ရန်ကုန်မှ ကောလင်း ပြန်လာသူတွင် ပိုးတွေ့

0
4285

မောင်စိန်ချို
ပင်လည်ဘူး၊ စက်တင်ဘာ- ၁၃

ရန်ကုန်မှ ကောလင်းမြို့သို့ ပြန်လာသူတစ်ဦးတွင် COVID-19 ပိုးတွေ့ကြောင်း ကောလင်း COVID-19 ရောဂါထိန်းချုပ်ရေးကော်မတီပြန်ကြားရေးထံက သိရသည်။

ကောလင်းမြို့နယ် ပဒုမ္မာကျေးရွာနေ အသက်၂၈ နှစ်ရှိအမျိုးသားသည် ကောလင်းမြို့သို့ စက်တင်ဘာ ၄ ရက်က ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ ပိုးတွေ့လူနာ Case- 2253 နှင့် ထိတွေ့ခဲ့သူ ဖြစ်သည်။

အဆိုပါ အမျိုးသားကို ပဒုမ္မာကျေးရွာ ကလေးပျော်ကျောင်းတွင် ကွာရန်တင်းဝင်နေစဉ် (Swab)နှ​ာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“သူက လမ်းမှာလည်း Mask တစ်ခါမှ မချွတ်ခဲ့ဘူးတဲ့။ ရွာမှာလည်း မိသားစုနှင့် အထိတွေ့မရှိဘဲ သူ့အသိစိတ်နဲ့သူ Q(ကွာရန်တင်း) ဝင်ခဲ့တာဆိုတော့ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး”ဟု ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောသည်။

ရန်ကုန်မှ မန္တလေးသို့ ပြန်လာရာတွင် မန္တလေး-ကောလင်း အောင်ရတနာ ကားစီးခဲ့ပြီး မိသားစုနှင့်လည်း ထိတွေ့မှုမရှိဘဲ ကောလင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတချို့နှင့်သာ ထိတွေ့မှုရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ကောလင်းပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းတချို့ကိုလည်း Q ဝင်စေပြီး Swabယူ စစ်ဆေးသွားမည်ဟု သိရသည်။

ပိုးတွေ့လူနာကို ကောလင်းပြည်သူ့ဆေးရုံတွင် သီးသန့်အခန်းဖြင့် ဆေးကုသမှုပေးနေပြီး ခရီးသွားမှတ်တမ်းများအား အသေးစိတ် ထုတ်ပြန်​ပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောဆိုထားသည်။