ဝန်ကြီးချုပ်နဲ့ပြိုင်မယ့် အမတ်လောင်း

0
6428

ထက်ဖြိုး ရေးသည်။

ဦးမြတ်သာထွန်းက လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ပြိုင်ဘက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဦးမြတ်သာထွန်းဟာ တစ်သီးပုဂ္ဂလအဖြစ် ဝန်ကြီးချုပ် ယှဉ်ပြိုင်မယ့် ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မှာ ဝင်ပြိုင်မှာပါ။

“ဒီနေရာကို ရွေးချယ်လိုက်ကတည်းက နိုင်မယ်လို့ ယုံကြည်မှုရှိတယ်”လို့ ဦးမြတ်သာထွန်းက ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။

လက်ရှိမှာတော့ သူက ရွှေဘိုမြို့နယ်မှာ အခြေချနေထိုင်ပါတယ်။ သူ့အသက်က ၅၃ နှစ်ရှိပြီး ဇာတိက ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာသားတစ်ဦး ဖြစ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်မှာ တက်ရောက်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ကျောင်းဆက်မတက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် ဆရာတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ့ ကျောင်းဆက်တက်တော့ မန္တလေးတက္ကသိုလ်မှာ အဝေးသင် တက်ရောက်ခဲ့ပြီး သင်္ချာနဲ့ ဘွဲ့ရခဲ့တာပါ။ မြန်မာ့အလင်းသတင်းစာမှာ မြို့နယ်သတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာ အစိုးရဝန်ထမ်းအဖြစ် လျှောက်ခဲ့ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးရဲ့ စာရင်းစစ်ဝန်ထမ်းအဖြစ် မြောင်မြို့နယ်နဲ့ ခင်ဦးမြို့နယ်တို့မှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဝန်ထမ်းဘဝမှာ သူနာပြုအမျိုးသမီးနဲ့ အိမ်ထောင်ကျပါတယ်။

၂၀ဝ၅ ခုနှစ်မှာ ဝန်ထမ်းဘဝက အနားယူပြီးနောက်မှာတော့ သူတွေ့ကြုံခဲ့ရတဲ့ စာရင်းစစ်ချုပ် အတွေ့အကြုံတွေကို “ဌာနဆိုင်ရာများ၏ စားကွက်များ”ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။

နိုင်ငံရေးစာပေတွေ ရေးသားရင်းနဲ့ သူဟာ မြေသြဇာရောင်းဝယ် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်ပြီး ငွေလေးနညး်နည်းပါးပါး စုမိဆောင်းမိလာတဲ့အချိန် ရွှေဘိုမြို့ပေါ်မှာ မြေတွေဝယ်ပြီး ရင်းနှီးမြှုပ်နှံထားခဲ့တယ်။

သူဝယ်တုန်းက သုံးလေးသိန်းဆိုပေမယ့် နောက်ပိုင်း ၆ နှစ်လောက်နေတော့ မြေဈေးတွေတက်လာလို့ ပြန်လည်ရောင်းချခဲ့တယ်။

“ကျွန်တော့်ဘဝ တစ်ဆစ်ချိုးပြောင်းလဲခဲ့တယ်”လို့ သူက ပြောပါတယ်။

လူမှုကူညီရေးလုပ်ငန်း၊ ပရဟိလုပ်ငန်းတွေ လုပ်ကိုင်သလို စီးပွားရေးလုပ်ငန်းအဖြစ် ရွှေဘိုမှာ ရွှေစံပြပုဂ္ဂလိကဆေးရုံ တည်ထောင်ထားပါတယ်။

၂၀၁၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပါတီဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ မြို့နယ်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းကလည်း ဝင်ရောက်အရွေးခံဖို့ ကြိုးစားခဲ့ပါသေးတယ်။ မြို့နယ်အလုပ်အမှုဆောင်တွေရဲ့ မဲခွဲမှုမှာ အသာစီးရခဲ့ပေမယ့် အပယ်ခံလိုက်ရတယ်လို့ သူကဆိုပါတယ်။

အခုလို အပယ်ခံရလို့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့တာတော့ မဟုတ်ပါဘူး။ ပါတီတွင်း ဂိုဏ်းဂဏ ခွဲခြားမှုတွေကြောင့် နှုတ်ထွက်ခဲ့တာလို့ ဦးမြတ်သာထွန်းက ပြောပါတယ်။

“ဂိုဏ်းဂဏဖွဲ့တဲ့ အနေအထားမျိုးလေးတွေ ရှိလာတော့ ကျွန်တော်တို့က အလိုလိုနေရင်းနဲ့ ဘေးရောက်သွားတယ်”

အခုလက်ရှိ ရွှေဘိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါအဝင် တစ်သီးပုဂ္ဂလဖြစ်တဲ့ ဦးမြတ်သာထွန်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ကို ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက်ကောင်းဟာ မိမိတစ်ဦးတည်းသာ ရှိတယ်လို့သူက ဆိုပါတယ်။

