ရွေးကောက်ပွဲအလွန် စစ်ကိုင်းတိုင်း

0
1080

စိုးဝင်းဆွေ(HPD) ရေးသည်။

ယခုဆိုရင် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်မဲများကို ပြည်ပရောက်မဲဆန္ဒရှင်များမှ ပေးနေကြပြီ ဖြစ်ပါတယ်။ UEC အနေနဲ့ ရွေးကောက်ပွဲကို သတ်မှတ်ရက်မှာပဲ အောင်မြင်စွာကျင်းပမယ့်လက္ခဏာ ရှိလေရာ ၂၀၂၁ ခုနှစ်မှာတော့ အစိုးရသစ်နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို ကျိန်းသေမြင်ရဖွယ်ရှိပါတယ်။

ပြည်သူလူထုအနေနဲ့ကတော့ မိမိတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရကို မိမိတို့ရဲ့ဆန္ဒများ၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးမယ့် အစိုးရအဖြစ် မြင်တွေ့လိုကြတာ သေချာပါတယ်။ လာမယ့်သက်တမ်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၌ ပေါ်ပေါက်လာမယ့်အစိုးရဟာ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူတို့ရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ အာသီသကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။

ဘယ်လိုအစိုးရမျိုးလဲ

လာမယ့်သက်တမ်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘယ်လိုအစိုးရပုံစံပေါ်ပေါက်မလဲဆိုတာ မှန်းဆကြည့်ရရင် ဖြစ်နိုင်ခြေသုံးမျိုးရှိပါတယ်။ အဲဒီသုံးမျိုးထဲမှာ ဘယ်အမျိုးအစားက စစ်ကိုင်းတိုင်းအတွက် ပိုလိုအပ်တယ်ဆိုတာအကဲဖြတ်ဖို့ထက် ဘယ်အစိုးရပုံစံက ဘယ်လိုအားနည်းချက်၊ အားသာချက်တွေရှိနိုင်သလဲဆိုတာ သုံးသပ်ကြည့်လိုပါတယ်။

ပထမပုံစံကတော့ အစိုးရရော၊ လွှတ်တော်ရောကို ပါတီတစ်ခုတည်းကပဲ လွှမ်းမိုးထားတဲ့ Same Government ပုံစံပါ။ ဒီပုံစံကို ပြီးခဲ့တဲ့အစိုးရ နှစ်ဆက်မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီလိုအစိုးရမျိုး ထပ်မံပေါ်ပေါက်လာခဲ့ရင် အားသာချက်အနေနဲ့ မူဝါဒချမှတ်ရာမှာ လွယ်ကူထိရောက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီတစ်ခုတည်းကပဲ အစိုးရရော၊ လွှတ်တော်ရောကို လွှမ်းမိုးထားတဲ့အတွက် ကိုယ့်အစိုးရဆောင်ရွက်ချင်တဲ့ဟာကို ကိုယ့်လွှတ်တော်က ဥပဒေပြဌာန်းပေးရုံပါပဲ။

အားနည်းချက်အနေနဲ့ကတော့ တစ်ပါတီတည်းက လွှမ်းမိုးတာဖြစ်တဲ့အတွက် အပြန်အလှန်ထိန်းကျောင်းမှုအပိုင်း၊ အာဏာနှစ်ရပ်ကို ပိုင်းခြားကျင့်သုံးမှုအပိုင်းတို့မှာ အားနည်းသွားနိုင်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ဆိုတာ သဘောသဘာဝကိုက အပြန်အလှန်စောင့်ကြည့်၊ ထောက်ပြနေဖို့လိုပါတယ်။ တချို့နေရာတွေမှာ အားပြိုင်မှု၊ ပွတ်တိုက်မှုတွေပင် ကြုံရနိုင်ပါတယ်။ အဲဒီလိုကြုံရတဲ့အခါ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်မမွေးဘဲ ယင်းအဖုအထစ်ကိုပါတီတွင်းသို့ ယူလာပြီး ဆက်လက်အားပြိုင်တာမျိုးတွေပင် တွေ့လာရနိုင်ပါတယ်။

