ရုံးတက်ခဲ့ရတဲ့ ရွှေရောင်နေ့ရက်များ ကုန်ဆုံးချိန်

0
73

သက်ဆွေအေး ရေးသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ လောက်က ရေနွေးငွေ့အင်ဂျင်တွေ ပေါ်လာချိန်မှာ အလုပ်သမားတွေကို စက်ရုံတွေဆီ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ ၁၉ ရာစု နှောင်းပိုင်းမှာတော့ ကော်ပိုရိပ်လို့ခေါ်တဲ့ ကုမ္ပဏီအကြီးတွေ ပေါ်လာရာက စီမံခန့်ခွဲခြင်းအစ သန့်ရှင်းရေးအထိ ရုံးလုပ်ငန်းတွေ တွင်ကျယ်လာပါတယ်။

စာရွက်အခြေခံတဲ့ ရုံးလုပ်ငန်းတွေလို့ ဆိုရမှာပါ။ ယနေ့အချိန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လူတွေကို အိမ်တွေထဲ ပြန်ရောက်သွားစေခဲ့ပါတယ်။ ရုံးလုပ်ငန်းဆိုတာ ရုံးသွားလုပ်နေရင် ခေတ်မမီတော့တဲ့အထိ ဖြစ်လာတယ် ပြောရမလားပါပဲ။ ကိုဗစ်ကာလမှာ အိမ်မှာနေရင်း အလုပ်လုပ်ဖို့ ဖြစ်လာပါတော့တယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခေါင်းဆောင်တွေ၊ အစိုးရတွေ၊ လုပ်သားတွေမှာလည်း မသေချာမရေရာတဲ့ စီးပွားရေးနဲ့ ကပ်ဘေးယှဉ်တွဲနေတော့ ရုံးကိုပြန်ခေါ်ရမလားဆိုတာ စဉ်းစားစရာတွေဖြစ်လာပါတယ်။ ပြင်သစ်နိုင်ငံက ရုံးလုပ်သား ၈၄ ရာခိုင်နှုန်းလောက်ကတော့ ရုံးတွေဆီ ပြန်ရောက်လာတယ်ဆိုပါတယ်။ အင်္ဂလန်ကတော့ ရုံးတွေဆီပြန်ရောက်လာတဲ့ ဝန်ထမ်းအရေအတွက်ဟာ ၄၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။ တွစ်တာရဲ့ ဦးဆောင်သူပြောတာက သူ့ဝန်ထမ်းတွေဟာ တစ်သက်လုံး အိမ်ကနေတောင် အလုပ်လုပ်ချင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ တချို့သောဝန်ထမ်းတွေကတော့ ဒီဖြစ်စဉ် ကပ်ဘေးကနေပြီးတော့ အိမ်ကနေပဲ အလုပ်လုပ်ရတော့မှာကိုသိပ်သဘောကျကြပါတယ်။ ရုံးသွားစရာမလိုဘဲအိမ်ကိုလည်း စောင့်ရှောက်နိုင်မယ်လို့ ပြောပြီး၊တချို့ကတော့ ရာထူးတိုးတာတွေ၊ လစာတွေ၊ အလုပ်ခွင်လုံခြုံမှုတွေ ဆုံးရှုံးသွားနိုင်တယ်လို့မြင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးသာတွေ့ရင် အရင်လိုပြန်ဖြစ်သွားမှာလို့ မြင်သူလည်းရှိပါတယ်။ ဒါပေမဲ့ခုလည်ပတ်နေတဲ့ ရုံးလုပ်ငန်းတွေဆိုတာ အများစုက ၂၀ ရာစုရဲ့ အကြွင်းအကျန် အဟောင်းအနွမ်းမို့ ကော်လာဖြူတွေအတွက်က နည်းပညာသုံးရင်း အများစုက ပြောင်းလဲသွားမှာပါလို့ ဆိုကြပါတယ်။ အခု အများကြုံနေရတဲ့ ကိုဗစ်ကပ်ဘေးကြောင့်နည်းပညာနဲ့ လူမှုအပြောင်းအလဲ ဖြစ်စရာတွေမဖြစ်သေးတာလည်း ပြောင်းလဲရင်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်မဟုတ်တောင် ရုံးလုပ်ငန်းတွေအတွက် ထိုးနှက်ချက်ကြီးမားနိုင်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေမှာဆိုရင် ကုမ္ပဏီယဉ်ကျေးမှုကို ခြိမ်းခြောက်လာနိုင်သလို စီမံမှုပုံစံ အပြောင်းအလဲလည်း ဖြစ်လာပါမယ်။ အပြောင်းအလဲကို ခုခံဆန့်ကျင်နေမယ့်အစား အစိုးရတွေဟာ ခေတ်နောက်ကျနေတဲ့ အလုပ်သမားဥပဒေတွေ ပြောင်းလဲတာ၊ အလုပ်ခွင်ဆိုင်ရာတွေ စဉ်းစားတာကိုစတင်ပြီး အလိုက်သင့်ပြောင်းလဲနိုင်ဖို့ လိုလာပါပြီ။