“ကျန်တဲ့ ပါတီလေးခုကတော့ ဝန်ကြီးချုပ်အတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်စရာမရှိဘူးလို့ ထင်တယ်။ သူတို့ကို အထင်သေးတာတော့ မဟုတ်ဘူးဗျ။ ဒီဟာက နိုင်ငံရေးဆိုတော့ နှစ်နဲ့ချီပြီးမှ တည်ဆောက်ရတာ။ အခုလိုမှ အခုထလုပ်တာမျိုး မဟုတ်ဘူး”

ဒေါက်တာမြင့်နိုင်ဟာ လက်ရှိဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေသလို အရှိန်အဝါလည်းကြီးတာကြောင့် ဦးမြတ်သာထွန်းက သူ့အတွက် ခက်ခဲလိမ့်မယ်လို့ တွက်ဆထားပြီးသားပါ။

ဒါပေမဲ့လည်း အဆိုပါမဲဆန္ဒနယ်မှာ ပြိုင်ဘက်ကောင်းလိုအပ်နေတဲ့အတွက် တကယ်လို့များ ပြည်သူတွေက ဝန်ကြီးချုပ်ကို မကြိုက်ခဲ့ဘူးဆိုရင် ရွေးချယ်စရာရရှိအောင် ပြိုင်ဘက်ကောင်းအနေနဲ့ ဝင်ရပ်ပေးလိုက်တာပါလို့ဆိုပါတယ်။

အတိုက်အခံပါတီကြီး နှစ်ခုကလည်း သူတို့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်ပါတီတွေဆိုတာ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။

ဘာလို့ အဲဒီလိုပါတီတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်သလဲ မေးတဲ့အခါ အရင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တာကြောင့် သူ့ကို ပြည်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပူးတွဲမြင်နေပြီး အရောင်မပြောင်းချင်လို့ ပယ်ချလိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ပါတီဝင်ဖြစ်ရင် ပြည်သူ့အရေးကို လွတ်လပ်စွာ တင်ပြခွင့်မရှိသလို ပါတီရဲ့အမိန့်ကို နာခံရမယ့်အရေးကိုလည်း ဝန်လေးတယ်လို့ ဆိုပါတယ်။ သူရဲ့နိုင်ငံရေးခံယူချက်ကတော့ နိုင်ငံရေးဆိုတာအဆင့်မြင့်ပရဟိတလို့ ယုံကြည်နေပါတယ်။

“ဒါပေမဲ့ ဒီနေ့ နိုင်ငံရေးလောကမှာတော့ ပါတီတွေကလည်း ကိုယ်အစိုးရဖြစ်ရေး၊ အာဏာရရေးကိုပဲ ရှေးရှုနေကြတယ်လို့ မြင်နေရတယ်”လို့ သူက ဝေဖန်ပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာ အပြောင်းအလဲကိုအချက်အလက်အရ ပြောပါဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်က ပိုပြီးသာတယ်လို့ သူက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မြင်သာတဲ့ ပြောင်းလဲမှုကတော့ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံတာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ စိုးရိမ်ကြောက်ရွံ့စိတ်လျော့ပါးလာတာကို တွေ့ရတယ်လို့သူက ပြောတယ်။

“အရင်ကဆိုလို့ရှိရင် ဌာနဆိုင်ရာတွေက ပြည်သူရဲ့အပေါ်မှာ ဘုရင်လိုနေတာ။ ပြည်သူက ရုံးပြင်ကနားသွားလို့ရှိရင် အခိုင်းစေအဆင့်လောက် အခိုင်းခံရတာကနေပြီးတော့ ဒီဘက်မှာလူလိုသူလို အသိအမှတ်ပြုခံရတဲ့အပိုင်းတွေရှိပါတယ်။ ဒါကို ကျွန်တော်အသိအမှတ်ပြုပါတယ်”

တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရင် တခြားနေရာတွေမှာ ရွေးချယ်စရာများစွာရှိပေမယ့် ဝန်ကြီးချုပ်ရှိတဲ့တိုင်း (၂) မှာ ဝင်အရွေးခံတာဟာ နာမည်ကြီးချင်တာလည်းပါပြီး အဲဒီအပေါ်မှာ မငြင်းပါဘူးလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင်လည်း နိုင်ငံရေးလမ်းကြောင်းကို ဆက်လျှောက်မှာပါလို့ဆက်ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလတွေ များလာတာဟာ လက်ရှိအာဏာရပါတီအတွက် သတိထားရမယ့် အချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူတို့ရွေးချယ်တဲ့ လူတွေကို ပြည်သူတွေက မကြိုက်လို့ ဒီလိုလူတွေထွက်လာတာဆိုတာ အချက်ပေးလိုက်တာပဲ”

လာမယ့်ရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၃ ဦးရှိပါတယ်။ တစ်သီးပုဂ္ဂလများအပါအဝင် စစ်ကိုင်းတိုင်းမှာ ပါတီပေါင်း ၁၇ ခုမှ ကိုယ်စားလှယ်လောင်း ၆၈၅ ဦး ဝင်ရောက်အရွေးခံမှာပါ။

ဦးမြတ်သာထွန်းဟာ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အတွက် တကယ်ပဲ ပြိုင်ဘက်ကောင်းလားဆိုတာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်သူက အဆုံးအဖြတ် ပေးပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here