ဝေဖန်မှုများကြားက စစ်ကိုင်းတိုင်းခရီးသွားဘတ်ဂျက်

0
2185
ဝန်ကြီးချုပ်ခေါင်းဆောင်သော စစ်ကိုင်းတိုင်း ခရီးသွားရက်သတ္တပတ်၊ ကားမောင်းပွဲနှင့် လင်းနို့ဂူမြင်ကွင်း။

ကိုသစ္စာရေးသည်။

ဒေါက်တာမြင့်နိုင်ဦးဆောင်သော စစ်ကိုင်းတိုင်းအစိုးရလက်ထက်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးသည် တိုင်းအစိုးရ၏ ထိပ်တန်းမူဝါဒ ဖြစ်လာသည်။

ခရီးသွားလုပ်ငန်းအတွက် ဘတ်ဂျက်ကို နှစ်စဉ် သုံးစွဲခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ် ရခိုင်အရေးပဋိပက္ခသည် တစ်နိုင်ငံလုံး၏ ခရီးသွားလုပ်ငန်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့သည်။

ဆက်တိုက်ဆိုသလို ယခု ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့ရာ ယိုင်နဲ့နဲ့ ခရီးသွားလုပ်ငန်းမှာ ပြိုကျသွားခဲ့သည်။

ရခိုင်အရေးနှင့် ကိုဗစ်ကပ်ရောဂါသည် စစ်ကိုင်းတိုင်းအစိုးရ၏ ထိပ်တန်းဦးစားပေးမူဝါဒ ခရီးသွားလုပ်ငန်းကို ရိုက်ခတ်မှုများ ဖြစ်စေခဲ့သည်။

ထိုအခြေအနေများမတိုင်မီ ခရီးသွားလုပ်ငန်းကို တိုင်းအစိုးရက ထိပ်တန်းမူဝါအဖြစ် သတ်မှတ်၍ ဘတ်ဂျက်သုံးစွဲသည့်အပေါ် လွှတ်တော်အမတ်အချို့နှင့် ပြင်ပပညာရှင်များက ဝေဖန်ခဲ့ကြသည်။

သို့သော် တိုင်းအစိုးရကမူ ခရီးသွားလုပ်ငန်းအတွက် နှစ်စဉ် တိုင်းဘက်ဂျက် သန်း၂၀၀ လျာထား သုံးစွဲခဲ့သည်။

တိုင်းအစိုးရက သဘာဝကို အခြေခံပြီး ဝင်ငွေရနိုင်သော ခရီးသွားလုပ်ငန်းကို အားစိုက်အကောင်အထည်ဖော်ခဲ့သည် ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ပြောသည်။

“တို့တိုင်းက ကျယ်တယ်။ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ပေါတော့ အဲဒါတွေထိန်းပြီး ဒေသခံတွေလည်းအလုပ်ရ ပြည်တွင်းပြည်ပ ဆွဲဆောင်နိုင်အောင် မူဝါဒချ လုပ်ရတာ”ဟု ဝန်ကြီးဦးစိုးဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဖွဲ့၍ ဝန်ကြီးချုပ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူ ဖော်ဆောင်ခဲ့သည်။

မူဝါဒရေးရာ သုတေသီလည်းဖြစ်၊ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာလည်းဖြစ်သည့် ဦးတင်မောင်သန်းက ယေဘုယျအားဖြင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးချင်ရင် ပထမဆုံး ခရီးသွားလုပ်ငန်းက အလားအလာရှိတာလား။အခြား သဘာဝအရင်းအမြစ်က အလားအလာရှိတာလား။ စိုက်ပျိုးရေးလုပ်ငန်းက အလားအလာရှိတာလား သုံးသပ်ရမည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပခရီးသွားများသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ အထင်ကရနေရာများသို့ အဓိက ဦးတည်လည်ပတ်ကြသည်။

“အဲဒီမှာ လူတစ်ရာရှိရင် နိုင်ငံခြားခရီးသွားတွေ စစ်ကိုင်းတိုင်းနယ်ပယ်ထဲကိုရော ရာခိုင်နုန်းဘယ်လောက် လာတာလဲ။ အဲဒီမှာ ဘယ်လုပ်ငန်းက အလားအလာရှိတာလဲ။ အဲဒီလို လေ့လာသုံးသပ်ပြီးမှ ဘယ်လုပ်ငန်းအပေါ်မှာ အဖိအဖော့လုပ်မယ်။ ဆုံးဖြတ်ကျတာက နည်းနည်းပိုပြီး လက်တွေ့ကျမယ်လို့ ထင်တယ်”ဟု ဦးတင်မောင်သန်းက အကြံပြုသည်။

