ရွေးကောက်ပွဲအပြီး စစ်ကိုင်းတိုင်းတွင် ကိုဗစ်လူနာ ၃၀၀ ကျော် ရှိ

0
82

အိအိဖြိုး
မုံရွာ၊ ဒီဇင်ဘာ – ၂

နိုဝင်ဘာ ၈ ရက်က ပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲကြီးအပြီး ၂၃ ရက်အတွင်း စစ်ကိုင်းတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃၀ဝ ကျော် တိုးလာခဲ့သည်။

ကိုဗစ်ဒုတိယလှိုင်း စက်တင်ဘာ၊ အောက်တိုဘာလအထိ နှစ်လအတွင်းလူနာ ၃၀ဝ ကျော်သာ ရှိသော်လည်း နိုဝင်ဘာ ၈ ရက်နောက်ပိုင်း သုံးပတ်အတွင်း လူနာ ၃၀ဝ ကျော်တိုးခဲ့ခြင်းဖြစ်သည်။

ထပ်တိုးလူနာများစာရင်းတွင် ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၁၅ ရက်နေ့က တစ်ရက်တည်းပင် လူနာ ၅၄ ဦးအထိ စံချိန်တင်တိုးခဲ့သည်။ ပိုးတွေ့လူနာအများဆုံးမှာမန္တလေးတိုင်းနှင့် ကူးသန်းသွားလာမှုအများဆုံးဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး ဝင်ပေါက် စစ်ကိုင်းမြို့ ဖြစ်သည်။

ပိုးတွေ့လူနာများလာခြင်း၏ အဓိကအချက် Silent Carrier များခြင်း၊ ရောဂါပိုး အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသော်လည်း ကွာရတင်းဝင်ရမည်စိုးသောကြောင့် သီးသန့်မနေခြင်း၊လူနာများ၏ ကွင်းဆက်ထိတွေ့မှုများ မလိုက်နာသဖြင့် ကူးစက်မှု ပိုများလာခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက သုံးသပ်သည်။

“အဓိကအကျဆုံးကတော့ Silent Carrier တွေပါပဲ။ သူတို့က ကိုယ့်မှာရောဂါရှိနေမှန်းမသိတဲ့အတွက် ပုံမှန်သွား၊ လာ၊ စားသောက်နေတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာရင် ဒီကနေ ကူးစက်မှုတွေ ပိုမြင့်လာတာပါ”ဟု ဆက်ပြောသည်။

စစ်ကိုင်းမြို့တွင် ဒေသတွင်းကူးစက်မှုသည် ရွေးကောက်ပွဲမတိုင်ခင်ကတည်းကစခဲ့ပြီး စစ်ကိုင်းမြို့သည် ပိုးတွေ့လူနာ များပြားလျက်ရှိသော မန္တလေးနှင့် ထိစပ်လျက်ရှိသောကြောင့်ကူးစက်မှုများနေကြောင်း စစ်ကိုင်းဆေးရုံကြီးမှ ဒေါက်တာသီဟနောင်က ပြောသည်။

“စစ်ကိုင်းနဲ့ မန္တလေးက ကပ်နေဆိုတော့ စစ်ကိုင်းကလူတွေက ဟိုဘက်မှာ ဈေးသွားရောင်းတာ၊ အလုပ်သွားလုပ်တာတွေ၊ ဟိုဘက်ကဈေးလာဝယ်တာတွေကြောင့် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒေသတွင်းကူးစက်မှုဖြစ်နေတာပါ”ဟု ဆက်ပြောသည်။

ပိုးတွေ့လူနာများထဲတွင် ယင်းမာပင်မြို့နယ်မှ NLD ပါတီ ပြန်ကြားရေးတာဝန်ခံတစ်ဦးသည် နိုဝင်ဘာ ၁၉ ရက်နေ့က ခရီးသွားရာဇဝင် မရှိ၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိဘဲ အနံ့ပျောက်သဖြင့် ဆေးရုံသို့သွားရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့သည်။

ယင်းမာပင်မြို့နယ်တွင် ရွေးကောက်ပွဲအပြီး ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကူးစက်သူ ၂၉ ဦးထိ ရှိခဲ့သည်။

“အဓိကတော့ ကျွန်တော်တို့ဆီမှာက စီမံခန့်ခွဲမှုအားနည်းတယ်။ ပြည်တွင်း၊ ပြည်ပပြန်တွေကိုလည်း စနစ်တကျမစိစစ်ဘူး”ဟု ယင်းမာပင်မြို့နယ်မှ စေတနာ့ဝန်ထမ်းတစ်ဦးက ဝေဖန်သည်။

ဒီဇင်ဘာ ၂ ရက်နေ့အထိ တိုင်းကိုဗစ်ကော်မတီမှ ထုတ်ပြန်စာရင်းတွင် သေဆုံးကိုဗစ်လူနာ ၃ ဦးရှိပြီး နှစ်ဦးမှာရောဂါအခံရှိသူများဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၂ ရက်အထိ ပိုးတွေ့လူနာ ၇၇၃ ဦးတွင် ၆၃၅ ဦးမှာ ဆေးရုံးဆင်းပြီးဖြစ်သည်။