ရှမ်းတိုင်းရင်းသားများ မျှော်လင့်တဲ့ ရှမ်းဝန်ကြီး

0
66

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အမတ်လောင်းခုနစ်ဦး ယှဉ်ပြိုင်ကြမှာပါ။ ရှမ်းတိုင်းရင်းသားတွေက သူတို့အတွက် ဘယ်လိုဝန်ကြီးမျိုးကို မျှော်လင့်နေသလဲဆိုတာကို ဟုမ္မလင်း၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်တွင်းက ဒေသခံ ရှမ်းလူမျိုးအချို့ကို မေးမြန်းထားပါတယ်။

နန်းခင်သီတာမျိုး
မံကုန်းကျေးရွာ၊ ဗန်းမောက်မြို့နယ်။

ကိုယ့်လူမျိုးအတွက် တကယ်အလုပ် လုပ်ပေးချင်စိတ်ရှိသူကိုပဲ မဲပေးချင်တာ။ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲနေတာတွေ၊ အမုန်းတရားတွေ မရှိအောင် ဝန်ကြီးတစ်ယောက်အနေနှင့် တာဝန်ယူပြီး စေ့စပ်ညှိနှိုင်းပေးတာမျိုးတွေ ကိုယ့်လူမျိုးဘက်က ရပိုင်ခွင့်တွေကို မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့လူမျိုးကို မျှော်လင့်တယ်။ နောက်ပြီး အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဝန်ကြီးနေရာရသွားရင် အမျိုးသား၊ အမျိုးသမီး တန်းတူရည်တူ အခွင့်ရေးတွေပေးစေချင်တယ်။

နန်းတင်တင်ဝင်း
ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်။

အဓိကကတော့ တိုင်းရင်းသားစာပေနှင့် အလေးထားဆောင်ရွက်ပေးနိုင်တဲ့ သူမျိုးပေါ့။ အခုလက်ရှိ နေ့စားလပေးဆရာ၊ ဆရာမတွေ လစာပြဿနာဆိုရင်လည်း ရှမ်းဝန်ကြီးက မကိုင်တွယ်နိုင်ဘူး။ ပညာရေးဌာနကလည်း တိုင်းရင်းသားစာပေဆိုရင်အလေးမထားဘူး စသဖြင့် ပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်တဲ့သူ၊ တမျိုးသားလုံး စုစုစည်းစည်းနဲ့ ရှမ်းစာပေယဉ်ကျေးမှုကို ထွန်းကားအောင်ပြုလုပ်ပေးနိုင်တဲ့ ရှမ်းဝန်ကြီးမျိုးကို မျှော်လင့်ပါတယ်။

ကိုဇော်ဇော်
ပင်လည်ဘူးမြို့နယ်၊ တုန်းမွန်းကျေးရွာ။

ကျွန်တော်က ရှမ်းဝန်ကြီးနေရာအတွက် မဲပေးခွင့်ထဲမှာ မပါတော့ဘူးဗျ။ ၂၀၁၅ တုန်းကတော့ ရှမ်းရွာအလိုက် အားလုံးလူစာရင်းကောက်တာဆိုတော့ မဲပေးကြရတယ်။ အခုကအိမ်ထောင်စုတို့၊ မှတ်ပုံတင်တို့ကို လူမျိုးစာရင်းကောက်လိုက်တော့ မှတ်ပုံတင်ထဲ ဗမာဖြစ်နေလို့ ရှမ်းဝန်ကြီးနေရာ မဲပေးခွင့်မရှိတော့ဘူး။၂၀၂၀ မှာ ရှမ်းဝန်ကြီးနေရာ မဲပေးမယ့်လူဦးရေ နည်းသွားပြီ။ မဲပေးခွင့်ရမယ်ဆိုရင်တော့ ဘယ်မြို့နယ်ကပဲပြိုင်ပြိုင် ရှမ်းဒေသတစ်ခုလုံးကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တဲ့ ဝန်ကြီးကိုပဲ လိုချင်တယ်။ ကျေးလက်ဒေသတွေအထိ ကွင်းဆင်းပြီး အရင်ကတွေထက်ပိုကောင်းအောင် လုပ်ဆောင်ပေးစေချင်တာ။ ရှမ်းနီစာပေ ဖွံ့ဖြိုးရေးတွေနှင့် မှတ်ပုံတင်တွေမှာ ရှမ်းလူမျိုးအားလုံး ရှမ်း၊ ရှမ်းနီအမည်မှန်ရအောင် လုပ်ပေးစေချင်တယ်။ ဝန်ကြီးဖြစ်သွားရင်ပြောထားခဲ့တဲ့ စကားတွေ၊ ကတိတွေအတိုင်း လုပ်ဆောင်ပေးနိုင်တဲ့လူကိုပဲ လိုချင်တယ်။

စိုင်းထွန်းမြင့်
အတွင်းရေးမှူး၊ ဗန်းမောက်ရှမ်းနီလူငယ်ကွန်ရက်။

ကိုယ့်လူမျိုးကောင်းစားရေးကို အဓိကလုပ်ဆောင်ပေးနိုင်တဲ့ ဝန်ကြီးလိုမျိုးကို လိုချင်တာပေါ့။ ဒါပေမယ့် တိုင်းအဆင့် အကြီးအကဲဆိုတော့ တိုင်းရင်းသားတွေ အားလုံးကို မျှမျှတတ စီမံလုပ်ဆောင်ပေးနိုင်ရင်တော့ ပိုကောင်းတယ်။ ကျွန်တော်တို့ ရှမ်း(နီ)စာပေနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုးထားတဲ့ လူတစ်ယောက်ဖြစ်စေချင်တာ။ အခြားတိုင်းရင်းသားတွေနဲ့လည်း ဆက်ဆံရေးကောင်းအောင်လုပ်ပေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေနှင့် ဒေသဖွံ့ဖြိုးရေးတွေကို ကောင်းအောင် စေတနာအမှန်နဲ့ လုပ်ဆောင်ပေးနိုင်တဲ့ဝန်ကြီးကိုပဲ လိုချင်တယ်။

