ရွှေမျောကုမ္ပဏီများထံမှ ငွေယူသော မုံရွာနှင့်ဟုမ္မလင်းက ဝန်ထမ်းအချို့အဂတိမှုဖြင့် ဖမ်းခံရ

0
27403

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဩဂုတ် -၂၁

ရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီများထံမှ ငွေယူခဲ့သော မုံရွာနှင့် ဟုမ္မလင်းမြို့တို့မှ ဝန်ထမ်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် ယမန်နေ့က အမှုဖွင့် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ရူရူယဉ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း (၄) ဦးစိုးမိုးအောင်၊ မုံရွာမြို့ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်း ဒုအထွေထွေမန်နေဂျာ ဦးလင်းထင် (ခ) ကျော်လင်းနန္ဒတို့ဖြစ်သည်။

ဒေါ်ရူရူယဉ်သည် ကျော်ဆက်သာကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာက အသေးစား ရွှေသတ္တုတူးဖော်ရန် ၄ ဧက လုပ်ကွက် ၁ ကွက် လျှောက်ထားသည့်ကိစ္စတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ငွေကျပ် ၃ သိန်းခွဲကို ၂၀၂၀ ဇူလိုင် ၈ ရက်နေ့က လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဒေါ်ရူရူယဉ်သည် ပဏာမစစ်ဆေးတိုင်းတာရေးကိစ္စကို စီမံခန့်ခွဲရေးအစည်းအဝေးတွင် စာရင်းဇယားများ ပြုစုပေးရသူဖြစ်ပြီး ရာထူးတာဝန်အရ လုပ်ပိုင်ခွင့်အာဏာ ရှိသူမဟုတ်ဘဲ အဂတိလိုက်စား၍ ငွေကြေးရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

မြေစာရင်းဌာနမှ ဦးစိုးမိုးအောင်သည် အမူတွဲထိန်းတာဝန် ထမ်းဆောင်နေသူဖြစ်၍ ရွှေသတ္တတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ ကျော်ဆက်သာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာကပေးသည့် ငွေကြေးတံစိုးလက်ဆောင်ကို ဒေါ်ရူရူယဉ်မှ ရယူနိုင်ရန် အားပေးကူညီသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စစ်ဆေးရေးမှူး ဦးအောင်ထူးမြင့်က တရားလိုပြုလုပ်၍ ဩဂုတ် ၂၀ ရက်တွင် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမူှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇/၆၃ ဖြင့် ဟုမ္မလင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဦးလင်းထင်သည် ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု၊ နမ့်တောကျေးရွာရှိ အသေးစားသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသော ရွှေစင်မိုးကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ထံမှ ငွေကျပ် သိန်း ၁၁၀ ကို ဟုမ္မလင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ၂၀၁၉ ဇွန်လ ၁၈ က ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“ဟုမ္မလင်းက နှစ်ယောက်ကတော့ ဒီမှာ ဖမ်းဆီး အရေးယူထားပါတယ်။ မုံရွာက တစ်ယောက်ကတော့ မုံရွာမှာပဲ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပါတယ်” ဟုမ္မလင်းမြို့မစခန်းမှူး ဒုရဲမှူး သိန်းထွန်းက ပြောသည်။

ဦးလင်းထင်အား ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စစ်ဆေးရေးမှူးက တရားလိုပြုလုပ်၍ ဟုမ္မလင်းရဲစခန်းတွင် အဂတိပုဒ်မ ၅၆ဖြင့် အမှုဖွင့်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here