လေးဖက်နာဆိုသည်မှာ

0
978

ဒီတစ်ပတ်မှာတော့ လူလတ်ပိုင်းအရွယ်တွေကြား အဖြစ်များလာတဲ့ လေးဖက်နာအဆစ်ရောင်ရောဂါအကြောင်းနဲ့ ဒီရောဂါကို တိုင်းရင်းဆေးတွေနဲ့ ဘယ်လိုကုသမလဲဆိုတဲ့အကြောင်း တင်ပြချင်ပါတယ်။ အရင်တုန်းက လေးဖက်နာဆိုတာ လူကြီးတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းတွေကိုပါ လေးဖက်နာရောဂါဟာ ခြိမ်းခြောက်လာခဲ့ပါပြီ။ အထူးသဖြင့် ဖုန်ထူတဲ့ ကျွန်တော်တို့ အညာဒေသတွေမှာ လေးဖက်နာဟာ အတော်အဖြစ်များပါတယ်။ လေးဖက်နာရောဂါအကြောင်းကို ဦးစွာမိတ်ဆက်ချင်ပါတယ်။

လေးဖက်နာရောဂါဆိုတာ

မိမိတို့ရဲခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေဝင်လာရင် ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်စွမ်းရှိတယ်။ ဒီခုခံအားကြောင့် ဆဲလ်တွေဟာ ခွဲခြားမှုမရှိတော့ဘဲ တိုက်ထုတ်ပါတယ်။ ဒီအခါမှာ (အော်တိုအင်မြူး) ရောဂါ ဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ အဆစ်နာပါ။ အဆစ်အသေးရော အကြီးပါ နာတာ။ ဒါဟာ လေးဖက်နာရောဂါပါ။

သွေးအဖြေမှာတော့ ASO Titre Un 200 (နှစ်ရာအထက်ကျော်နေရင် လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)

အဆစ်နာရောဂါတွေကတော့ –

(၁) ပိုးလေးဖက်နာ

(၂) သွေးလေးဖက်နာ

(၃) အဆစ်ရောင်ရမ်းနာ

(၄) ဂေါက်ရောဂါ တို့ဖြစ်ပါတယ်။

ပိုးလေးဖက်နာ

(၁) ပိုးလေးဖက်နာဟာ Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုးတစ်မျိုး (ကူးစက်ခံရတာ) ကြောင့် ပိုးလေးဖက်နာ အမျိုးအစား ဖြစ်ပါတယ်။ အဖြစ်အများဆုံးလူတွေကတော့ –

– ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ

– လေကောင်းလေသန့် ကောင်းစွာမဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ

– ကျဉ်းမြောင်းတဲ့အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့

– လူအများ စုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။

သွေးလေးဖက်နာ

Arthritis အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ပဲ ထင်ကြတယ်။ နည်းနည်းတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေကများ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက် (တစ်ရှူး) ရောဂါတွေအများကြီးပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဖက်နာ”လို့ ဗမာတွေက ပြောကြတယ်။ “ဟိုအဆစ်၊ ဒီအဆစ် ပြောင်းနာတာမို့ ဟိုသွား၊ ဒီသွား အဆစ်နာ”လို့ ဆေးစာမှာပါတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ် မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင်Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံး နေရာရောင်တာပါ။ ကြွက်သားမှာဖြစ်ရင် ဝတ်နေကြ အဝတ်တောင်အတင်မခံနိုင်ဘူး။

အမျိုးသမီးတွေမှာအဖြစ်များတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။ တချို့ကခုခံအားစနစ်နဲ့ဆိုင်လို့ Autoimmune ရောဂါအုပ်စုမှာပါတယ်။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။

အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ် ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက Rheumatic fever (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက်ဖြစ်တယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုးရှိသေးတယ်။

အဆစ်ရောင်ရမ်းနာ

ဒီလေးဖက်နာကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ကိုယ်တွင်းကလီစာတွေကြောင့် အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တတ်သလို အဆစ်အမြစ်နာကျင်ခြင်းကြောင့်လည်း ကိုယ်တွင်းကလီစာတွေထိတတ်ပါတယ်။ သွေးသားပြောင်းလဲမှုကြောင့် ဖြစ်တာပိုများပါတယ်။

ဂေါက်ရောဂါ

အမျိုးသားများတွင်ဖြစ်ပွားတဲ့ ဒူလာရောဂါကို ဂေါက်လို့ခေါ်ကြတာပါ။ ဂေါက်ရောဂါဟာ အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ ဂေါက်ရောဂါကလည်း လူလတ်ပိုင်းအရွယ်မှာ အများဆုံးဖြစ်ပွားပါတယ်။ ဂေါက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကတော့ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric Acid) များတာကြောင့်ပါ။ ယူရစ်အက်ဆစ်ဆိုတာ ပရိုတင်းတမျိုးဖြစ်သော ပြူရင်း (purine) မှတဆင့် ဖြစ်ပေါ်လာတဲ့ အက်ဆစ်ဓာတ်ဖြစ်ပါတယ်။

လေးဘက်နာနဲ့ဆိုင်တဲ့ နှလုံးရောဂါကတော့ များသောအားဖြင့် အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။ သေချာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။

Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အဖျား ရောဂါတွေကို လက်ညှိုး ထိုးရတယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။

ဆေးကုနည်း (၃)ပိုင်းရှိတယ်

(၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင် လုပ်တာ၊

(၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာ ပြန်လုပ်နိုင်အောင် ကုသပေးတာ

(၃) ခွဲစိတ်ကုသတာတွေပါ။

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန်ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့မပျက်ပါနဲ့”လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် Rheumatoid arthritis ဖြစ်ရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။

ဒါကတော့ လေးဘက်နာရောဂါဆိုတာဘာလဲနဲ့ လေးဘက်နာအမျိုးအစားတွေအကြောင်း ရှင်းပြထားတာဖြစ်ပါတယ်။ နောက်အပတ်မှာတော့ ဒီရောဂါကို သမားကုအပြင် ဘယကုနဲ့ ဘယ်လိုကုမလဲဆိုတာကို ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here