လက်ပံတောင်းသပိတ်စခန်းများ ဖြိုခွင်းခံရခြင်း ၈ နှစ်ပြည့်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

0
2818

ကိုသစ္စာ
မုံရွာ၊ နိုဝင်ဘာ – ၂၈

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်သော သပိတ်စခန်းများ ဖြိုခွင်းခံရမှု ၈ နှစ်ပြည့် သတိရခြင်းအထိမ်းအမှတ်ပွဲအား တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၂၉)တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်မည် ဖြစ်သည်။

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရေးအတွက် လက်ပံတောင်းဒေသ ကျေးရွာ ၂၆ ရွာမှ ဒေသခံများသည် ၂၀၁၂ နိုဝင်ဘာ ၁၇ ရက်က ကုမ္ပဏီပတ်လည်၌ သပိတ်စခန်း ၆ ခုဖွင့်လှစ်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သပိတ်စခန်းများကို ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့မရောက်မီ တစ်ရက်အလို နိုဝင်ဘာ ၂၉ ရက် (တန်ဆောင်မုန်းလပြည့်ည)၌ လုံထိန်း ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ (ဒေသခံများမှ မီးလောင်ဗုံးဟုပြော) ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

အင်အားသုံးဖြိုခွင်းမှုကြောင့် သပိတ်စခန်းယာယီတဲများ မီးလောင်ပြီး မုံရွာ၊ ပခုက္ကူ၊ ဆားလင်းကြီးမှ သံဃာတော် အပါး ၁၀၀ ကျော်နှင့် ဒေသခံ ၉၀ နီးပါး မီးလောင် ဒဏ်ရာများရရှိခဲ့ပြီး ခေါင်းဆောင်အချို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

မီးလောင်ဒဏ်ရာများရရှိသော သံဃာတော်များထဲမှ အချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကုသ ခံခဲ့ရမှုများရှိခဲ့သည်။

ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြသူများအား နှိမ်နင်းမှုဖြစ်စဉ်ရှိခဲ့သော သမ္မတ ဦးသိန်းစိန်လက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက် သက်တမ်း နှစ်ခုစလုံးတွင် ဖြိုးခွင်းမှုအတွက် အဓိက တာဝန်ရှိသူကို ဖော်ထုတ်ပြောဆိုခြင်းမရှိသဖြင့် ယခုကဲ့သို့ သတိရခြင်းအထိမ်းအမှတ်ပွဲအား ပြုလုပ်ရခြင်းဖြစ်သည်ဟု အင်ကြင်းတောင်သပိတ်စခန်းဦးဆောင်ခဲ့သူ ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက မိန့်ကြားသည်။

“စစ်တစ်ပိုင်းအစိုးရလက်ထက်ကလည်း တောင်းပန်းတာမရှိဘူး။ မေ့မေ့ပျောက်ပျောက်လုပ်ထားကြတယ်။ ခုလည်း အမှုပေါ်တာ မရှိဘူး”ဟု ဆရာတော်က မိန့်သည်။

သပိတ်စခန်းများဖြိုခွင်းမှုတွင် သံဃာနှစ်ပါးမှာ မီးလောင်ဒဏ်ရာပြင်းထန်ခဲ့သဖြင့် တာဝန်အရှိဆုံးဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့အား ပြစ်မှုကြောင်းအရ အရေးယူပေးရေးကို မီးလောင်ဒဏ်ရာပြင်းထန်စွာရခဲ့သော ဆရာတော် ဦးတိက္ခဉာဏ၏ သားဖြစ်သူ ကိုနေသီဟ (ယခု စစ်ကိုင်းတိုင်း NLD တွဲဘက်အတွင်းရေးမှူး)က တရားပြုလုပ်၍ အမှုဖွင့်ခဲ့ဖူးသည်။

“ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို ကျွန်တော်တရားစွဲတာ ဘယ်တရားရုံးမှလက်မခံဘူး။ စာချွန်လွှာထိတက်ခဲ့တယ်။ ဘဘုန်းကြီးကလည်း ဒါကိုဆက်မလုပ်တော့ဖို့တားမြစ်လို့ မလုပ်တော့တာပါ။ အခု အောက်မေ့ဖွယ်လုပ်တာတော့ လက်ခံတယ်။ ပျော်ပွဲမျိုးဆိုရင်တော့ ကန့်ကွက်ပါတယ်”ဟု ကိုနေသီဟက မှတ်ချက်ပေးသည်။

မီးလောင်ဒဏ်ရာရရှိသူများတွင် ဆရာတော် ဦးတိက္ခဉာဏမှာ ခန္ဓာကိုယ်အရေပြား ၆၀ ရာခိုင်နှုန်းပျက်စီး၍ မန္တလေး၊ ရန်ကုန် ဆေးရုံကြီးမှတဆင့် ထိုင်းနိုင်ငံဘန်ကောက်ဆေးရုံ၊ ဘုရင့်သမီးတော်ဆေးရုံနှင့် ပြည်တွင်းသီတဂူဆေးရုံတို့၌ တစ်နှစ်ကျော်ကြာ ကုသခဲ့ရပြီး အကြောမသန်စွမ်းဖြစ်ခဲ့သည်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓိ မှာလည်း ခန္ဓာကိုယ်အောက်ပိုင်းနှင့် လက်နှစ်ဖက်လုံး မီးလောင်ခဲ့ပြီး မုံရွာ၊ မန္တလေး၊ သီတဂူဆေးရုံကြီးတို့တွင် ရက်ပေါင်း ၂၀၀ ကျော် ဆေးကုသခံခဲ့ရသည်။

ဖြိုခွင်းအပြီး ရက်မကြာတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးဆောင်၍ သံဃာတော်များအား ဦးချတောင်းပန်ပွဲကို မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်းသာသနာ့ ဗိမာန်၌ ပြုလုပ်ခဲ့သည်။

မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သော သံဃာတော် ၈ ပါးအား သပိတ်စခန်းဖြိုခွဲခံရခြင်း ဝက်မှေးရွာဟောင်း၌ ပြုလုပ်သော တစ်နှစ်ပြည့်ပွဲတွင် ဦးဝီရသူမှ ဗုဒ္ဓကုၤရ ဆု(ဘုရားလောင်းသူရဲကောင်းဆု) ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။

သပိတ်စခန်းများ ဖြိုခွင်းခံရခြင်းအား ထိုစဉ်က လစဉ်၊ နှစ်စဉ် ရှုတ်ချပွဲလုပ်ခြင်း၊ ဆန္ဒပြခြင်း၊ ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားများပြုလုပ်ခဲ့ကာ NLD အစိုးရတက်လာပြီးနောက် လက်ပံတောင်းဒေသတွင် ပြုလုပ်မှုမရှိတော့ဟု ဒေသခံများကပြောသည်။

ယခုနှစ်တွင်မှ ၈ နှစ်ပြည့်အဖြစ် တရားဝင်စာတင်အကြောင်းကြားကာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လပြည့်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။