ရှန်ဟိုင်းရဲ့ ဘက်စုံလွှမ်းခြုံ မြို့ပြစီမံကိန်း

0
167

တရုတ်နိုင်ငံ ယန်စီမြစ်ဝမှာရှိတဲ့ ရှန်ဟိုင်းမြို့ဟာ တရုတ်ပြည်ရဲ့ လူဦးရေအထူထပ်ဆုံးမြို့ထဲက တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်မှာ လူဦး၏ ၂၃ သန်းကျော် အခြေချ နေထိုင်လျက်ရှိပါတယ်။ အဆိုပါလူဦးရေဟာ တရုတ်ပြည် စုစုပေါင်းလူဦးရေရဲ့ ၁.၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ၂၀ဝ၀ ခုနှစ်မှာ ကောက်ယူတဲ့ ငါးကြိမ်မြောက်သန်းခေါင်စာရင်းအရ မြို့မှာ လူမျိုးစုပေါင်း တစ်သိန်းကျော် ရောက်ရှိနေထိုင်လျက်ရှိပါတယ်။ မြို့မှာတစ်နေ့တခြား တိုးပွားလာတဲ့ (လက်ရှိ လူနှစ်သန်းကျော်အရေအတွက်ရှိတဲ့) ခြေသလုံးအိမ်တိုင်များရဲ့ ပြဿနာကလည်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။

ရှန်ဟိုင်းမြို့ကို ခရိုင် ၁၆ ခု၊ နယ်မြေသုံးခုဖြင့် ဖွဲ့စည်းထားပြီး ယင်းအထဲမှာ မြို့နယ်ပေါင်း ၂၀ဝ ကျော် ပါဝင်ပါတယ်။ တရုတ်အစိုးရအနေနဲ့ အရှိန်အဟုန်နဲ့ ကြီးပွားတိုးတက်လာတဲ့ ရှန်ဟိုင်းမြို့ကို ကောင်းစွာစီမံခန့်ခွဲနိုင်ရန်အတွက် မြို့အတွက် ဘက်စုံလွှမ်းခြုံ စီမံကိန်း (၂၀၁၇-၂၀၃၅) တစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါတယ်။ အဆိုပါစီမံကိန်းထဲမှ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသမှာ ကျင့်သုံးလို့ရနိုင် ခြေရှိတဲ့ အစီအမံတချို့ကို ထုတ်နုတ် တင်ပြလိုပါတယ်။

ရှန်ဟိုင်းမြို့ရဲ့ မြို့ပြစီမံကိန်း(ဝါ) မဟာစီမံကိန်းမှာ ကဏ္ဍကြီးငါးရပ် ပါဝင်တယ်။ ပထမကဏ္ဍအနေနဲ့ကတော့ စမတ်စီးတီးဖြစ်ဖို့ပါ။ အကန့်အသတ်နဲ့ သာရနိုင်တဲ့ အရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေအောက်မှာ မြို့ကို တတ်နိုင်သမျှ ‘စမတ်’ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ မဟာဗျူဟာအစီအမံတွေ ချမှတ် ထားပါတယ်။ အဲဒီထဲမှာဆိုရင် မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ပြောင်းလဲပစ်ဖို့၊ မြို့လူဦးရေကို စနစ်တကျ စီမံခန့်ခွဲဖို့နဲ့ မြေနဲ့အရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ စတာတွေ ပါဝင်တယ်။ ဘယ်မြို့မှာပဲဖြစ်ဖြစ် မြေယာဆိုတာက အကန့်အသတ်နဲ့သာ ရနိုင်တာမို့ မိမိမှာရှိတဲ့ မြေအရင်းအမြစ်နဲ့ လူဦးရေကို ချိန်ညှိနိုင်ဖို့က အရေးကြီးပါတယ်။ ရှန်ဟိုင်းမှာတော့ မြို့နေလူဦးရေကို ဇုန် (zone) အလိုက်၊ လူတန်းစား (class) အလိုက် နေရာချပြီး တိုးတက်လာတဲ့ လူဦးရေအလိုက် မြေယာလိုအပ်ချက်နဲ့ တည်ဆောက်ပုံကို ပုံမှန်ထိန်းညှိပါတယ်။

