ယန်စီကုမ္ပဏီ ကြေးနီသတ္ထုသိုက် တိုးချဲ့စမ်းသပ် ရှာဖွေခွင့်ရရန် ဝန်ကြီးများ ဒေသခံများထံ လာရောက်ညှိနှိုင်း

0
272

ချင်းတွင်းမြစ် အနောက်ဖက်ကမ်းယင်းမာပင်ခရိုင် ဝါးစိမ်းတောင် ဒေသကို ကြေးနီနှင့်ဆက်စပ်သတ္တု စမ်းသပ်
ရှာဖွေခွင့် ရရန်ယန်စီကုမ္ပဏီမှလျှောက်ထားမှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူလုထု၏ သဘော
ထားကို ဒေသခံရွာအထိ ဆင်းပြီးတွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ကြသည်။


ဆွေးနွေးပွဲကို အိုးဘိုကျေးရွာတွင်ဇူလိုင်လ ၃ ရက်က ပြုလုပ်ခဲ့ရာ တောင်ပုအုပ်စုမှ တရော်ကျင်း၊ အိုးဘို၊ကျောက်ဗြုတ်၊ သပြေအေး ရွာမှဒေသခံ ၃၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။


စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး စသည့်သုံးဦးအပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတ္တုတွင်းဌာနမှ အကြီးအကဲများလည်း ယန်စီကုမ္ပဏီ၏ လုပ်ငန်းလုပ်ကိုင်မည့် အနေအထားများကို လာရောက်ရှင်းပြခဲ့ခြင်းဖြစ်သည်။


“တိုင်းအဖွဲ့ကို သဘောထားတောင်းတယ်ဆိုကတည်းက ပြည်ထောင်စုမှာသဘောတူထားလို့လို့ ထင်ပါတယ်။
ဒေသခံတွေ လက်ခံလိုက်မယ်ဆိုရင်အလုပ်အကိုင် အခွင့်အလမ်းလည်းရှိမယ်၊ ဒေသလည်း ဖွံ့ဖြိုးလာမှာပါ”ဟု
အဆိုပါ တွေ့ဆုံပွဲတွင် လုံ/နယ်ဝန်ကြီးက ဒေသခံများကို ပြောသည်။


စမ်းသပ်ရှာဖွေခွင့်ပြုခြင်းသည်တူးဖော်လုပ်ကိုင်ခွင့် ပေးခြင်းသဘောမဟုတ်ဘဲ တူးဖော်လုပ်ကိုင်ရန် ဖြစ်တန် စွမ်းကိုသာ စမ်းသပ်မည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီအား တူးဖော်ခွင့်ပေးလိုက်ခြင်း မဟုတ်သေးကြောင်း တိုင်းသတ္တုတွင်းညွှန်မှူး ဦးအောင်နိုင်ကရှင်းပြသည်။


ဒေသခံများအနေဖြင့်မူ စမ်းသပ်ရှာဖွေခွင့်ပြုလိုက်ပြီး တွေ့ရှိပါက တူးဖော်တော့မည်ဖြစ်သဖြင့် ရှာဖွေခွင့်ကိုပင် သဘောမတူကြောင်း တက်ရောက်လာသူများက တညီတညွှတ်တည်း ပြောဆိုကြသည်။


“ဝါးစိမ်းတောင်က တောင်ပုအုပ်စုရဲ့ အသက်သွေးကြောပါ။ ဒေသဘယ်လိုတိုးတက် ပါမယ်ပြောလည်း တိုးတက်မှုထက် တောင်ကို နှမြောတာကပိုပါတယ်” ဟု အိုးဘိုကျေးရွာမှ ဦးမြင့်ဌေးက ပြောသည်။


အဆိုပါပွဲကို အိုးဘိုရွာဦးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဓမ္မာရုံရှေ့တွင် “ဝန်ကြီးများသည် ယန်စီ၏
ကိုယ်စားလှယ် ဖြစ်သည်”
ဟူသည့်ဆိုင်းဘုတ် ထောင်ထားကြသည်။


“အခုချိန်မှာ ရွာသားတွေအနေနဲ့ကဒါကို လုပ်ကိုင်ခွင့်ပေးဖို့ အစိုးရကိုရော၊ ကုမ္ပဏီကိုရော ယုံကြည်မှုမရှိသေးပါဘူး။ ဖွံ့ဖြိုးမှုတွေထက် တောင်ပျောက်သွားပြီး ရာသီဥတု ဖောက်ပြန်သွားမှာကိုပဲ စိုးရိမ်တဲ့ အနေအထားရှိတယ်” ဟု ဦးမြင့်ဌေးက ဆက်ပြောသည်။


