း လျာထားဧကအတိုင်းအပြည့်အဝမရရှိကြောင်း ဘုတလင်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးအောင်ကျော်က ပြောသည်။

ချောင်းဦးမြို့နယ်တွင်လည်း မြစ်ရေ တင်စီမံကိန်း ၆ ခုရှိပြီး လေးခုမှာအဆင်ပြေသော်လည်း ကျန်နှစ်ခုမှာအောင်မြင်ခြင်းမရှိကြောင်း ချောင်းဦးမြို့နယ်အမတ် ဦးဝင်းမြင့်က ပြောသည်။

“အမြင့်မြစ်ရေတင်က မအောင်မြင်ဘူး။ အမြင့်မြစ်ရေတင်က တည်ဆောက်ပုံက စောစောကတည်းက မြောင်းတွေက ရေရောက်အောင်မပေးနိုင်ဘူး။ လုပ်ခဲ့စဉ်တည်းက အခြေမကျခဲ့တာပေါ့လေ။ တည်ဆောက်ပုံကအနိမ့်အမြင့်လယ်ဗယ်မချိန်ဘဲနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေဖြစ်နေတာ” ၎င်းကဆိုသည်။

စီမံကိန်းလေးခုမှာ အဆင်ပြေသည်ဆိုသော်လည်း သတ်မှတ်ရေသောက်ဧကအတိုင်း ရေအပြည့်အဝရရှိခြင်းမရှိပေ။

မြစ်ရေတင်စီမံကိန်းများသည် သတ်မှတ်အကျိုးပြုဧကအတိုင်း ရေလုံလောက်စွာ မပေးဝေနိုင်ခြင်းမှာ စီမံကိန်း စတင်တည်ဆောက်စဉ်ကတည်းက စနစ်တကျ တည်ဆောက်ခဲ့ခြင်းမရှိသောကြောင့် ဖြစ်သည်ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးသိန်းမြင့်က ဆိုသည်။

စစ်ကိုင်းတိုင်းရှိ တည်ဆောက်ပြီးသည့် မြစ်ရေတင်စီမံကိန်း ၃၃ ခုအနက် အများစုမှာ တပ်မတော်အစိုးရလက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သေချာကျနသော ရေပေးဝေရေး စနစ်များနှင့် မြောင်းတည်ဆောက်ပုံများ၊ အချက်အလက်ကောက်ယူမှု အားနည်းခဲ့ခြင်းများကြောင့် ရေအပြည့်အဝ မပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရေပေးလို့ရရင် ပြီးရောကွာဆိုပြီး ချခဲ့ကြတာ။ တချို့ကလည်း ရေပေးစနစ်တွေ မပြည့်စုံဘူး။ စက်အပေါစားတွေ သုံးခဲ့ရတယ်။ စက်တွေဆို တရုတ်စက်တွေ သုံးခဲ့ရတယ်။ တရုတ်စက်တွေကြ ခဏခဏပျက်တယ်”ဟု ဦးမြင့်သိန်းက ပြောသည်။

တည်ဆောက်မည့်နေရာနှင့် မိုင် ၃၀ ခန့်ဝေးသော လယ်ကို ရေပေးဝေချင်လျှင် ယင်းလယ်သို့ ရေရောက်ရှိရန် သတ်မှတ်မြောင်းအမြင့် ရှိရမည်ဖြစ်သော်လည်း သတ်မှတ်အမြင့် မရှိခြင်းများကြောင့် ရေမရောက်ခြင်းများလည်း ရှိသည်။

ထို့အပြင် ရေပေးဝေရေးမြောင်းများသည် အများစုမှာ မြေသားမြောင်းများဖြစ်သောကြောင့် တည်ဆောက်ပြီး ၂ နှစ်၊ ၃ နှစ်ခန့်ကြာလျှင် မြေပြိုခြင်း၊ မြောင်းပိတ်ခြင်းများဖြစ်ကာ ရေစီးမကောင်းတော့ပေ။