မြို့ရဲ့ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒတွေ၊ အဆင်ပြေ ထိရောက်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေက နယ်ပယ်အသီးသီးမှ အရည်အချင်း ရှိသူတွေ ရှန်ဟိုင်းကို ပြောင်းရွှေ့ အခြေချလာဖို့ ဆွဲဆောင်နေပါတယ်။ ဒီလိုနဲ့ ပိုမို ဖွံ့ဖြိုးလာတဲ့ အလုပ်လိုအပ်ချက်တွေအရ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေက မြို့မှာ အပြိုင်အဆိုင်ပေါ်ပေါက်လာတယ်။ ဒီ့အတွက်ကြောင့် မိမိတို့ရဲ့ အလုပ်ခွင်စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ ဘေးပတ်ဝန်းကျင်မြို့ရွာတွေက လုပ်သားတွေဟာ ရှန်ဟိုင်းကို စုပြုံ ရောက်ရှိလာတယ်။ ဒီလိုအခြေအနေမှာ မြို့ကိုပိုအားကောင်းတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် တည်ဆောက်ဖို့ဆိုတာက ကောင်းမွန်တဲ့ လုပ်သားရေးရာအထူး မူဝါဒတွေ လိုအပ်ပါတယ်။ ၂၀၃၅ ခုနှစ်မှာတော့ ရှန်ဟိုင်းမြို့ရဲ့ တတိယ အဆင့် ကျွမ်းကျင်လုပ်သားဦးရေဟာ အလုပ်လုပ်နိုင်သည့် အသက်အရွယ် လူဦးရေစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

မြို့ဟာ စမတ်ဖြစ်ဖို့ဆိုရင် အခြေချနေထိုင်သူများရဲ့ အခြေခံအကျဆုံး လိုအပ်ချက်များကို အာမခံချက်ပေးနိုင် ဖို့လိုပါတယ်။ အိမ်ရာများ၊ သက်ကြီး ရွယ်အိုစောင့်ရှောက်မှုစနစ်၊ အခြေခံ ပညာရေး၊ အားကစားနဲ့ အပန်းဖြေနား နေစရာနေရာများကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်ဖို့ လိုတယ်။ ရေ၊ စွမ်း အင်၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ မြူနီစီပယ်ဝန်ဆောင်မှု စတာတွေဟာ မြို့မှာ အမှန်တကယ်နေထိုင်သူများ အတွက် ပြေလည်ဖို့လိုအပ်ပြီး အဆင့် မြင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရပ်နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာများကိုလည်း ဒေသ တွင်းပြည်သူလူထုအတွက် မှီခိုအား ထားနိုင်ရပါမယ်။

ဒုတိယကဏ္ဍကတော့ အလွှာစုံ ပါဝင်တဲ့အချက်အချာများကို ကွန်ရက်ချိတ်ဆက်ထားတဲ့ နေရာအခင်းအကျင်းစနစ်ပဲ ဖြစ်တယ်။ အဲဒီကဏ္ဍမှာဆိုရင် ယန်စီမြစ်ဝကျွန်းပေါ်မှာ ကမ္ဘာ့အဆင့် မြို့ပြလုပ်ငန်းစု ပေါ်ထွန်းလာရေး တည်ဆောက်ခြင်း၊ ကျစ်လျစ်တဲ့မြူနီ စီပယ်ရပ်ဝန်းနဲ့ အခင်းအကျင်းများ တည်ဆောက်ခြင်း၊ နေရာအမျိုးအစား ကိုအခြေခံ၍ ထိန်းချုပ်ကွပ်ကဲတဲ့ စနစ် ကို မိတ်ဆက်ခြင်း၊ နေရာအခင်းအကျင်း ဖွံ့ဖြိုးရေးမဟာဗျူဟာကို တည်တံ့စေ ခြင်းစတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်တယ်။ ဒါဟာ မြို့ကို ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းဆက်သွယ်ရေးစနစ် တွေ ပေါင်းစပ်ပါဝင်ပြီး ပွင့်လင်းမှုနဲ့ အပြန်အလှန် ချိတ်ဆက်မှု အားကောင်း တဲ့ နိုင်ငံတကာ အချက်အချာတစ်ခု အဖြစ် အဆင့်မြှင့်ဖို့ ရည်ရွယ်လုပ်ဆောင် တာဖြစ်တယ်။