ဒေါက်တာမြင့်နိုင်အစိုးရသက်တမ်းတွင် ခရီးသွားကဏ္ဍအတွက် အထင်ရှားဆုံး အကောင်အထည်ဖော်ခဲ့မှုမှာ ကန့်ဘလူမြို့နယ်ရှိ လင်းနို့ဂူ၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်၊ စစ်ကိုင်းတိုင်းတစ်တိုင်းလုံး အထင်ကရနေရာများ အချက်အလက်ပေးမည့် Information Access Center အဆောက်အဦနှင့် ခရီးသွားများအတွက် အဆင့်မြင့်အိမ်သာများ တည်ဆောက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကန့်ဘလူမြို့နယ် ဇင်းတောင်ဒေသ ဂုန်းခါးကြိုးဝိုင်းရှိ လင်းနို့ဂူအား ခရီးသွားနေရာ ဖော်ဆောင်ရန် ဘက်ဂျက်လျာထားမှုတွင် လွှတ်တော်တွင်းဝေဖန်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

လင်းနို့ဂူသည် ရွှေဘို-မြစ်ကြီးနားသွားကားလမ်းဘေးရှိပြီး ဘူမိဇီဝသွင်ပြင်များထူးခြားခြင်း၊ လင်းနို့သန်းချီကျက်စားနေထိုင်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကျက်စားခြင်း၊ ရှားပါးသစ်မျိုးစုံ ပေါက်ခြင်းကြောင့် အနာဂတ်ကျောင်းသားကျောင်းသူများအတွက် သစ်တောပညာပေးစခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

စတင်အကောင်အထည်ဖော်စဥ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပိုလျှံငွေ ငွေကျပ် သန်း ၅၀၀ ကျော်မှ ဘက်ဂျက်ခေါင်းစဉ် လွှဲပြောင်းသုံးရန် တိုင်းလွှတ်တော်၏ ခွင့်ပြုချက် တောင်းခံခဲ့သည်။

ခေါင်းစဉ်လွှဲ သုံးမည့်ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲသဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများ၍ အတည်ဖြစ်ခဲ့သည်။

နောက်တစ်နှစ်၂၀၁၇-၁၈ ဘက်ဂျက်တွင်လည်း တိုင်းအစိုးရ ပိုလျှံငွေများထဲမှ လင်းနို့ဂူ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ငွေကျပ်သန်း၂၀၀ ကျော်သုံးစွဲရန် တိုင်းလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စီမံ/ဘဏ္ဍာဝန်ကြီးက တင်သွင်းခဲ့သည်။

၎င်းကိစ္စကို ကန့်ကွက်သည့် ဒီပဲယင်းမြို့နယ်လွှတ်တော်အမတ်နှင့် လွှတ်တော်ဥက္ကဌတို့ မဲခွဲရန်ကိစ္စ အပြန်အလှန် အငြင်းအခုန်ထိ ဖြစ်ခဲ့သည်။

ဒေါ်နှင်းခိုင်စိုးက”ဘတ်ဂျက်ဟာ အရေးကြီးပါတယ်။ ဘတ်ဂျက်ကိစ္စကို လွှတ်တော်ကဆွေးနွေးတိုင်း ကျွန်မ ချစ်ခြင်းမုန်းခြင်း ကင်းကင်း ဆွေးနွေးတယ်။ စစ်ကိုင်းတိုင်းအတွင်း အခြားခရီးသွားဒေသများအဖြစ် လူသိများပြီးဖြစ်တဲ့ ဖိုလ်ဝင်တောင်၊ အလောင်းတော်ကဿပ၊ တွင်းမ စတဲ့နေရာတွေမှာ ဘတ်ဂျက်လျာထားသုံးသင့်တယ်။ အလေအလွင့်မဖြစ်ဖို့ လိုတယ်”ဟု ပြောခဲ့သည်။

