လယ်ဇင်ရွာ ခရီးသွားနေရာဖော်ရေး ဆွေးနွေးနေ

0
3673

အံ့ကြီးမောင်
မုံရွာ၊ ဒီဇင်ဘာ – ၂၀

ရှေးဟောင်းလေ့လာစရာများရှိသော မုံရွာမြို့နယ် လယ်ဇင်စံပြရွာအား ခရီးစဉ်နေရာ စနစ်တကျဖော်ရေးအတွက် မုံရွာခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) မှ ညှိနှိုင်းဆွေးနွေးနေသည်။

လယ်ဇင်ရွာမှာ လယ်တီဆရာတော်ဘုရားကြီး နိဗ္ဗာနဒီပနီကို ရေးသားပြုစုခဲ့ရာ ဓမ္မကာရုံကျောင်းတော်ကြီးအပြင် ရှေးဟောင်းအိမ်ကြီးများ၊ ရှေးဟောင်းစေတီများနှင့် လေ့လာစရာ နေရာများရှိ၍ ခရီးသွားနေရာဖော်ရေးတင်ပြထားခြင်းဖြစ်သည်ဟု မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တေ်ာအမတ် ဒေါ်အောင်ကြည်က ပြောသည်။

မုံရွာခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ထွေအုပ်ရုံး၌ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

“တိုင်းဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံက မုံရွာခရိုင် ၂၀၂၁ ခုနှစ်၊ တစ်နှစ်တာ ဆောင်ရွက်မယ့် Action Plan ရေးဆွဲရာမှာ အခြေခံရမယ့် မဟာဗျူဟာ (၆) ရပ်ကို ရှင်းလင်းဆွေးနွေးခဲ့တယ်။ မုံရွာမြို့အနီး ခရီးစဉ်နေရာတွေကို သွားလာမှု အဆင်ပြေရေး၊ ခရီးစဉ်နေရာတွေမှာ လုံခြုံမှုရှိရေးတွေ ဆွေးနွေးခဲ့တယ်”ဟု မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ပြောသည်။

လယ်ဇင်ရွာသည် မုံရွာမြို့ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် စတင်တက်စဉ်ကတည်းက မြန်မာ့ရိုးရာ ကျေးလက်ဒေသ လေ့လာစရာ ခရီးသွားနေရာအဖြစ် ဆောင်ရွက်ရန်စီစဉ်နေသော ရွာတစ်ခုဖြစ်သည်။

၎င်းရွာရှိ ကကုသန်ဘုရားပွဲမှာ ကိုလိုနီခေတ်က မုံရွာမြို့နယ်အတွင်း ဂေဇက်ရဘုရားပွဲလေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။