ဒုတိယပုံစံကတော့ တိုင်းလွှတ်တော်ကို လွှမ်းမိုးတဲ့ပါတီက တစ်ခုဖြစ်ပြီး၊ အစိုးရဖွဲ့နိုင်တဲ့ပါတီက တစ်ခုဖြစ်သွားတဲ့ Divided Government ပုံစံပါ။ ဒီပုံစံကို လက်ရှိရှမ်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တွေ့နိုင်ပါတယ်။ ဒီပုံစံရဲ့ အားသာချက်ကတော့ လွှတ်တော်နဲ့အစိုးရဟာ ပါတီမတူတဲ့အတွက် အပြန်အလှန်ထိန်းကျောင်းမှုအပိုင်းမှာ အလွန်အားကောင်းလာနိုင်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့ မကြာခဏ ထိပ်တိုက်တိုးမှုများဖြစ်ပြီး ရှေ့ဆက်မရဖြစ်သွားနိုင်ပါတယ်။ မိမိတို့နိုင်ငံကလည်း မတူကွဲပြားမှုများ အလွန်ပင်များပြားလှပြီး ယင်းမတူကွဲပြားမှုများအပေါ် အပြန်အလှန်လေးစား၊ အသိအမှတ်ပြု လက်ခံနိုင်စွမ်းကတော့ အင်မတန်အားနည်းနေသေးရာ ပြိုင်ဘက်ကို ရန်ဘက်အဖြစ် မရှုမြင်ကြမှသာ အထက်ပါအစိုးရပုံစံက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

တတိယအစိုးရအမျိုးအစားကတော့ အစိုးရရော၊ လွှတ်တော်ရောကို ဘယ်ပါတီကမှ အပြတ်အသတ်လွှမ်းမိုးမထားတဲ့ Multi Government ပုံစံပါ။ ဒီလိုအစိုးရပုံစံကို ညွန့်ပေါင်းအစိုးရလို့လည်း ဆိုနိုင်ပါတယ်။ ဒီအစိုးရပုံစံရဲ့အားသာချက်ကတော့ ပါတီစုံအစိုးရဖြစ်တဲ့အတွက် ထွက်ပေါ်လာတဲ့ မူဝါဒများဟာ အားလုံးညှိနှိုင်းအတည်ပြုပြီးဖြစ်တာမို့ အမှားကင်းတဲ့မူဝါဒများဖြစ်လာနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ပါတီစုံညှိနှိုင်းရတာဖြစ်တဲ့အတွက် မူဝါဒတစ်ရပ် ချမှတ်နိုင်ဖို့ကြန့်ကြာခက်ခဲမှုတွေ ကြုံရနိုင်ပါတယ်။

အထက်ပါအစိုးရသုံးရပ်အနက် ရွေးကောက်ပွဲအလွန်မှာ ဘယ်လိုအစိုးရပုံစံ ပေါ်ပေါက်လာမလဲဆိုတာကတော့ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ အရင်းမူလပိုင်ရှင်ဖြစ်တဲ့ မဲဆန္ဒရှင်ပြည်သူလူထုကိုယ်တိုင်က အဆုံးအဖြတ်ပြုမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဒီမိုကရေစီကိုကြွေးကြော်တဲ့ အစိုးရထက် ဒီမိုကရေစီကိုကျင့်သုံးတဲ့အစိုးရမျိုးသာ ပိုမိုလိုအပ်ပါတယ်။

မျှော်မှန်းချက်လေးရပ်

လာမယ့်သက်တမ်းမှာ ပေါ်ပေါက်လာမယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုးပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက် ကျေနပ်လက်ခံကြရမှာ ဖြစ်တယ်။အစိုးရသစ်အနေနဲ့ တိုင်းအတွင်း ဒီမိုကရေစီရေးမှာ အကောင်းဆုံးခြေပေါ်ဖို့ ဝန်းရံကြရမှာ ဖြစ်သလို စိန်ခေါ်ချက်များကို ဖြေရှင်းဆောင်ရွက်မှုများအပေါ်တွင်လည်း ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြုပြင်ပြောင်းလဲစရာတွေ များစွာရှိတဲ့အနက် အောက်ပါအချက်များကိုတော့ အဓိက ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ မျှော်မှန်းပါတယ်။

ကပ်ရောဂါရဲ့လူမှုစီးပွားဂယက်များ

လာမယ့်သက်တမ်းမှာ တက်လာမယ့်အစိုးရသစ်အတွက် ဗွေဆော်ဦးရင်ဆိုင်ရမယ့် ပြဿနာကတော့ ကပ်ရောဂါကြောင့် ချည့်နဲ့သွားတဲ့ တိုင်းအတွင်း လူမှုစီးပွားရေးအခြေအနေများကို ပြန်လည်ကုစားဖို့ ဖြစ်တယ်။ လယ်ယာနဲ့သားငါးကဏ္ဍမြှင့်တင်ရေး၊ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများတိုးတက်ရေး၊ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေးတို့ဟာ လက်ရှိတိုင်းအစိုးရရဲ့ဦးစားပေးမူဝါဒများ ဖြစ်ပါတယ်။

