လူငယ်အမတ်လောင်းများရဲ့ နိုင်ငံရေးမျက်နှာစာ

0
480

အိအိမွန် ရေးသည်။

၂၀၁၀ ခုနှစ်အလွန် နိုင်ငံတွင် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ဆယ်စုနှစ်များစွာ တပ်မတော်က အာဏာကို ရယူထားရာမှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်။

အကျိုးဆက်အဖြစ် နှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် ဝေးကွာနေခဲ့သည့် လူငယ်များ နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာသည်။၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် လူငယ်များ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ပါတီကိုယ်စားပြု လူငယ်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လူငယ်ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ရန် စိုင်းပြင်းနေကြသည်။

စစ်ကိုင်းတိုင်းတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများထဲတွင် လူငယ်မျက်နှာသစ်များ ပါဝင်လာသည်။ အများစုကပါတီနိုင်ငံရေး အတွေ့အကြုံ မရှိကြသော်လည်း နိုင်ငံ့တာဝန်ကို အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ချင်ကြသည့်စိတ်ဖြင့် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ကိုစိုင်းနေဦးသည် ဝက်လက်မြို့နယ်သားဖြစ်ပြီး မိဘများက တောင်သူလုပ်ငန်းနှင့် အသက်မွေးဝမး်ကျောင်းပြုကြသည်။ ကိုစိုင်းနေဦးက တောင်သူများ၏ လက်ရှိအခက်အခဲကို ဖြေရှင်းပေးလိုသည့် ဆန္ဒဖြင့် လွှတ်တော်နိုင်ငံ​ေ့ရးထဲသို့ ဝင်ရောက်ရန် ရည်ရွယ်သည်။

“ခုချိန်ထိ တောင်သူလယ်သမားတွေက သမာရိုးကျစိုက်ပျိုးနည်းစနစ်နဲ့ သွားနေရတယ်။ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် လုံးဝမထိတွေ့ရသေးဘူး။ တောင်သူလယ်သမားတွေအတွက်ခေတ်မီစိုက်ပျိုးရေးနည်းစနစ် ပံ့ပိုးချင်တယ်။ အတိုးနှုန်း ပိုမိုသက်သာတဲ့ စိုက်ပျိုးရေးချေးငွေအများကြီးလုပ်ပေးချင်တယ်”ဟု ကိုစိုင်းနေဦးက ပြောသည်။

ကိုစိုင်းနေဦးက အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားများကို အခမဲ့သင်ပေးသည့် ပြင်ပကျူရှင်ဆရာ တစ်ဦးဖြစ်သည်။ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရထားပြီး လက်ရှိမှာလည်း ဘွဲ့လွန်ဒီပလိုမာ တက်ရောက်နေဆဲဖြစ်ကြောင်း ကိုစိုင်းနေဦးက ပြောသည်။

အသက်(၃၁)နှစ်ရှိသည့် ကိုစိုင်းနေဦးက ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုကာ ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“PPP က စစ်ဖက်၊ အရပ်ဖက်ဆက်ဆံရေးကို ကောင်းကောင်းတည်ဆောက်နိုင်တယ်လို့ ယုံကြည်တယ်။ အဲဒီလိုတည်ဆောက်နိုင်မှ မြန်မာနိုင်ငံကတိုးတက်ရေးလမ်းကြောင်းပေါ် သွားမယ်လို့ယုံကြည်တယ်။ ဒါကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီကို ရွေးချယ်ရခြင်းဖြစ်တယ်”ဟု ကိုစိုင်းနေဦးကပြောသည်။

၎င်းယှဉ်ပြိုင်ရမည့် ရွှေဘိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ပါတီ ၅ ခုက ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အဓိက အင်အားကြီးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာအေဇင်လတ်နှင့် ရွှေဘိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးဇော်ဇော်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ဆယ်စုနှစ်များစွာကတည်းက တောင်သူတွေရဲ့ ဘဝပြောင်းလဲလာတာ မရှိဘူး။ ကျွန်တော်သာလွှတ်တော်ထဲရောက်သွားရင် တောင်သူတွေရဲ့စကားသံကို နှလုံးသားနဲ့ နားထောင်ပြီး ထဲထဲဝင်ဝင် လုပ်ပေးနိုင်မယ်”

ကိုစိုင်းနေဦးကဲ့သို့ပင် တောင်သူ့အရေးကို ဆောင်ရွက်လိုသည့်အတွက် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အမျိုးသမီးငယ်တစ်ဦး ရှိနေသည်။ သူမကအသက် ၂၅ နှစ်သာ ရှိသေးသည့် ဝက်လက်မြို့နယ် မုဆိုးခြုံရွာမှ မအေးမြတ်မွန် ဖြစ်သည်။ မိဘမျိုးရိုးစဉ်ဆက် တောင်သူအလုပ် လုပ်ကိုင်ခဲ့ရာ တောင်သူလယ်သမားများ၏ အကျပ်အတည်းကို ကိုယ်တိုင်သိရှိခံစားမိတာကြောင့် လွှတ်တော်မှတစ်ဆင့်တောင်သူ့အသံများ ဖော်ထုတ်ပေးချင်နေသည်။

