မြင်းမူတိုးဂိတ် ဖယ်ရှားပေးဖို့ ဒေသခံအချို့ တောင်းဆို

0
152
Image may contain: one or more people, crowd and outdoor
မုံရွာ-စစ်ကိုင်း ကားလမ်းပိုင်းလမ်းအသုံးပြုခကို ရွှေတောင်ဟိုင်းဝေးကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

မြင်းမူမြို့တွင်း ကျရောက်နေတဲ့ မုံရွာ-မန္တလေးလမ်းပေါ်က လမ်းအသုံးပြုခကောက်ခံရေး တိုးဂိတ်ကို ဖယ်ရှားပေးဖို့ ဒေသခံအချို့က တိုးဂိတ်ရှေ့မှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၂မိုင်၊၃မိုင်လောက်သာ သုံးတဲ့ ဒေသခံကားတွေဟာလည်း မုံရွာ၊မန္တလေး ကြေး အတိုင်း ဖြတ်သန်းခပေးနေရတာကြောင့် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“၂မိုင်လောက် သွားတာကို မိုင် ၃၀ ကျော်ဖိုးပေးရတယ်။ဘီးပေါက်လို့ ဘီးပြန်ဖာလည်း ပေးရတယ်။ရွာကားပါ ပြောလည်း မရဘူး “ဟု မြင်းမူမြို့နယ် ထိန်ကန်ရွာမှ ဦးတင်မိုးက ပြောပါတယ်။

တိုးဂိတ်ရှေ့မှာ လူဦးရေ ၁၀၀ခန့်၊ကားအစီး ၅၀ ခန့်နဲ့ လာရောက်တောင်းဆိုကြတာ ဖြစ်ပါတယ်။ မြို့ကို နှစ်ခြမ်းခွဲထားသလိုဖြစ်ပြီး ရွာကားတွေလည်း တိုးဂိတ်ဖြတ်သန်းခ ပေးနေရတာကြောင့် ကုန်စည်ဈေးတွေပါ မြင့်တက်လို့ ဒေသခံတွေပဲ နစ်နာနေတယ်လို့ ဆိုကြပါတယ်။

မုံရွာ – စစ်ကိုင်း ကားလမ်းပိုင်းမှာ ၇၂ မိုင်အတွင်း တိုးဂိတ် ၃ ဂိတ်ဖြစ်နေတာကြောင့် လမ်းမိုင်အလယ်မှာရှိတဲ့မြင်းမူ တိုးဂိတ်ကို မြို့ဖွံ့ဖြိုးရေး အဟန့်အတားဖြစ်နေလို့ ပယ်ဖျက်သင့်ကြောင်း အဆိုကို မြင်းမူလွှတ်တော်အမတ် ဒေါ်နီလာလွင်က စစ်ကိုင်းတိုင်းလွှတ်တော်မှာ တင်သွင်းခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီအဆို ဟာ အတည်မဖြစ်ခဲ့ပဲ မှတ်တမ်းသာတင်ခံခဲ့ရပါတယ်။ မုံရွာ-စစ်ကိုင်း ကားလမ်းပိုင်းလမ်းအသုံးပြုခတွေကို ရွှေတောင်ဟိုင်းဝေးကုမ္ပဏီက ဘီအိုတီစနစ်နဲ့ကောက်ခံနေတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here