ယင်းမာပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကလည်း “အဲဒီနေရာက အိမ်ခြေ ၂၀လောက်ပဲ ရှိတယ်။ တရားမဝင် ရွှေတွင်းတွေလည်းရှိခဲ့လို့ ခေါင်ခိုက်နေတယ်။ ခရီးသွားလုပ်ငန်းလုပ်လို့ မအောင်မြင်ရင် အတည်ပြုတဲ့ လွှွတ်တော်ပဲ သိက္ခာထိခိုက်မှာ။ တခြား အလောင်းတော်ကဿပမှာ လုပ်ရင်ကောင်းတယ်။ အာဆီယံအမွေအနှစ်ဥယျာဉ်မှာ ထိပ်ဆုံးကဖြစ်ပြီး နှစ်စဉ်ဘုရားဖူးတွေ သုံးသိန်းကျော်လာတယ်။ လမ်းက ဖုန်တထောင်းထောင်းနဲ့ပဲ။ တခြားနေရာတွေလည်း ရင်းနှီးမြှုပ်နှံဖို့ အများကြီးရှိတယ်”ဟု ဝေဖန်ပြောဆိုခဲ့သည်။

သို့သော် ဘက်ဂျက်သုံးရန်ကိစ္စကို နောက်ဆုံးတွင် လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း တိုင်းအတွင်း ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံငွေများထဲမှ လင်းနို့ဂူအတွက် စားဖိုဆောင်ဆောက်ရန် ဘက်ဂျက် ၁၅ သိန်းတောင်းခံမှုကိုမူ ၂၀ ကြိမ်မြောက်လွှတ်တော်အစည်းအဝေး၌ ကန့်ကွက်မဲများသဖြင့် ပယ်ချခဲ့သည်။

“ယူနက်စကိုဝင်ထားတဲ့ ပျူမြို့ဟောင်း ဟန်လင်းလို နေရာမျိုးမှာ သုံးစရာတွေ အများကြီးရှိတယ်။ အဲဒါအတွက် စဉ်းစားသင့်တယ်”ဟု ကန့်ဘလူမြို့နယ် လွှတ်တော်အမတ် ဒေါက်တာကျော်သူဟန်ထွန်းက ထိုစဉ်က ပြောခဲ့သည်။

ယခု အစိုးရလက်ထက်တွင် ခရီးသွားကဏ္ဍမြှင့်တင်ခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု နှစ်စဉ်တိုးခဲ့ပြီး နိုင်ငံခြားခရီးသွားများ တည်းခိုနိုင်သော ဟိုတယ်နှင့် တည်းခိုရိပ်သာများတိုးခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားဦးစီးဌာန ဒုညွှန်မှူး ဦးအောင်သူဦးက ပြောသည်။

“ဒီနှစ်တာ ကိုဗစ်ဖြစ်သွားလို့၊ နှစ်တိုင်း ခရီးသွား တိုးတယ်။ တိုင်းအစိုးရဘက်ဂျက်ကနေ ခရီးသွားလုပ်ငန်းအတွက် ပေးတာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကျွန်တော်တို့တိုင်းက ပထမဆုံးပဲ”ဟု ၎င်းက ထောက်ပြသည်။

ဘတ်ဂျက်ကို တိုင်းအစိုးရ စိုက်ထုတ်ပေးရုံမျှနှင့် ခရီးသွားလုပ်ငန်းအောင်မြင်မည်ဟု ပြော၍မရကြောင်း ထောက်ပြသူများလည်း ရှိသည်။

“ယိုးဒယားဆိုရင် ဘာမှ မရှိဘူး။ သူတို့က လုပ်တတ်သွားပြီ။ အနှစ် နှစ်ဆယ်၊ နှစ်လေးငါးဆယ် ကြာတဲ့အခါကျတော့ သူတို့က လုပ်တတ်သွားပြီ။ တကယ်တော့ ရှေးဟောင်းဆိုရာမှာ ကျွန်တော်တို့လောက်တောင် စိတ်ဝင်စားစရာမရှိဘူး။ ဒါပေမယ့် သူတို့ လုပ်တတ်သွားပြီ”ဟု ဦးတင်မောင်သန်းက ထောက်ပြသည်။

တိုင်းအစိုးရဘက်ဂျက်မှ နှစ်စဉ် သန်း ၂၀၀ သုံး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းအတွင်း ခရီးသွားဇုန်ကြီး ၆ ခုတွင် ၂၀၁၆မှ ၂၀၁၉ အထိ တစ်နှစ်ထက် တစ်နှစ် ဧည့်သည် သုံးသောင်းကျော် တိုးနေသည်ဟု ဆိုသည်။

