ယင်းမာပင်တွင် မီးသတ်ဦးစီးမှူးကို ဒုဦးစီးမှ ဓားဖြင့်ထိုး

0
113

မုံရွာဂေဇက်
မုံရွာ၊ မတ် – ၈

ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ယနေ့နံနက် ၇ နာရီ​ကျော်က မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုးကို မြို့နယ်ဒုဦးစီး ဦးဝင်းကျော်ထွန်းက ဓားဖြင့်ထိုးခဲ့ရာ သေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

သေဆုံးသူသည် ဆားလင်းကြီးမြို့နယ်မှ မီးသတ်ဦးစီးမှူးဖြစ်ပြီး အလုပ်တာဝန်ဖြင့် ယင်းမာပင်မြို့နယ်သို့ ရောက်ရှိနေရာ မြို့နယ်မီးသတ်စခန်း အဝင်ဂိတ်အနီးတွင် ဓားဖြင့် ၅ ချက် ထိုးခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတည်းက အတူတူတာဝန်ထမ်းဆောင်ကတည်းက လုပ်ငန်းတာဝန်ပိုင်းတွေနဲ့ပတ်သတ်ပြီး အဆင်မပြေမှုတွေရှိတယ်။ အရင်ကတည်းက အဆင်မပြေတော့ အမြင်တွေလွဲပြီး အခုလိုဖြစ်သွားတာပါ” ဟု ယင်းမာပင်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်က ပြောသည်။

ဓားထိုးခံရသူကို မုံရွာသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီး ၁၀ နာရီခန့်တွင် ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်များက ဦးဝင်းကျော်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ယင်းမာပင်မြို့မစခန်းတွင် အမှုဖွင့်ထားသည်။