မအေးမြတ်မွန်က ဝက်လက်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သူမအနေဖြင့် ပါတီနိုင်ငံရေး တစ်ခါမှမလုပ်ဖူးသော်လည်း UBP ပါတီ၏ တောင်သူနှင့်ပတ်သက်သည့် ပါတီမူဝါဒများသဘောကျသဖြင့် လက်တွဲဖြစ်ကြောင်း မအေးမြတ်မွန်က ဆိုသည်။

“ဒီဘက်မှာ သဖန်းဆိပ်ဆည်ရေမလုံလောက်မှုတွေနဲ့ ကြုံနေရပါတယ်။ မြစ်ရေတင် စီမံကိန်းလုပ်ဆောင်ပေးဖို့ ဆောင်ရွက်သွားမှာပါ။ UBP ပါတီရဲ့တောင်သူတွေအတွက် ချမှတ်ထားတဲ့ မူဝါဒတွေကိုသဘောကျတယ်။ ကျွန်မတတ်မြောက်ထားတဲ့ပညာနဲ့ ဒေသကို အကျိုးပြုလိုတဲ့ဆန္ဒနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ”ဟု မအေးမြတ်မွန်က ပြောသည်။

နိုင်ငံရေးအကူးအပြောင်းကာလတွင် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လူကြီး၊ လူငယ် တက်ညီလက်ညီဆောင်ရွက်လျှင် ပိုထိရောက်မည်ဟု ယူဆပြီး နိုင်ငံရေးထဲသို့ လူငယ်များ ပါဝင်ပတ်သက်လာကြသည်။ သို့သော် လူငယ်မျက်နှာသစ်များဖြစ်သည့်အတွက် မဲဆန္ဒရှင်အချို့၏ အထင်သေးဆက်ဆံခံရမှုများ ရှိနေသည်။ အသက် ၂၅ နှစ်သာ ရှိသေးသည့် ကနန်းတိုင်းရင်းသား ကိုစိန်လွင်တစ်ယောက် ထိုပြဿနာကို ထိပ်တိုက်ရင်ဆိုင်ရလေသည်။

“လူငယ်တွေက သူတို့လူကြီးတွေကို ဘောင်ကျော်ပြီးလုပ်တယ်။ သူတို့ကို ကြောတယ်ဆိုပြီးပဲမြင်ပါတယ်။ တစ်ချိန်လုံး သူတို့လက်အောက်မှာနေလာခဲ့ပြီး ခုမှခွဲထွက်ခံရသလားဆိုပြီး မေးခွန်းထုတ်ကြတယ်”ဟု ကိုစိန်လွင်က ပြောသည်။

ကိုစိန်လွင်သည် ကဒူး၊ ကနန်း၊ ရှမ်းနီတိုင်းရင်းသားများနေထိုင်ရာ ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး အမှတ် (၂)နေရာအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုစိန်လွင်၏ ရည်ရွယ်ချက်သည် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး၊ ရပိုင်ခွင့်ကို ဒေသခံပြည်သူများကို သိစေလိုခြင်း ဖြစ်သည်။ ဒေသရှိလူငယ်များအတွက် နိုင်ငံရေးမျက်စိ ပွင့်စေလိုသည့်အတွက် ရွေးကောက်ပွဲနိုင်ငံရေးသို့ ပါဝင်လာရသည်ဟု သူက ဆိုသည်။

“ကျွန်တော်တို့ဆီမှာက ဒေသဥက္ကဋ္ဌကို ပီအောင်ပေါင်းနိုင်တဲ့ ပါတီက မဲရပြီ။ လူကြီးကဒီပါတီကို မဲထည့်ရမယ်လို့ ဆော်သြလိုက်တာနဲ့ ကျေးရွာသူ၊ ကျေးရွာသားအားလုံးက ထည့်ပြီးသားပဲ”

“ကျွန်တော်တို့ ဒေသက တစ်ပါတီစနစ်ပဲသွားတာ။ ကျေးရွာလူကြီးကို ပီပြီဆိုရင် အဆင်ပြေသွားပြီ။ ဒီပါတီကိုပဲ မဲထည့်ပါ။ ကျန်တဲ့ပါတီလာရင်လက်မခံရဆိုပြီး မိုက်နဲ့အော်လိုက်ရင် ကျန်တဲ့ပြည်သူတွေကလည်း ရောင့်မတက်ကြဘူး”ဟု သူက ပြောပြသည်။

ကိုယ်စားလှယ်လောင်း ကိုစိန်လွင်သည် ၂၀၁၄ နှစ်ကတည်းက တိုင်းရင်းသားလူမျိုးစု ရိုးရာပွဲတော်များ ဖြစ်မြောက်ရေးကော်မတီဝင်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။ ဒေသရှိ လူမှုကူညီရေးအသင်းတွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး လူနာများကို ကိုယ်တိုင်ကားမောင်းလိုက်ပို့ပေးနေသူ ဖြစ်သည်။

ဒေသလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့်လူနာများရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကို အလေးပေးဆောင်ရွက်လိုစိတ် ပြင်းပြနေသည်။ လူမျိုးကြီးဝါဒ ဝါးမြိုမခံရအောင် ဒေသခံတိုင်းရင်းသားများ ပါဝင်သင့်ပြီဟု ယူဆသောကြောင့်ဝင်ပြိုင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

လက်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွမ်းဆောင်ချက်များကို အားမရသဖြင့် ကိုစိန်လွင်ကဲ့သို့ ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ပြိုင်လာကြသည်။ ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည့် မနန်းခမ်းလွင်က ၂၀၂၀ ရွေးကောက်ပွဲတွင် ဟုမ္မလင်းမြို့နယ်မှ ယှဉ်ပြိုင်မည် ဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် မနန်းခမ်းလွင်သည် ဟုမ္မလင်းမြို့နယ် နမ့်တောအထက် တောင်ပေါ်ရွာတွင် နေထိုင်ပြီး ရှမ်းနီစာပေသင်ကြားသည့်ဆရာမတစ်ဦး ဖြစ်သည်။ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပြီး ပြန်လည်ဖော်ထုတ်ခွင့်ရချိန်တွင် ဆရာမတစ်ဦးအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။

“ရှမ်းနီစာပေ ဆရာမတွေဟာ နေ့စားလပေးပဲရှိသေးတယ်။ ဒီထက်မက မြှင့်ပေးချင်တယ်။ ရှမ်းနီစာပေသင်ကြားပေးဖို့ ဆရာ၊ ဆရာမတွေအများကြီး လိုအပ်ပါသေးတယ်။ ရှမ်းနီလူမျိုးတွေအတွက်တော့ ရှမ်းနီတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်ကသာ အပြည့်အဝ လုပ်ဆောင်ပေးနိုင်မယ်”မနန်းခမ်းလွင်က ပြောသည်။

၎င်းနေထိုင်ရာ ဟုမ္မလင်းဒေသသည် ရှမ်းနီတိုင်းရင်းသားအများစု နေထိုင်ရာ ဒေသဖြစ်သည်။ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၂) အတွက် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မနန်းခမ်းလွင်သည် နေ့စားလပေးဆရာမအဖြစ် လုပ်ကိုင်နေရာမှ တိုင်းရင်းသားလူမျိုးများအတွက် လွှတ်တော်တွင်းမှ ဆောင်ရွက်ပေးလိုသဖြင့် ဆရာမအဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်က မုံရွာတက္ကသိုလ်မှ ပထဝီဘာသာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

ဟုမ္မလင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်ရွာ များစွာရှိနေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၏ နောက်ဆက်တွဲအဖြစ် ပညာရေးလက်လှမ်းမမှီခြင်း၊ အလုပ်အကိုင်မရခြင်း၊ ဖွံ့ဖြိုးရေး နှောင့်နှေးခြင်းများ ကြုံတွေ့နေရဆဲ ဖြစ်သည်။

လွှတ်တော်ထဲရောက်သွားလျှင် ထိုအခက်အခဲများကို သူမအနေဖြင့် အတန်အသင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေသည်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအဖြစ် လုပ်ကိုင်သည့် နာဂတိုင်းရင်းသား ကိုထန်ငူကလည်း လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အသက် ၂၇ နှစ် ရှိပြီဖြစ်သည့် ကိုထန်ငူသည် တပ်မတော်မှ နှုတ်ထွက်လာသူ တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ကိုယ်စားလှယ်လောင်းဖြစ်သည်။

လဟယ်မြို့နယ် တိုင်းဒေသကြီး အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်မှာ လမ်းပန်းဆက်သွယ်ရေး အဓိကခက်ခဲပါတယ်။ ဒေသဖွံ့ဖြိုးရေး လိုအပ်နေတာတွေလည်း အများကြီးပဲ။ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်တွေ ရှိတယ်။ သောက်သုံးရေ မရသေးတဲ့ရွာတွေ၊ မီးလင်းရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ လိုအပ်နေတဲ့ရွာတွေအများကြီးပဲ ရှိပါတယ်။ အဲဒီဟာတွေ လုပ်ဆောင်ပေးရပါမယ်”ဟု ကိုထန်ငူက ပြောသည်။

နယ်ပယ်မျိုးစုံမှ ဝင်ရောက်လာကြသည့် လူငယ်များ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင်
တွေ့မြင်နေရသည်။

အဆိုပါ လူငယ်များသည် ယုံကြည်ရာ၊ ကျွမ်းကျင်ရာ မတူညီကြသော်လည်း နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်မှုတွင်မူ တူညီကြသည်။ နိုင်ငံရေးအတွေ့အကြုံမရှိသေးသည့် လူငယ်များအပေါ်ထားသည့် ပြည်သူများ၏ယုံကြည်မှုကို လာမည့်ရွေးကောက်ပွဲတွင် တွေ့မြင်ရတော့မည် ဖြစ်သည်။