စိုင်းထက်ဝေဖြိုး (သျှမ်းနီစာပေသင်ကြားရေးဆရာ)
ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာ။

ကျွန်တော်တို့လူမျိုးအပေါ်မှာ ကောင်းကျိုး၊ ဆိုးကျိုးအပေါ်မှာ တကယ်သယ်ပိုးနိုင်တဲ့ ရှမ်းဝန်ကြီးကို မျှော်လင့်ပါတယ်။ အခုလက်ရှိ ဒီဒေသမှာဖြစ်နေတဲ့ တိုင်းရင်းသား ပြဿနာတွေကို မဆောင်ရွက်နိုင်ကြဘူး။ အဓိကကတော့ တိုင်းရင်းသားစာပေတွေ မညီညွတ်သေးဘူး။ ကွဲပြားနေတာတွေ အများကြီးရှိတယ်။ ယဉ်ကျေးမှုဝတ်စုံက အစပေါ့။ အင်္ကျီဘောင်းဘီ၊ ပုဆိုး ကွဲပြားနေတယ်။ ဗုံတို၊ ဗုံရှည် ကွဲပြားနေတယ်။ ရှမ်းစာပေတွေလည်း ကွဲပြားနေသေးတယ်။ သင်ရိုးညွှန်းတမ်းမှာ စာမူတစ်မျိုးတည်း သင်လို့ရအောင် လုပ်ဆောင်ပေးမယ့် ရှမ်းဝန်ကြီးလိုမျိုး လိုချင်တာပါ။ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေ အဓိကလိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးမှတ်ပုံတင်ရရှိရေး ဒါကိုဖြစ်နိုင်အောင် ကြိုးစားပေးမယ့်သူမျိုးကို မျှော်လင့်ပါတယ်။နောက်ပြီး နေ့စားလပေး တိုင်းရင်းသားစာပေဆရာတွေရဲ့ လစာကိုတိုင်းရုံးက ပေးရဲ့သားနဲ့ မြို့နယ်ကမပေးတာတွေ ခုလက်ရှိ ရှမ်းဝန်ကြီးက ရှေ့ကနေ မားမားမတ်မတ် မရပ်တည်ပေးဘူးပေါ့။ နောက်နောင်အဲ့လိုအခက်အခဲမျိုးတွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ တင်မြှောက်လိုက်တဲ့ ရှမ်းဝန်ကြီးက ရှေ့ကနေ ဦးဆောင်ရပ်တည်ပေးမယ့် ရှမ်းဝန်ကြီးမျိုးကို မျှော်လင့်ပါတယ်။

နန်းချိုဇင်မြင့်
ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာ။

အောက်ခြေဒေသခံတွေနဲ့ တစ်သီးတခြားမနေဘဲနဲ့ ဒီအောက်ခြေမှာ ဖြစ်နေတဲ့ပြဿနာတွေ အခက်အခဲတွေကို လိုက်ပြီးဖြေရှင်းပေးနိုင်တဲ့သူမျိုးကို မျှော်လင့်ပါတယ်။ အောက်ခြေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ အရင်က ဘယ်သူပဲတက်တက် ဘာမှအထွေအထူးပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ခုရွေးကောက်ပွဲမှာ ရှမ်းဝန်ကြီးနေရာရလာတဲ့သူက အဓိကက လမ်းပန်းဆက်သွယ်ရေး၊ မြစ်ကမ်းပါးတွေ ပြိုနေတဲ့ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ရှမ်းဝန်ကြီးမျိုးကို မျှော်လင့်ပါတယ်။

နန်းဖွေးလာဝ် (ရှမ်းနီစာပေသင်ကြားရေးဆရာမ)
ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာ။

ကိုယ့်အောက်ခြေ တိုင်းရင်းသားတွေရဲ့ အခြေအနေ အခက်အခဲတွေ ဘယ်လိုဖြစ်နေလဲ ပြန်ကြည့်တဲ့သူမျိုးပေါ့။ တချို့က သူတို့ပိုက်ဆံရဖို့၊ ကိုယ့်နေရာရဖို့ကိုပဲ အဓိကထားတဲ့သူတွေလည်း ရှိတယ်။ အဓိကကတော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲအသေးစိတ်ကို လုပ်ဆောင်ပေးနိုင်တဲ့သူ ပြီးတော့ ဖြေရှင်းပေးနိုင်တဲ့သူမျိုးကို မျှော်လင့်ပါတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးပါ။ ကျန်းမာရေးကတော့ ကျွန်မတို့ရွာဘက်မှာဆို တစ်အုပ်စုမှာ ဆရာမတစ်ယောက်ပဲ ရှိတယ်။ သူမရှိရင် အားကိုးစရာမရှိတော့ဘူး။ အဲ့လိုအခက်အခဲလေးတွေပေါ့။ အစစအရာအရာ လုပ်ဆောင်ပေးမယ့်သူ၊ အားကိုးရတဲ့သူကိုပဲ မျှော်လင့်ပါတယ်။