သို့သော်မမျှော်လင့်ဘဲ ကပ်ရောဂါနဲ့ ကြုံတွေ့လိုက်ရသည့်အတွက် မူဝါဒအကောင်အထည်ဖော်မှုများမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ်။ ယင်းအခြေအနေကို ကုစားနိုင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ဘယ်လိုရှာဖွေမယ်၊ ဘယ်ကဏ္ဍတွေကို ဦးစားပေးအသုံးပြုမယ်၊ ဘယ်သူတွေကို ပါဝင်ခွင့်ပေးမယ်ဆိုတာတွေက လာမယ့်အစိုးရသစ်အနေနဲ့ ပြင်ဆင်စဉ်းစားထားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

အရပ်ဖက်-အရပ်ဖက်ဆက်ဆံရေး တိုးမြှင့်ပါ

တိုင်းပြည်ရဲ့ခေတ်သစ်ဒီမိုကရေစီအခင်းအကျင်းမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခုကတော့ စစ်ဖက်-အရပ်ဖက်ဆက်ဆံရေးဆိုတာဖြစ်တယ်။ သို့သော် အရပ်ဖက်-အရပ်ဖက်ဆက်ဆံရေးအကြောင်းကိုတော့ ပြောဆိုဆွေးနွေးသူ နည်းပါတယ်။ အရပ်ဖက်-အရပ်ဖက်ဆက်ဆံရေးဆိုတာက အာဏာရပါတီနဲ့ အခြားနိုင်ငံရေးပါတီများအကြားက ဆက်ဆံရေး၊ အာဏာရပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းများအကြားက ဆက်ဆံရေးတို့ကို ဆိုလိုတာပါ။

လက်ရှိအခြေအနေကတော့ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အားနည်းနေသေးသလို အရပ်ဖက်-အရပ်ဖက်ဆက်ဆံရေးလည်း အားမကောင်းသေးတာကို တွေ့ရပါတယ်။ အရပ်ဖက်အစည်းများအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီး သတင်းပေးသတင်းယူလုပ်ခြင်း၊ လူမျိုးစုနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများမှာ ကွဲပြားမှုတွေ ပိုမိုဖြစ်ပွားလာအောင် ဖန်တီးလှုံ့ဆော်ခြင်းစတဲ့ တိုင်းပြည်အတွက် ဆိုးကျိုးများကိုပြုလုပ်နေတယ်လို့ ရှုမြင်တဲ့ပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ အဲဒီလိုပဲ တစ်ဖက်ကနေလည်း ပြည်သူ့ရေးရာကိစ္စတွေ(အထူးသဖြင့် ကပ်ရောဂါအရေး၊ ငြိမ်းချမ်းရေးစတဲ့ Community Case တွေ)မှာ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အင်တိုက်အားတိုက်ပါဝင်မှုကို အသိအမှတ်ပြုသူများလည်း ရှိပါတယ်။

မည်သို့ပင်ဆိုစေ တက်လာမယ့်အစိုးရသစ်အနေနဲ့ ကောင်းကျိုးဆိုးပြစ်များကို ချင့်ချိန်လျက် မိမိနဲ့မတူကွဲပြားတဲ့ နိုင်ငံရေးအုပ်စုများနဲ့ ဆက်ဆံရေးကိုတိုးမြှင့်ဖို့ တိုက်တွန်းလိုပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးအရွေ့ကို ဖော်ဆောင်ပါ

လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှာတော့ ဖဆပလအစိုးရက အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ဖို့ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေရဲ့အနှစ်သာရကတော့ အခြေခံကောင်စီများကို ခရိုင်ကောင်စီများကတော့ ဒီမိုကရေစီ ပြည်သူကမဲစနစ်ဖြင့် တိုက်ရိုက်ရွေးချယ်ခွင့်ရရှိဖို့ ဖြစ်တယ်။ အဲဒီကောင်စီတွေဟာ ခရိုင်ကောင်စီရဲ့လက်အောက်ခံဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ ရှိပါတယ်။ ကောင်စီများဟာ ဗဟိုအစိုးရရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလွှဲပြောင်းလက်ခံဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ယနေ့မြန်မာနိုင်ငံမှာ ခေတ်သစ်ဒီမိုကရေစီပြောင်းလဲရေးမှာတော့ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍကို အလေးထားဖော်ဆောင်တာ တွေ့ရနည်းပါသေးတယ်။ အဲဒီအစား တစ်နိုင်ငံလုံးမှာ မြူနီစီပယ်လို့ခေါ်တဲ့ စည်ပင်ဥပဒေ ၁၇ မျိုး ပေါ်ပေါက်လာပါတယ်။ (ရပ်ကျေးအဆင့်မှာတော့ ဥပဒေအရရွေးကောက်ပွဲတွေ ကျင်းပတာရှိတယ်)