မြို့ရဲ့ ယန်စီမြစ်ကမ်းပါးတလျှောက်ကို ထိန်းသိမ်းရန် ယန်စီမြစ်ကမ်းဇီဝစင်္ကြန်ကို တည်ဆောက်ထားပြီး မြစ်ကမ်းပါးရဲ့ဇီဝဆိုင်ရာ ကာကွယ်ရေးဇုန်ကို ထူထောင်ထားပါတယ်။ အဲဒီဇုန်မှာ ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးကာ အစိမ်းရောင်ဧရိယာဖြစ်လာဖို့ ဆောင်ရွက်နေပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ မြေနေ ရာစီမံခန့်ခွဲမှုကို စပေ့စ် (space) သုံးမျိုး ၊ အနီလေးလိုင်းစနစ်နဲ့ စီမံခန့်ခွဲတယ်။ စပေ့စ်သုံးမျိုးဆိုတာကတော့ ဇီဝဆိုင်ရာ စပေ့စ်၊ စိုက်ပျိုးရေးစပေ့စ်နဲ့ လူနေ စပေ့စ်တို့ဖြစ်တယ်။ အနီလေးလိုင်းဆိုတာကတော့ ဒေသတွင်း ဇီဝဆိုင်ရာများကို ကာကွယ်ရန်တစ်လိုင်း၊ အခြေခံ စိုက်ပျိုးမြေများကို ထိန်းသိမ်းရန်တစ် လိုင်း၊ မြို့ပြဖွံ့ဖြိုးရေးဇုန် အနားသတ်ကို သတ်မှတ်ရန် တစ်လိုင်းနဲ့ ဒေသတွင်း ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန် တစ်လိုင်းတို့ ဖြစ်ပါတယ်။

ဇီဝဆိုင်ရာစပေ့စ်မှာ ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက် မှုကို ထိန်းသိမ်းမြှင့်တင်ရန် အတွက် ဒေသတွင်းဇီဝဆိုင်ရာစနစ်ကို စေ့စပ် သေချာစွာ ရှာဖွေမယ့် မြေနေရာစီမံမှုတွေ ပါဝင်တယ်။ မြို့ပြရဲ့ ဇီဝဆိုင်ရာ ထိန်းသိမ်းရေး စပေ့စ်ကို ၅ × ၄၆၅ စကွဲယား ကီလိုမီတာထက်မနည်းသော ဧရိယာကို သတ်မှတ်ပြီး ၎င်းကို ကာကွယ်ပေးမယ့်အနီလိုင်းဆွဲကာ စပေ့စ်အတွင်းမှာ အထပ်မြင့်အဆောက်အဦးများနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို တားမြစ်ထားပါတယ်။ စိုက်ပျိုးရေး စပေ့စ်မှာဆိုရင် ခေတ်မီပြီး ရေရှည် တည်တံ့စိုက်ပျိုးရေးဖွံ့ဖြိုးမှုနဲ့ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ဖြန့်ဝေနိုင်ဖို့ အခြေခံစိုက်ပျိုးမြေများကို ကာကွယ်ထိန်းသိမ်းမယ့် အစီအမံတွေ ပါဝင်တယ်။ စိုက်ပျိုးမြေများကို စိုက်ပျိုးရေးအတွက် အပြည့်အဝအသုံးချရေးနဲ့ မြို့ပြနေထိုင်မှု ကျယ်ပြန့်လာခြင်းကို ကာကွယ်ဖို့ မြို့ဧရိယာအတွင်းက အရည်အသွေးမြင့်တဲ့ စိုက်ပျိုးမြေများကို အမြဲတမ်းစိုက်ပျိုးရေးမြေများအဖြစ် အနီတစ်လိုင်း သတ်မှတ်ကာ ဒေသ အာဏာပိုင်များမှ ထိန်းသိမ်းကာကွယ် ထားပါတယ်။