အဆိုပါ တွေ့ဆုံပွဲသည် လူထုသဘောထား လာရောက်တောင်းခံနေသည်နှင့်မတူဘဲ လူထုကိုလာရောက်စည်းရုံးသိမ်း သွင်းနေသည်နှင့် တူသည်ဟု ယင်းမာပင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီကဝေဖန်ပြောဆိုသည်။တွေ့ဆုံပွဲ ၂နာရီခန့်အကြာ၊ဒေသခံ၄ ဦးခန့် ဆွေးနွေးအပြီးတွင် ယင်းမာပင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ထပ်မံဆွေးနွေးလျှင်လည်း ဒေသခံများက သဘောမတူကြောင်းသာ ပြောကြားမည်ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ပြောသည်။

တက်ရောက်လာသည့် ဒေသခံအားလုံးက “ယန်စီကုမ္ပဏီမှ ဓာတ်သတ္ထုစမ်းသပ်ရှာဖွေခြင်းကို သဘောတူဖို့ ဆန္ဒမရှိပါ” ဟု သုံးကြိမ်အော်ကာတွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြသည်။


ယန်စီကုမ္ပဏီ လျှောက်ထားသောနယ်မြေတွင် ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ရွာ ၁၂၀၊ အိမ်ခြေ ၁၆၈၄၈၊ လူဦးရေ
၈၃၄၅၅ ဦး၊ စာသင်ကျောင်း ၈၆ကျောင်း၊ ဘုန်းကြီးကျောင်း ၁၃၉ကျောင်းရှိသည်။


လျောက်ထား ဧရိယာအတွင်းကွင်းပေါင်း ၁၇၈ ကွင်းဖြစ်၍ စိုက်ပျိုးမြေ၊ လမ်းမြေ၊ ဆည်မြောင်း တာတမံမြေ၊ မြစ်ချောင်း နှင့် ရေအောက်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ့မြေ၊ သုသာန်မြေ၊ စက်ရုံမြေမှာ ၈၄၈၄၆ ဧကနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၇၄၆၅ ဧက၊ မြေရိုင်း/တောရိုင်းမြေ ၁၁၃၂၅ ဧက၊ အခြားမြေ ၉၃၄၆ ဧကတို့ဖြစ်သည်။


စမ်းသပ်ရာတွင် လွန်တူးတိုင်းတာမှုဖြင့်သာ ဆောင်ရွက်သဖြင့် သတ္ထုတူး ခြင်းမရှိသောကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ကြောင်း၊ ဒေသခံများအလုပ်ရ၍ နိုင်ငံတော်မှလည်းပုံသေမြေငှားခရကြောင်း၊ စမ်းသပ်မှုကို ၄ နှစ်အချိန်ယူသွားမည်ဖြစ်ကြောင်း ဖြစ်မြောက်နိုင်စွမ်းရှိမှ နိုင်ငံတော်နှင့်အကျိုးအမြတ်ခွဲဝေမှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


“အဲဒီဧရိယာအတွင်းမှာ ဝါးစိမ်းတောင်ခြေရှိ မြေယာများအား လုပ်ကိုင်စားသောက်နေကြပေမယ့် ပုံစံ၇ မရှိသေးတာ ၂၀၁၄ခုနှစ်ကတည်းကအစိုးရဆီအကြိမ်ကြိမ်တောင်းနေတယ်၊ ဒါကို မစဥး်စားဘဲ ယန်စီကုမ္ပဏီအတွက်စဉ်းစားပေးရင် မဖြစ်သင့်ပါဘူး၊ စမ်းသပ်ခွင့် ပြုလုပ်မယ်ဆိုရင် သတ္ထုတူးဖော်ချိန်မှာ ပြည်သူပေါင်းများစွာအတိဒုက္ခရောက်မှာပါ” ဟု ဒေါ်အောင်မေရီက ပြောသည်။


လျှောက်ထားမြေ တစ်သိန်းကျော်တွင် ဧက ၂၈၁၃၆ ဧကို ပထမ အဆင့်အနေဖြင့် ကြေးနီနှင့်ဆက်စပ်သတ္ထုရှာဖွေရေး စပ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်ရန် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ကန့်ကွက်ရန်မရှိ သဘောထားပေးသင့်ကြောင်း စိစစ်တွေ့ရှိထားသည်ဟု တိုင်းအစိုးရမှပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here