“နာမည်ကြီးပြီးသား လူသိများတဲ့ အဟောင်းတွေရော၊ အသစ်ထပ်ဖော်တဲ့ နေရာတွေရော ဘက်ညီအောင် ဘက်ဂျက် မျှသုံးနေတာ”ဟု ဦးအောင်သူဦးက ဆိုသည်။

ခရီးသွားကဏ္ဍဦးစားပေးသော ယခုတိုင်းအစိုးရလက်ထက်တွင် ဟိုတယ်၊ တည်းခိုရိပ်သာများလည်း ၂၁ လုံးမှ ၅၈ လုံးထိ တိုးမြှင့် ဖွင့်လှစ်ထားနိုင်ခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားဌာနက ဆိုသည်။

ခရီးသွားများဆွဲဆောင်နိုင်ရေးအတွက် ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်၍ အဆိုတော်များ၊ ခရီးသွားဘလောဂါများပါဝင်သော ခရီးသွားရက်သတ္တပတ်ကိုလည်း ၂၀၁၈ ဒီဇင်ဘာလက ပြုလုပ်၍ ခရီးသွားကဏ္ဍ မြှင့်တင်ပေးခဲ့သည်။

ခရီးသွားများအတွက် အိမ်သာများ ဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် ချီးမြင့်သည့် သန့်ရှင်းသော အများသုံးသန့်စင်ခန်း အကောင်းဆုံးဆောင်ရွက်နိုင်မှု( Clean Public Toilet Award) ဆုကို စစ်ကိုင်းတိုင်းမှ ၂နှစ်ဆက်တိုက် ရရှိခဲ့သည်။

ယင်းအပြင် မသန်စွမ်းသူများအတွက် အသုံးပြုရန်ပါ အဆင်ပြေသော အိမ်သာများကို အထင်ကရ ခရီးသွားနေရာများတွင် တည်ဆောက်ထားပေးနိုင်ခြင်းကြောင့် အာဆီယံအဆင့် အများသုံးသန့်စင်ခန်း အဆင့်တန်းအမီဆုံးဆုကိုလည်း ထပ်မံရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းမှာ ခရီးသွားဒေသသစ် ဖော်ဆောင်ရန်မလိုဘဲ မူလပထမ ကမ္ဘာကျော်လူသိများ လည်ပတ်နေသော နေရာများရှိသည်ဟု ဒေသခံများက ပြောသည်။

၎င်းတို့မှာ နာဂတောင်တန်းဒေသ၊ စစ်ကိုင်းတောင်ရိုးရှိရှေးဟောင်းဘုရားစေတီများ၊ ကောင်းမှုတော်စေတီ၊ ဆွမ်းဦးပုညရှင်၊ မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီး ရှိသည်။

မုံရွာမြို့နယ်တွင် ကမ္ဘာ့အကြီးဆုံး လေးကျွန်းစကြာ်ရပ်တော်မှုဘုရားကြီးတည်ထားရာ မဟာဗောဓိတစ်ထောင်သာသနာ့နယ်မြေ၊ မိုးညှင်းသမ္ဗုဒ္ဓေ၊ ကျောက္ကာရွှေဂူနီဘုရားများ ရှိသည်။

ရွှေဘိုခရိုင်ရှိ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာနန်းတော်၊ ရွှေဘိုမြို့ရှိအောင်မြေ၊ ဟန်လင်းမြို့ဟောင်း၊ ရှိမ္မကားတောရကြီးကျောင်းဘေးမဲ့တော၊ ချပ်သင်းဘေးမဲ့တော ရှိသည်။

ယင်းမာပင်ခရိုင်တွင် ဖိုလ်ဝင်တောင်၊ ရွှေတောင်ဦး၊ အလောင်းတော်ကဿပ၊ အထက်ချင်းတွင်းရှိ ထမံသီ တော၊ ဘုတလင်မြို့နယ်ရှိ စိမ်းပြာရေညှိထွက်ရာ တွင်းတောင်၊ ချောင်းဦးမြို့နယ်ရှိ အမြင့်မြို့ဟောင်း၊ ကသာမြို့ရှိ George Orwell နေထိုင်ခဲ့သောအိမ်ကြီး၊ သက်တမ်း(၁၀၈)နှစ်ခန့် ရှိသော မီးသတ်ခေါင်းလောင်း၊ ၉၂-နှစ် ရှိပြီးဖြစ်သော တင်းနစ်ကွင်း၊ ကျွန်းရွှေဝါဂေါက်ကလပ်နှင့် ရှေးဟောင်းစစ်သင်္ချိုင်းတို့ ဖြစ်သည်။