လက်ရှိ ရုံးလုပ်ငန်းတွေရဲ့ အဆင်မပြေမှုတွေကို ဖွင့်ချလာပါတယ်။ လူအများကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ အလုပ်သွား၊ အလုပ်ပြန်ဆိုတာကို မကြိုက်ကြတာ၊ ရုံးခန်းမှာ ဖော်မယ်ကျကျနေရတာ မကြိုက်တာ၊ ရုံးခန်းတွင်းဆူညံတာ၊ ရုံးမှာ ခွဲခြားဆက်ဆံခံရတာ၊ ကလေးရလာရင်ကလေးကို စောင့်ရှောက်ဖို့ ခက်ခဲလာတာ စတဲ့အဆင်မပြေမှုတွေကို ပြောပြကြပါတယ်။

သိပ်ကျေနပ်စရာမရှိတဲ့ လက်ရှိအခြေအနေကို နည်းပညာသစ်တွေက ကိုင်လုပ်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာတွေက PDF လို စာဖိုင်ပုံစံတွေက ၁၉၉၁ လောက်က ပေါ်ပြီးသားဖြစ်သလို၊ အင်တာနက်အတွက်ပေးရတဲ့ တန်ဖိုးကလည်း ၂၀ဝ၀ ပြည့်လွန်နှစ်လောက်ကတည်းက ကျဆင်းနေပြီးသား ဖြစ်ပါတယ်။ ဇွန်း (Zoom) တို့၊ စလက် (Slack Application) တို့လို မျက်နှာချင်းဆိုင် အလုပ်လုပ်လို့ရတဲ့ နည်းပညာတွေကလည်း ပေါ်လာခဲ့တာဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ ဒါပေမယ့်ရုံးလုပ်ငန်းဆိုတာ ပျောက်မသွားခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေဆိုတာကလည်း ဖောက်သည်တွေဘက်က နည်းပညာဘက်ကို မပြောငး်သေးရင်မပြောင်းလဲဘဲ နေတတ်တာမျိုးမို့ ဒါတွေကခေတ်မစားလာခဲ့ပါဘူး။

ကိုဗစ်ကပ်ဘေးကတော့ ဒါတွေကို ပြောင်းပြန်လှန်ပြစ်လိုက်ပါတယ်။ ကိုဗစ်မတိုင်ခင်က အမေရိကန်တွေ ၃ ရာခိုင်နှုန်းလောက်သာ အဝေးရောက် အလုပ်လုပ်တာမျိုး ရှိပါတယ်။ ခုအချိန်မှာတော့ အများစုက အွန်လိုင်းပေါ်တက်လာပြီး အလုပ်လုပ်နေကြပါပြီ။ စွမ်းဆောင်ရည်ကောင်းတဲ့ ကွန်ရက်ချိတ်ဆက်မှုကနေ သက်ရောက်မှုရှိလာနေတဲ့အတွက် လူအများက အဝေးရောက်အလုပ်ခွင်ဖြစ်တဲ့ အွန်လိုင်းအလုပ်ခွင်ကို ပိုမိုသုံးစွဲလက်ခံသုံးစွဲလာပါတယ်။ အွန်လိုင်း တွေ့ဆုံဆွေးနွေးမှုတွေလုပ်တဲ့ Zoom ပလက်ဖောင်းဟာဆိုရင် ကိုဗစ်ကာလမှာ သန်းပေါင်းများစွာ အမြတ်ထွက်သွားပါတယ်။ အဲဒီလိုပဲ တခြားသော ပလက်ဖောင်းတွေဖြစ်တဲ့ Microsoft Teams, Google Meet, Cisco Webex တို့မှာ သန်းပေါင်း ၃၀ဝ ကျော်လာတဲ့ သုံးစွဲသူအရေအတွက်တွေ တက်လာပါတယ်။ ဗျူရိုကရေစီကြောင့်ဖြစ်တဲ့ အခက်အခဲဆိုလည်း အဝေးကနေလုပ်ရတဲ့ ရုံးလုပ်ငန်းတွေဖြစ်တဲ့အတွက် ကျော်လွှားသွားပါတယ်။ စာချုပ်စာတမ်းဘာသာပြန်တာလည်း အွန်လိုင်းပေါ် ရောက်သွားပါတယ်။ ဘဏ်တချို့ဆိုရင် သူ့ဘဏ်ဆီသွားစရာမလိုဘဲ အကောင့်ဖွင့်ပေးတာထိ ဖြေလျော့တာတွေ လုပ်လာကြပါတယ်။