မြစ်ရေတင်စီမံကိန်းများသည် လျှပ်စစ်မြစ်ရေတင်များဖြစ်သည့်အလျောက် မီးအားနည်းမှုကလည်း ပြဿနာတစ်ခု ဖြစ်သည်။ မီးအားနည်းမှုကြောင့် တပ်ဆင်ထားသည့်စက်အားလုံး လည်ပတ်နိုင်ခြင်းမရှိသောကြောင့် ရေလွှတ်ပေးနိုင်မှု နည်းပါးရခြင်းလည်း ပါဝင်သည်။

“မီးအားနည်းတဲ့အခါကြတော့ စက်က လေးလုံးပဲ တင်နိုင်တယ်။ ၆ လုံး၊ ၇ လုံးလောက် တင်လို့ရတယ်။ အခုဟာက မရဘဲဖြစ်နေတာ”ဟု ဘုတလင်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးအောင်ကျော်က ပြောသည်။

ထိုသို့ မီးအားနည်းမှုကြောင့် စက်အားလုံး တင်မပေးနိုင်သော်လည်း တင်ပေးသလောက် တောင်သူများအညီအမျှမရရှိခြင်းများလည်း ရှိပြန်သည်။ စီမံကိန်းမှ တင်ပေးလိုက်သောရေများသည် စီမံကိန်းနှင့်နီးသောမြောငး်အထက်ပိုင်းမှ တောင်သူများသာ ရေရရှိနေပြီး မြောင်းအောက်ပိုင်းမှ တောင်သူများမှာ ရေမရရှိကြပေ။

မြောင်းအထက်ပိုင်းမှ တောင်သူများသည် မိမိလယ်ယာရေ အလုံအလောက်ရရှိရေးအတွက် မြောင်းများပိတ်ဆို့ကာ ရေယူကြသည်။ ထိုသို့မြောင်းပိတ် လုပ်ဆောင်နေကြသော်လညး် မြစ်ရေတင်မှ တာဝန်ရှိသူများက ဖြေရှင်းမပေးခြင်းမှာ ငွေယူထားသောကြောင့်ဖြစ်သည်ဟု တောင်သူများကဆိုသည်။

“ငွေရေးကြေးရေး ပေးနိုင်တဲ့သူတွေအတွက်သာလျှင် ရေက သူတို့အတွက်ဦးစားပေးသလို စနစ်ဖြစ်နေတယ်” ဟု ဘုတလင်မြို့နယ် တရော်တောရွာမှတောင်သူ ဦးဝင်းစိုးက ပြောသည်။

ယင်းကဲ့သို့ ရေမရရှိမှုများကြောင့် တောင်သူများသည် လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက်ပြောဆို တိုင်ကြားမှုများလည်း ရှိသည်။

“မြစ်ရေတင်က AE တွေက ငွေပေးငွေယူလုပ်ပြီး ရေပေးနေတဲ့အတွက် ကျွန်တော့်ဆီ လာတိုင်တဲ့သူတွေ အတော်များများ ရှိတယ်။ မနက်က(စက်တင်ဘာ ၅ရက်)ကို ရေမရလို့ လာတိုင်ကြတယ်”ဟု ဘုတလင်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးအောင်ကျော်က ပြောသည်။

တဖက်တွင်လည်း တောင်သူများမှ ရေခွန်ကြွေးကျန်များရှိနေပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ ရေခွန်ကြွေးကျန်ငွေ ကျပ်သန်း ၁၆၀ဝ၀ ကျော်ရှိသည်။

အဆိုပါမြစ်ရေတင်စီမံကိန်းများ တည်ဆောက်စဉ်က မြောင်းဖောက်လုပ်ရာတွင် တောင်သူများ၏ လယ်ယာမြေများဆုံးရှုံးထားပြီး မြစ်ရေတင်စီမံကိန်းသည် ရေမပေးနိုင်သည့်အတွက်ဆုံးရှုံးမှုနှင့် မကာမိဘူးဟု တောင်သူ ဦးအောင်သန်းက ပြောသည်။