ဒါ့အပြင်မြို့မှာ ကျစ်လျစ်ပြီး စနစ်ကျတဲ့ လူနေထိုင်မှုပုံစံဖြစ်ဖို့ ဒီဇိုင်းထုတ်ပြီး မြေနေရာကို စီမံခန့်ခွဲတဲ့စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိတယ်။ လူနေထိုင်တဲ့ မြို့ပြဧရိယာစီမံ ခန့်ခွဲမှုမှာ မြို့တော်နှင့် မြို့သစ်များ၊ မြို့နယ်များ၊ စက်မှုဇုန်များ၊ အများပြည်သူဆိုင်ရာနေရာများနဲ့ အခြားမြို့ပြ နေရာများကို ၂,၈၀ဝ စကွဲယား ကီလို မီတာအတွင်းမှာ စီမံခန့်ခွဲဖို့ အနီတစ်လိုင်းရေးဆွဲကာ ဆောင်ရွက်ပါတယ်။ မြို့ဧရိယာအတွင်းမှာ ရှိနေတဲ့ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နေရာများ၊ သဘာဝအလှအပနေရာများနဲ့ အားကစားဆိုင်ရာနေရာများကိုလည်း အနီတစ်လိုင်းသတ်မှတ်ကာ ထိန်းချုပ်ထားတယ်။ အဆိုပါ မြေနေရာများဟာ မြို့ပြရဲ့ ယဉ်ကျေးမှုဓလေ့ထုံး တမ်းဆိုင်ရာ အချက်အချာနေရာများ ဖြစ်တာမို့ အခြားနည်းပြောင်းလဲသုံးစွဲဖို့ကို လုံးဝခွင့်မပြုပါ ဘူး။

ရှန်ဟိုင်းမှာ နေရာအမျိုးအစားနဲ့ လုပ်ငန်း တာဝန်များအလိုက် သတ်သတ်မှတ်မှတ်ရှိစေဖို့ နေရာအခြေပြု အထူးမူဝါဒများကိုလည်း ချမှတ်ထားတယ်။ ထင်ရှားဆုံးကတော့ မြို့တွင်းဧရိယာ ဇုန်(lMC- inner areas of the main city) နဲ့ မြို့ပြင်ဧရိယာဇုန် (OMC- outer areas of the main city) များ သတ်မှတ်ပြီး ပို့ဆောင်ဆက်သွယ်ရေး၊ လူနေထိုင်ခြင်း၊ အဆောက်အဦးစီမံခန့်ခွဲမှု စတာ တွေကို ဇုန်အလိုက် အကောင်အထည်ဖော်ပါတယ်။ lMC ဇုန်ကို ဗဟိုထားပြီး OMC ဇုန်လေးဇုန်ကို ဝန်းရံအကောင်ထည်ဖော်ထားတာပါ။

တတိယကဏ္ဍအနေနဲ့က တိုးတက်ထွန်းကားပြီး တီထွင်ဆန်းသစ်မှုရှိတဲ့ ဒိုင်းနမစ် မြို့တော်တစ်ခု ဖြစ်လာဖို့ပါ။ အဲဒီကဏ္ဍမှာဆိုရင် ကမ္ဘာ့မြို့တော်တစ်ခုရဲ့ လုပ်ငန်းဆောင်တာများကို မြှင့်တင်လုပ်ဆောင်ဖို့၊ မြို့ကို နိုင်ငံထဲက အချက်အချာတစ်ခုအဖြစ် ပိုမိုပွင့်လင်းလာအောင် တည်ဆောက်ဖို့၊ အဆင်ပြေပြီး ထိရောက်ပြည့်စုံတဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ် ဖြစ်ပေါ်လာဖို့နဲ့ ကာယ၊ ဉာဏလုပ်သားများအတွက် ပိုမိုဆွဲဆောင်မှုရှိတဲ့ ရပ်ဝန်းတစ်ခုအဖြစ် ဖန်တီးဖို့ စတာတွေ ပါဝင်တယ်။ ရှန်ဟိုင်းဟာ တတိယ အဆင့် ခေတ်မှီလုပ်ငန်း အမျိုးအစားတွေဖြစ်တဲ့ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ ကုန်သွယ်ရေး ဆိုင်ရာ အတိုင်ပင်ခံနှင့် ကြားခံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိတယ်။ ယဉ်ကျေးမှု၊ စာပေအနုပညာ၊ အားကစား၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆိုင်ရာဆက်သွယ် ရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တိုးပွားလာအောင် ဆောင်ရွက်နေပါတယ်။ ဤနည်းဖြင့် အရည်အချင်းမြင့်ပြီး အရည်အသွေးရှိတဲ့ လုပ်သားများကို ဆွဲဆောင်ပါတယ်။၂၀၃၅ မှာ ဝန်ဆောင်မှုနဲ့ စက်မှုထုတ်ကုန်လုပ်ငန်းများမှာ လုပ်ကိုင်ကြသူများဟာ မြို့စုစုပေါင်းလုပ်သားဦးရေရဲ့ ၂၅%ထိရှိလာဖို့ မျှော်မှန်းထားပါတယ်။

