ရွေးကောက်ပွဲအောင်မြင်ရေးသာ အဓိက

0
112
Aerial view a woman using a retro typewriter

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း တတိယမြောက်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည်။ ယခုရွေးကောက်ပွဲသည် တတိယမြောက်ဟု ဆိုရမည်ဖြစ်သော်လည်း ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ကျင်းပသော ဒုတိယမြောက် ရွေးကောက်ပွဲဟုပြောရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က အားလုံးပါဝင်ခွင့်မရသလို ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့သောကြောင့်ဟုအကြောင်းပြနိုင်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာသည် ဒီမိုကရေစီရွေးကောက်ပွဲ၏ လွတ်လပ်မှုတရားမျှတမှုဖြစ်ကြောင်း နိုင်ငံရေးပညာရှင်များက အမြဲသုံးသပ်လေ့ရှိသည်။ လက်ရှိ ၂၀ဝ၈ ဥပဒေအရ ရွေးကောက်ပွဲ ၃ ကြိမ်သက်တမ်းသာ ရှိသေးသောကြောင့် မဲဆန္ဒရှင်များမှာ ရွေးကောက်ပွဲအတွေ့အကြုံသက်တမ်းနုနေသေးသည်။ ယင်းကို အခွင့်ကောင်းယူကာ မသမာပြုမူမှုများလည်း သတင်းများ ကြားသိရသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေအားဖြင့်လည်း ၅ နှစ်တစ်ကြိမ် လူပြောင်းလေ့ရှိသောကြောင့် အသစ်အသစ်သော ရွေးကောက်ပွဲများကိုကမကထ လုပ်နေရသဖြင့် လုပ်ငန်းအတွေ့အကြုံအားနည်းချက်များလည်းရှိသည်။ ယင်းအချက်များကြောင့် သဘာဝကျသော အမှားအယွင်းများလည်းဖြစ်ပေါ်လာနိုင်သည်။

မည်သို့ပင်ဆိုစေ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မသမာမှုအချို့နှင့် သဘောရိုးမှားယွင်းမှု အချို့ကတော့ ရှိနေမည်သာဖြစ်သည်။ သို့သော်ယင်းအချက်များကို အခွင့်ကောင်းယူအမြတ်ထုတ်ကာ ဒီမိုကရေစီ နောက်ပြန်လှည့်ရေးအတွက် မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်း အားထုတ်ကြိုးပမ်းနေကြသော ရက်ဒီကယ်များလည်း ရှိနေသည်ကနောက်ထပ် ပြဿနာတစ်ရပ်ဖြစ်သည်။ ရက်ဒီကယ်အချို့ဆိုလျှင် ရွေးကောက်ပွဲပျက်စီးရန်အကြံဖြင့် ရွေးကောက်ပွဲနီးကပ်လာလေလေ အဖျက်လုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်နေလေလေဖြစ်ကြောင်း လတ်တလောဖြစ်ပျက်နေသောအဖြစ်အပျက်များ သတင်းအချက်အလက်များကိုကြည့်လျှင် သိနိုင်သည်။

အဆိုပါပြဿနာများကို စုစည်းညီညွတ်စွာ တွန်းလှန်နိုင်ရန်မှာ အထူးလိုအပ်သည်။ မည်သည့်နည်းဖြင့် တွန်းလှန်နိုင်မည်နည်းဟုဆိုလျှင် ရွေးကောက်ပွဲကို တခဲနက် ငြိမ်းချမ်းစွာ မဲပေးသောနည်း၊ ရွေးကောက်ပွဲကြီးအောင်မြင်အောင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီသောနည်း၊ ခေတ်နောက်ပြန်ဆွဲရန် အကြံဖြင့် အနှောက်အယှက်ပြုသူများကို ဆန့်ကျင်ရှုတ်ချသောနည်းတို့ဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ဒီမိုကရေစီအောင်မြင်ရေးကို ရှေးရှုသောအားဖြင့် ရွေးကောက်ပွဲသည်သာ အဓိကဟူသော စိတ်ဖြင့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပြည်သူ၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းကြိုးပမ်းသွားရန်လိုကြောင်း တင်ပြလိုက်ရပါသည်။