ရေဘုတလင် မြစ်ရေတင်စီမံကိန်းသည် ဆုံးရှုံးမှုများနေသည့်အတွက်၂၀၁၄-၂၀၁၅ ခုနှစ်က ဖျက်သိမ်းမည်ဟုဆိုခဲ့သော်လည်း မဖျက်သိမ်းဖြစ်ကြောင်း ဘုတင်လင်မြို့နယ်အမတ် ဦးအောင်ကျော်က ပြောသည်။

အရည်အသွေးမမီသည့် မြစ်ရေတင်စီမံကိန်းများအတွက် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခြင်းဖြစ်သော်လည်း ပြင်ထိန်းစရိတ်အတွက် ဘတ်ဂျက်အကန့်အသတ်များ ရှိနေသည်ဟု ဒုညွှန်ကြားရေးမှူး ဦးသိန်းမြင့်ကပြောသည်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးတွင် တောင်သူများရေရှိရေး မြစ်ရေတင်စီမံကိန်း ဆောက်လုပ်နေဆဲစီမံကိန်း ၅ ခုရှိပြီး ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ခင်ဦးနှင့် ကနီမြို့နယ်တို့တွင် ဖြစ်သည်။ ထိုစီမံကိန်း ၅ ခုမှ တောင်သူများအတွက် အကျိုးပြုရေသောက်ဧက ၂၀ဝ၀ ကျော်သတ်မှတ်ထားသည်။

ကနီမြို့နယ်ရှိ နတ်ကြီးမြစ်ရေတင်စီမံကိန်းသည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ၂ နှစ်ခွဲဆောက်လုပ်နေပြီး အကျိုးပြုရေသောက်ဧရိယာ ဧက ၅၀ဝ သတ်မှတ်ထားသည်။ စီမံကိန်းကုန်ကျစရိတ်မှာကျပ်သိန်းပေါင်း ၃၀ဝ၀ဝ လျာထားသည်။

လက်ရှိအချိန်တွင် မြစ်ရေတင်စီမံကိန်း ဆောက်လုပ်ရန် တစ်ဧကကုန်ကျစရိတ်မှာ သိန်း ၄၀ ခန့်ကုန်ကျသည်ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပြောသည်။

ဆောက်လုပ်ပြီးစီးခဲ့သော မြစ်ရေတင်စီမံကိန်းများသည် အရှုံးနှင့်ရင်ဆိုင်နေရပြီး တောင်သူများအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးသလို အစိုးရအတွက်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်။

ယခုကာလသည် ရာသီဥတုများ ပြောင်းလဲခြင်းများကြောင့် တောင်သူများသည် စိုက်ပျိုးရေလိုအပ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါစီမံကိန်းများသည် တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပါမည်လားဆိုသည်မှာ စိုးရိမ်စရာ အခြေအနေလည်း ဖြစ်နေသည်။

ယခင် တည်ဆောက်ပြီးခဲ့သော မြစ်ရေတင်စီမံကိန်းများသည် တည်ဆောက်စဉ်ကတည်းက စံချိန်စံညွှန်းမပြည့်မီမှုများ၊ ပြန်လည်ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုများနှင့် ဌာနဆိုင်ရာတို့၏ ဘက်လိုက်မှုများကြောင့် တောင်သူများမှာ မျှော်မှန်ထားသလောက် ရေရရှိခြင်းမရှိခဲ့ပေ။

“တချို့ဆိုလို့ရှိရင် ဒီတိုင်းစိုက်ပြီးသားသီးနှံတွေ ငုတ်တုပ်ခြောက်သေခဲ့ရတာတွေရှိတယ်”ဟု ဦးဝင်းစိုးကပြောသည်။