ရွှေမှော်မှပြန်လာသော ဆယ့်နှစ်ဘီးကား တိမ်းမှောက်၍ ယာဥ်မောင်း သေဆုံး

0
10070

မောင်စိန်ချို
ပင်လည်ဘူး၊ ဇန်နဝါရီ – ၁၆

ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် ဆယ့်နှစ်ဘီးယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး ခရီးသည်များ ဒဏ်ရာရခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က ဖောင်းပြင်-ပင်လည်ဘူးသွားလမ်းတွင် ဖောင်းပြင်ဘက်မှ မောင်းလာသောအနီရောင် ၁၂ ဘီးယာဉ်သည် ငှောချယ်ကျေးရွာအနီး တောင်အဆင်းလမ်းတွင် ဘေးထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်များအရ သိရသည်။

“ရွှေမှော်ဘက်က ပြန်လာကြတယ်လို့ သိရတယ်”ဟု ပင်လည်ဘူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဆယ့်နှစ်ဘီးယာဉ်ပေါ်တွင် ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နေခရီးသည် ၆ ဦး၊ မုံရွာမြို့နေသူ ယာဉ်ပိုင်ရှင်၊ ယာဉ်နောက်လိုက်၊ ယာဉ်မောင်း ၃ဦး စုစုပေါင်း ၁၀ဦးလိုက်ပါလာသည်ဟု သိရသည်။

သေဆုံးသူ ယာဉ်မောင်းမှာ မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်နေ အသက် ၃၀ ရှိ အမျိုးသားဖြစ်သည်။

စီးနင်းလိုက်ပါသူ ခရီးသည် ၆ဦးအနက် မဘိန်းမြို့နယ်နေသူတစ်ဦးမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲနားသွေးထွက်ဒဏ်ရာတို့ ပြင်းထန်စွာရရှိကြောင်း သိရသည်။

ယာဉ်မှောက်မှုတွင် ယာဉ်မောင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၃၃၇/၃၃၈တို့ဖြင့် ပင်လည်ဘူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။