အလုပ်သမားတွေကလည်း အများသုံး ရထားတွေ၊ ဘတ်စ်ကားတွေကို သုံးစွဲလိုစိတ် နည်းလာပြီး၊သွားရတာဝေးရင်၊ အလုပ်ခွင်လုံခြုံမှု မရှိရင် အလုပ်ခွင် ပြောင်းချင်လာကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးဆိုတာ ရောက်လာရင်လည်း အပြောင်းအလဲအနေနဲ့ ရုံးလုပ်ငန်းကို အိမ်မှာလုပ်ချင်လာတယ်လို့ဆိုပြီး၊ ပိုပြီးအလုပ်တွင်တယ်၊ အခါတိုင်း ရုံးမှာအလုပ်လုပ်ရတာထက် မိနစ် ၅၀ လောက်တောင် ပိုပြီးအလုပ်လုပ်မိတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ စိတ်ကျေနပ်မှုလည်း ရှိတယ်ဆိုပါတယ်။ ကုမ္ပဏီတွေကလည်းအလုပ်သမားတွေ အွန်လိုင်းကနေ အလုပ်လုပ်လာရင် ပေးရမှာတွေရှိလာပါတယ်။ ကွန်ပျူတာလိုတခြားဆက်စပ်ပစ္စည်းတွေ ထောက်ပံ့လာကြပါတယ်။

ဒါပေမယ့်ပေါ့လေ ဝန်ထမ်းအချင်းချင်းကြား ထိတွေမှု နည်းလာနိုင်ပါတယ်။ ရင်းနှီးမှုနည်းလာမယ်၊ ဒီကတစ်ဆင့် သတင်းအချက်အလက်ဖလှယ်မှု ရှိမှာမဟုတ်တော့ဘူးလို့လည်း ဆိုပြန်ပါတယ်။ အလုပ်သမားဘက်ကလည်း အလုပ်သမားဥပဒေတွေ ပြန်လည်သုံးသပ် သတ်မှတ်ပေးလာဖို့ပြောလာပြီး၊ အလုပ်ရှင်ဘက်ကရော အိမ်ကနေ ရုံးတက်ရာမှာ ထိန်းမရတာ၊ တီထွင်ဖန်တီးမှုကျဆင်းတာ၊ ထိရောက်မှုကျဆင်းတာ၊ အချိန် မတိကျတာ၊ အိမ်မှာနေရင်း ရုံးအလုပ်လုပ်ချိန် ထိခိုက်မှုဖြစ်လာရင် လျော်ကြေးပေးရမှာလားထိပြောဆို လာကြပါတယ်။ စစ်တမ်းတစ်ခုအလိုအရဆိုရင် အလုပ်သမားတွေဟာအိမ်ကနေ အလုပ်လုပ်ရမယ်ဆိုရင် လစာရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြတ်တောက်လည်း ခံနိုင်တယ်လို့ ဆိုပါတယ်။

အလုပ်ရှင်တွေဘက်ကပြောတာက အမျိုးသမီးရုံးအလုပ်သမားတွေ အိမ်ကနေ အလုပ်လုပ်ရင် ကလေးရှိရင် ကလေးထိန်းနေရတာမို့ အလုပ်အပေါ် ထိခိုက်မှုရှိပါတယ်။ ဥရောပနိုင်ငံကြီး ၅ ခုဆိုရင် လော့ဒေါင်း ဖြေလျော့ပြီးနောက်မှာ လူတွေ လမ်းပေါ်ထွက်လာပြီး လက်လီဈေးကွက်ကြီး အဆင်ပြေသွားပြီး၊ ကမ်းခြေတွေသွားကြကြောင်း၊ သို့သော် အလုပ်ခွင်ကိုတော့ တစ်ဝက်လောက်ကသာ လာကြကြောင်း၊ ရုံးမှာထိုင်လုပ်ရတာထက် အများသုံးယာဉ်တွေနဲ့ သွားလာရတာ စိုးရိမ်မှု မြင့်တက်လာနေကြောင်း ဆိုပါတယ်။ ရုံးတွေမှာလည်းခပ်ခွာခွာနေတာ၊ ခြားထားတာ၊ ဓာတ်လှေကားပိတ်ထားတာ၊ ရုံးဝန်ထမ်းအရေအတွက် လျှော့ချတက်ခိုင်းတာတွေကို ကုမ္ပဏီတွေဘက်က လုပ်လာပါတယ်။ အစိုးရတွေကတော့ မဖြစ်မနေ ရုံးပြန်တက်ဖို့ပြောတာမို့ အခြေအနေကို လိုက်လျောညီထွေ မဖြစ်ဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က တရုတ်ပြည် ဖုန်းအမေး၊ အဖြေဌာနကို စစ်တမ်းကောက်ယူရာမှ ာယင်းဌာန ဝန်ထမ်းတွေထဲက အိမ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းဟာ ရုံးက ဝန်ထမ်းတွေထက် များစွာပိုနေတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေဘက်က အပြောကတော့နားနားနေနေလုပ်နိုင်တယ်၊ ဖိစီးမှုနည်းတယ်၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်ချင်တယ်၊နောက်တစ်ချက်က ကျန်းမာရေးခွင့်ယူတာလည်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။

