လက်ပံတောင်းစီမံကိန်းအနီးမှ ဒေသထွက်ကွမ်းရွက်များ ရောင်းတန်းမဝင် ဖြစ်နေ

0
2419

အိအိမွန်
မုံရွာ၊ နိုဝင်ဘာ – ၂၉

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကွမ်းခြံများမှ ကွမ်းရွက်များ အရောင်ပြောင်းပြီး ပျက်စီးမှုများရှိနေသဖြင့် ရောင်းတန်းမဝင်ဖြစ်နေကြောင်း ကွမ်းစိုက်တောင်သူများက ပြောသည်။

စီမံကိန်းလုပ်ငန်းခွင်မှ လွင့်လာသော အမှုန်အမွှားများ ကွမ်းခြံများပေါ်သို့ ကျရောက်လာသဖြင့် ကွမ်းရွက် ရေဆေးပြီးချိန်တွင် ပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။

“ကွမ်းရွက်ခူးပြီး ညသိပ်ထားလိုက်ရင် မနက်ကျ အမည်းအစင်းတွေ ထင်လာပြီး သုံးမရတော့ဘူး။ ကျွန်မတို့ ကွမ်းရွက်တွေက ပြန်ထုတ်လို့မရဘူးဆိုပြီး ဒိုင်တွေက လှမ်းပြောကြတာ”ဟု ကျောက်ဖြူတိုင်ရွာမှ ဒေါ်နုဝင်းက ပြောသည်။

ယခုလမှ စတင်ကာ စီမံကိန်းအနီးရှိ ကျောက်ဖြူတိုင်ရွာအပါအဝင် ဇီးတော၊ လယ်တီစသည့် ကျေးရွာများတွင်လည်း ကွမ်းရွက်များ ပျက်စီးမှုကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။

ယခုတစ်ပတ် ကွမ်းဈေးတစ်ပိဿာ နှစ်ထောင်ကျပ်ရှိချိန်တွင် ၎င်းတို့ဒေသဘက်မှ ထွက်သောကွမ်းကို တစ်ပိဿာ တစ်ထောင်ဈေးဖြင့် လျှော့ဝယ်ခြင်း၊ ပျက်စီးမှုများသည့်ကွမ်းကို ဒိုင်မှ လုံးဝမသိမ်းခြင်းများ ဒေသခံများ ကြုံတွေ့နေရသည်။

၂၀၁၈ ခုနှစ်ကလည်း လုပ်ငန်းခွင်မှ အမှုန်အမွှားများလွင့်လာမှုကြောင့် ကွမ်းရွက်များ ပျက်စီးသဖြင့် ကုမ္ပဏီဘက်က ကွမ်းတစ်ပင်လျှင် ၂၀၀ ကျပ်ဖြင့် လျော်ကြေးပေးခဲ့သေးသည်။

ထိုအချိန်က ကွမ်းပျိုးပင် တစ်ပင်လျှင် ၃၀၀ ကျပ်ရှိကြောင်း လျော်ကြေးရခဲ့သူများက ပြောပြသည်။

“တခြား သီးနှံတွေလည်း ပျက်စီးတာတွေရှိတာပဲ။ လျော်ကြေးဆိုတာ ကွမ်းသမားတွေပဲရတာ။ ဒီဘက်ကို အမှုန်တွေ လွင့်မလာစေချင်တာပဲ။ ကျွန်မတို့ကတော့ လျော်ကြေးထက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်စေချင်တာ”ဟု ဒေါ်နုဝင်းက ပြောသည်။

ကျောက်ဖြူတိုင်ရွာတစ်ရွာတည်းပင် ကွမ်းစိုက်တောင်သူ ၁၅၀ ခန့် ရှိနေသည်။ ပျက်စီးသည့် ကွမ်းခြံ စာရင်း ကောက်နေပြီဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ စာတင်သွားမည်ဟု ကျေးရွာကိုယ်စားလှယ် CSD ဦးအောင်က ပြောသည်။

“ဒေသခံတွေကတော့ ကုမ္ပဏီဘက်ကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြစ်စေချင်နေကြတယ်။ ငွေထက် ဘေးကင်းတဲ့ပတ်ဝန်းကျင် လိုချင်နေကြတယ်”ဟု ၎င်းက ဆက်ပြောသည်။