ခေတ်အခြေအနေအရ မြူနီစီပယ်အဖွဲ့များဟာ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ကို တက်လှမ်းနိုင်ဖို့တစ်ခုတည်းသောလှေကားထစ် ဖြစ်လာပါတယ်။ တက်လာမယ့်အစိုးရသစ်အနေနဲ့ ဒီအချက်ကိုဆုပ်ကိုင်ပြီး မြူနီစီပယ်မှသည် ပီပြင်သောဒေသန္တရအုပ်ချုပ်ရေး ယန္တရားသစ်ကို ဖော်ဆောင်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ခွဲဝေပေးလိုက်တဲ့အတွက် တိုင်းအစိုးရကိုဝန်ပေါ့စေတဲ့အပြင် တိုင်းအစိုးရအနေနဲ့ အခြားအရေးကြီးတဲ့ မီဂါပရောဂျက်များကို ပိုမိုအာရုံစိုက်နိုင်လာမှာ ဖြစ်ပါတယ်။

မူဝါဒများ ပိုမိုပြီး လက်တွေ့ဆန်စေလိုပါတယ်။

၂၀၁၆ ခုနှစ် တိုင်းအစိုးရ ကျမ်းကျိန်စဉ်က အမျိုးသားရင်ကြားစေ့ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး စသည်တို့ကို မူဝါဒများအဖြစ် ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒများဟာ ပြည်ထောင်စုရဲ့မူဝါဒများနှင့် ချိန်ညှိပြီး ချမှတ်ခဲ့ဟန်တူပါတယ်။ နောက်ပိုင်းမှာတော့ မိမိတို့တိုင်းနဲ့ပိုမိုကိုက်ညီတဲ့ မူဝါဒများကို ပြောင်းလဲချမှတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လာမယ့်သက်တမ်းမှာ တက်လာမယ့်တိုင်းစိုးရသစ်အနေနဲ့လည်း ပိုမိုလက်တွေ့ဆန်ပြီး မြေကြီးနဲ့နီးတဲ့ မူဝါဒများကို ချမှတ်စေလိုပါတယ်။ တိုင်းအစိုးရရဲ့အဓိကလုပ်ပိုင်ခွင့်ဟာ တိုင်းလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများအပေါ်မှာ သက်ရောက်တာဖြစ်ပါတယ်။ ဒီ့အတွက် ခြေ/ဥဇယား ၂ မှာ ပါရှိတဲ့ တိုင်းလွှတ်တော်ရဲ့ ဥပဒေပြဋ္ဌာနး်ပိုင်ခွင့်နဲ့ ကိုက်ညီတဲ့ဝါဒများကိုလည်း ချမှတ်စေလိုပါတယ်။

(ဥပမာ – လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မူဝါဒချမှတ်ရင် တိုင်းလွှတ်တော်ဥပဒေပြဋ္ဌာန်းပိုင်ခွင့်များဖြစ်တဲ့ သီးနှံဖျက် ပိုးမွှားကာကွယ်ရေး၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးချေးငွေ၊ စုငွေများစတဲ့ ကဏ္ဍများကို ပိုအာရုံစိုက်တာမျိုးပါ)

နိဂုံးချုပ်အနေနဲ့ ပြောရရင် စစ်ကိုင်းတိုင်းဒေသကြီးဟာ တိုင်းဒေသကြီးတွေထဲမှာ အကြီဆုံးတိုင်းဖြစ်တာနဲ့အမျှ တိုင်းအထက်ပိုင်းနဲ့အောက်ပိုင်းဟာ လူမှုစီးပွားဘဝများသာမက ယဉ်ကျေးမှုနှုန်းစံများပါ ကွဲပြားကြတာကို မြင်နိုင်ပါတယ်။ ဒီ့အတွက် တစ်တိုင်းလုံးလွှမ်းခြုံမူဝါဒများ ချမှတ်ရာမှာ အထက်ပါအခြေအနေကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ သတိကြီးကြီးနဲ့ စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်ဖို့သာ မျှော်မှန်းပါကြောင်း။ ။