လော့ဒေါင်းအပြီး နိုင်ငံတွေ နိုးထလာတဲ့အခါ အဲဒီနိုင်ငံထဲက လုပ်သားအင်အား ဘယ်လောက်ကအလုပ်ခွင်ပြန်သွားသလဲဆိုတာနဲ့ အဲဒီနိုင်ငံရဲ့အောင်မြင်မှုကို တိုင်းရမလို ဖြစ်နေပါတယ်။ ဒီလိုဆိုရင် ရုံးတက်ခဲ့ရတဲ့ ရွှေရောင်နေ့ရက်တွေက ကုန်ဆုံးသွားပြီလား။

စာရွက်စာတမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ရုံးတွေ၊ အစည်းဝေးမှတ်တမ်းတွေ၊ ဘောင်ချာတွေနဲ့ တိုင်ပတ်နေတာတွေ ကျော်လွန်သွားပြီလား။ ကိုဗစ်မတိုင်ခင်က အလုပ်ခွင်နဲ့ အိမ်အကြားအင်အားချိန်ခွင်လျှာ အီကွေလီဘယံမမျှတမှုက ကိုဗစ်ကပ်ဘေးကြောင့် မျှတမှုကို ဖြစ်စေတော့မလား။

မြန်မာနိုင်ငံရဲ့ ရုံးလုပ်ငန်းတွေအများစုဖြစ်တဲ့ ကုမ္ပဏီတွေဟာ အရွယ်အစားသေးငယ်တဲ့အတွက် အွန်လိုင်းပေါ်တက်ပြောင်းလဲသွားတဲ့ ရုံးလုပ်ငန်းဟာ အနည်းငယ်သာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ဖောက်သည်၊ တစ်နည်း စားသုံးသူအများစုဟာ အွန်လိုင်းပေါ်ကို သိပ်မရောက်သေးပါဘူး။

ဒါကြောင့် မြေပြင်အနေအထားတွေကလည်း အရေးပါနေဆဲ ဖြစ်မှာပါ။ အစိုးရဌာနတွေရဲ့ အိုင်စီတီပြောင်းလဲနိုင်စွမ်းက ကြိုးစားနေဆဲအဆင့်ဖြစ်လို့ အလုံးစုံ အွန်လိုင်းဖြစ်မသွားနိုင်သေးပါဘူး။ ဒါပေမယ့်အွန်လိုင်းပေါ်မှာ ဈေးဝယ်တာကအစ ငွေပေးငွေယူထိ တစ်နေ့တခြား သုံးစွဲသူတိုးပွားလာတဲ့အတွက် ကိုဗစ်အလွန်မှာ ပညာရေးနဲ့ တချို့သောစီးပွားရေးလုပ်ငန်း၊ နိုင်ငံတကာ အဖွဲ့အစညး်တချို့မှာတော ့ ကောငး်ကင်ပေါ်ရောက်သွားပါလိမ့်မယ်။ ယင်းနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ဝန်ဆောင်မှုကဏ္ဍလည်း တဖြည်းဖြည်းပါသွားနိုင်ပါတယ်။ မြန်မာပြည်ရဲ့ အွန်လိုင်းအခြေပြုပညာရေးနဲ့ စီးပွားရေးဟာ အခြေခံအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် နိုင်ငံတော်ဘက်က ပါဝင်ပြဋ္ဌာန်းပေးရမှာတွေ ရှိလာနိုင်သလို၊ နောင် အွန်လိုင်းစီးပွားရေးနဲ့ရုံးလုပ်ငန်းများအတွက် အခြေခံကျောရိုးများဖြစ်တဲ့ ဆိုက်ဘာ ဥပဒေများလည်း ခိုင်မာအားကောင်းလာဖို့အဆင့်များစွာ လိုနေပါသေးတယ်။

Ref: economist