ထိုသို့ သွားလာစရာနေရာများ ရှိသော်လည်း လက်ရှိကိုဗစ်နှင့် ရခိုင်အရေးတို့ကြောင့် ခရီးသွားလုပ်ငန်းမှာ ဖွံဖြိုးဖို့ခက်ခဲနေရာ ဘတ်ဂျက်လည်းကုန် အရာလည်းမရောက် ဖြစ်နိုင်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍကိုသာ ဦးစားပေးဘတ်ဂျက်သုံးစွဲခြင်းဖြင့် ဘတ်ဂျက်ကုန်ငွေနှင့်အညီ အကျိုးအမြတ် ရရှိနိုင်ကြောင်း အကြံပြုသူများလည်း ရှိသည်။

နောက်ဆုံးကောက်ယူထားသော သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေသည် ကျေးလက်တွင် ၈၇ ရာခိုင်နူန်းအထိ နေထိုင်ကြရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုက တိုင်းအတွင်း လူအများစု နေထိုင်သည့် ကျေးလက်၏ လူမှုစီးပွားဘဝကို အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်နိုင်သိန်းကလည်း စစ်ကိုင်းတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းကို အားထည့်လုပ်ဆောင်ရန် ရေခံမြေခံကောင်းများရှိသည်ဟု မုံရွာဂေဇက်သို့ ပြောသည်။

ယင်း၏သုံးသပ်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် တည်နေရာအနေအထားအားဖြင့် အိန္ဒိယနှင့်တရုတ် ဈေးကွက်ကြီးနှစ်ခု ဆက်သွယ်ရာ စီးပွားရေးစင်္ကြံလမ်းဖြစ်သလို တမူးမှ မြဝတီအထိလည်း စီးပွားရေးစင်္ကြံလမ်းများအဖြစ် ကုန်သွယ်မှုလမ်းကြောင်း အားကောင်းနေသည်ကို ထောက်ပြထားသည်။

စစ်ကိုင်းတိုင်းအတွက် ပို၍ထူးခြားသည်မှာ အိန္ဒိယသို့ တိုက်ရိုက်ပေါက်သည့် တမူးနယ်စပ်ဂိတ်ကို ပိုင်ဆိုင်ထားခြင်းပင်။

“မြေသယံဇာတ အကျယ်အဝန်းက ရှမ်းပြည်နယ်ပြီးရင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး လူဦးရေ သိပ်သည်းမှုအရ လယ်ယာသားငါးကဏ္ဍ တိုးချဲ့ရန် အခြေအနေကောင်းရှိတယ်”ဟု ဦးတင်နိုင်သိန်းက ဆိုသည်။

မုံရွာအခြေစိုက် ဒီမိုကရေစီအရေးကူညီသူများကွန်ရက် (HPD)၏ ခေါင်းဆောင် ဦးစိုးဝင်းဆွေကမူ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး BE ဘတ်ဂျက်ကိုလျာထားမှုတွင် ချိန်ထိုးသင့်သည်မှာ ကိုဗစ်ကပ်ရောဂါကလာဖြစ်သည်ဟု ဆိုသည်။

“ဒီကပ်ရောဂါရဲ့အဓိကခြိမ်းခြောက်မှုက လူစုလူဝေးမလုပ်ရဆိုတော့ လူအများစုဝေးဆောင်ရွက်ရမယ့် ဘတ်ဂျက်သုံးစွဲခြင်းမျိုးကို ဖြတ်တောက်သင့်ပါတယ်။ဥပမာ ကပ်ရောဂါရဲ့ခြိမ်းခြောက်မှုဟာ လာမယ့်နှစ်ထဲမှာလည်း ဆက်လက်ရှိနေမှာဖြစ်တဲ့အတွက် လူအများစုဝေးနိုင်တဲ့ ခရီးသွားလုပ်ငန်းလိုမျိုး လာမယ့်နှစ်မှာ အားကောင်းနိုင်‌ခြေမရှိပါဘူး။ အဲ့ဒီအတွက် ခရီးသွားလုပ်ငန်းမှာဘတ်ဂျက်လျာထား ရင်းနှီးမြှုပ်နှံခြင်းမျိုးကို လျှော့ချသင့်ပါတယ်”ဟု အကြံပြုသည်။

ဓာတ်ပုံများ – SRG Office Page