မြို့ရဲ့လူငယ်မျိုးဆက်များအတွက် အိုးအိမ်လိုအပ်ချက်ကလည်း ရှန်ဟိုင်းမြို့မှာ လက်တလော ဖြေရှင်းရမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ (ကိုယ့်ဆီက ကျူးပြဿနာနဲ့ဆင်တူတယ်ပြောရမလားပဲ) မြို့မှာ တိုးပွားလာမယ့်လူဦးရေရဲ့ နေထိုင်စရာ အခက်အခဲအတွက် အိုးအိမ်သစ်များ တည်ဆောက် ရောင်းချခြင်းနဲ့ ငှားရမ်းခြင်း နှစ်မျိုးစလုံးကို ပေါင်းစပ် အသုံးပြုပါတယ်။ လူငယ်မျိုးဆက်သစ်များဟာ သူတို့ရဲ့ ပထမဦးဆုံး အိုးသစ်အိမ်သစ်အဖြစ် ဝယ်ယူနေထိုင်နိုင်စေဖို့ စုစုပေါင်းအိမ်ယာတည် ဆောက်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို အသေးစားနဲ့ အလတ်စားအဆင့်အိမ်ရာများအဖြစ် တည် ဆောက်နေပါတယ်။ ဒါ့အပြင် အိမ်ရာများကို အရစ်ကျစနစ်ဖြင့်ရောင်းချခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငှားရမ်းခြင်းနည်းလမ်းများထဲမှာ အိမ်ယာပိုင်ဆိုင် ခွင့်အား အာမခံ ပေးမယ့်စနစ်များကို ထည့်သွင်းတွဲဖက်ဆောင်ရွက် ခြင်းဖြင့် လုပ်ငန်းခွဲစ နှင့်လုပ်ငန်း သစ်ထူထောင်ခါစ လူငယ်မျိုးဆက်များရဲ့ အိုးအိမ် လိုအပ်မှုကို လုံခြုံစိတ်ချစွာ ဖြည့်ဆည်းပေးထားတယ်။ ၂၀၃၅ မှာ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနဲ့ အခြားအဖွဲ့အစည်းများကို အိုးအိမ်ငှားရမ်းထားတဲ့အချိုးဟာ စုစုပေါင်းအိမ်ရာသစ်တည်ဆောက်မှုရဲ့ ၂၀%ကျော် ရှိလာမယ်လို့ မျှော်မှန်းထားတယ်။ မြို့အတွင်းမှာ ကောင်းမွန်တဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ အဆင်ပြေပြီး၊ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကိုဖန်တီး ပေးထားခြင်းဖြင့် အရည်အချင်းရှိပြီး၊ လုပ်ရည် ကိုင်ရည်ပြည့်ဝတဲ့ နယ်ပယ်အသီးသီးက လူငယ် မျိုးဆက်သစ်များကို မြို့မှာ အခြေချလုပ်ကိုင်ဖို့ ဆွဲဆောင်သိမ်းသွင်းထားပါတယ်။

စတုတ္ထနဲ့ ပဉ္စမကဏ္ဍတို့ကို အလျဉ်းသင့်သလို ထပ်မံဖော်ပြပါဦးမယ်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှာ ကျင့်သုံးနေတဲ့ အတုယူဖွယ်အချက်တစ်ခုက ဘာလဲဆိုတော့ စီမံကိန်းမူဝါဒများ ရေးဆွဲချမှတ်ရာမှာ အမြင်အကြား၊ ခံစားမှုတွေနဲ့ ရေးဆွဲချမှတ် တာမဟုတ်ဘဲ စနစ်တကျသုတေသနပြုထားတဲ့ အချက်အလက်အမှန်တွေပေါ်မှာသာ အခြေခံပြီး ရေးဆွဲချမှတ်ကြတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒီအချက်ဟာ အင်မတန်အရေးကြီးပြီး ကိုယ့်ဒေသမှာတော့ လေ့ကျင့်ပျိုးထောင်ယူရဦးမယ့် အလေ့အထကောင်းတစ်ခု ဖြစ်ပါကြောင်း။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here