မြစ်ချင်းတွင်းကို ဂရုစိုက်ပါ

0
246
Aerial view a woman using a retro typewriter

လက်ရှိမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာခဲ့သော အတိတ်သမိုင်းကြောင်းတွင် မြစ်ဝှမ်းဒေသများသည် အရေးပါခဲ့သည်။ သမိုင်းတင်ပြီးနောက် အနော်ရထာခေတ်မှ အစပြု၍ ဧရာဝတီမြစ်ဝှမ်းဒေသသည် ထင်ထင်ရှားရှား အရေးပါလာသကဲ့သို့ ရှိသော်လည်း သမိုင်းမတင်မီ အထောက်အထားအချို့တွင် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ အင်ပါယာကြီးများသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေခဲ့ကြောင်း ရှေးဟောင်းသုတေသီတို့က ဖော်ပြနိုင်ခဲ့သည်။

ထို့အတွက် ချင်းတွင်းမြစ်ဝှမ်းသမိုင်းကြောင်းသည်လည်း မြန်မာ့သမိုင်းတွင် ထင်ရှားလာတော့မည်ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့သည် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် သမိုင်းမတင်မီကပင် ကျင်လည်ခဲ့ကြကြောင်းကိုလည်း သက်သေပြနိုင်တော့မည်ဖြစ်သည်။

ထိုသို့အရေးပါလာသော ချင်းတွင်းမြစ်ဝှမ်းတကြောသည် ယခုအခါတွင်တော့ ကျိန်စာအချို့နှင့် ရင်ဆိုင်နေရသည်။ ရာသီဥတု ဖောက်ပြန်ခြင်းများ၊ ရေအရင်းအမြစ် ညစ်ညမ်းခြင်းများ၊ တောပြုန်း၊ တောင်ပြိုခြင်းများ စသည့် သဘာဝဘေးတို့ ရင်ဆိုင်နေရသည်။ ယခုလက်ရှိပင်လျှင် ရေဝင်ဒေသများသို့ ရေမဝင်၊ ရေမဝင်သင့်သော ဒေသများသို့ ရေဝင် အစရှိသဖြင့် ပြောင်းလဲမှုအချို့ကို ဒေသခံ ချင်းတွင်းမြစ်ဝှမ်းသားတို့ ခါးစည်းခံနေကြရသည်။ အဆိုပါ ဖောက်ပြန်မှုများသည် ချင်းတွင်းမြစ်ဝှမ်းသားတို့ ကြောင့်မဟုတ်သလို သဘာဝတရားကြောင့်လည်း မဟုတ်ပါ။ လူတစ်စုတစ်ဖွဲ့ကောငး် စားရေးအတွက် မြေပေါ်ရေပေါ် သယံဇာတများကို လွန်ကဲစွာ ထုတ်ယူကြသူများကြောင့်သာ ဖြစ်သည်။

ထိုကဲ့သို့ တစ်စုတစ်ဖွဲ့ လုပ်ရပ်၏ သက်ရောက်မှုတွင် အပြစ်မရှိသော ချင်းတွင်းမြစ်ဝှမ်းဒေသခံတို့ ခံစားနေရသည်မှာ တရားပါ၏လော။ အဆိုပါ တစ်စုတစ်ဖွဲ့သည် ချင်းတွင်းမြစ်တဝိုက် လိုရာရယူပြီးလျှင် အကျိုးအမြတ်များစွာ ရရှိကာပြန်သွားရမည် ဖြစ်သော်လည်း ချင်းတွင်းဒေသခံတို့မှာတော့ အကျိုးဆက်ဘေးကို ပြင်းထန်စွာခံစားရမည်ဆိုသော အဖြစ်သည် သင့်တင်ပါလော မေးစရာရှိလာသည်။ အဆိုပါ တစ်စုတစ်ဖွဲ့သည် ချင်းတွင်းမြစ်ဝှမ်း ထိန်းသိမ်းရေးကိုရော အဘယ်မျှအထိ လုပ်ဆောင်ပေးသနည်း။ ချင်းတွင်းမြစ်၏ သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာအောင် မည်သို့ ဆောင်ရွက်ပေးမည်နည်း ဟူသော မေးခွန်းများကိုလည်း ဒေသခံတို့ မေးခွန်းထုတ်လာကြသည်။

မခြွင်းမချန်ပြောရလျှင်တော့ ခေတ်အဆက်ဆက် အစိုးရတို့၏ လိုအပ်ချက်ဟုဆိုလျှင်လည်း မှားမည်မထင်ပေ။ ပေါ်ပေါ်တင်တင်သော်လည်းကောင်း မသိချင်ယောင်ဆောင်ခြင်း နည်းဖြင့်သော်လည်းကောင်း ခွင့်ပြုခဲ့ကြသည်မှာ ချင်းတွင်းမြစ်၏ အခြေအနေကို ပိုမိုဆိုရွားစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်မှ အစပြု၍ ချင်းတွင်းမြစ်ကြီး၏ ကျန်းမာရေးကို ဂရုစိုက်သင့်ပေပြီ။ ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့ကာ သမိုင်းသစ်များစွာ ဆက်လက် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ချင်းတွင်းမြစ်အပေါ်မှ အကျိုးအမြတ် ထုတ်ယူနေသူများ၊ ဒေသခံများ သုံးဦးသုံးဖလှယ် သဘောတူညီချက်များ ရယူကာ မဟာဗျူဟာများ စနစ်တကျ ရေးဆွဲဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here