သင့်၏ကုန်အမှတ်တံဆိပ်ကို ပြန်လည်မှတ်ပုံတင်ပါ

0
365

ဦးခီ ရေးသည်။

ယခုရက်ပိုင်း လူမှုကွန်ရက်ရှိ (Webinar) ဆွေးနွေးပွဲများ၊ Facebook Live များတွင် သတိပေးနှိုးဆော်ဆွေးနွေးနေသည့် အကြောင်းအရာတစ်ခုကိုပြောပါဆိုလျှင် ကုန်အမှတ်တံဆိပ်များ ပြန်လည်မှတ်ပုံတင်ရန်ကိစ္စ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ အရ လုပ်ငန်းရှင်များ အသုံးပြုနေသော လက်ရှိအမှတ်တံဆိပ်အား ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။ ယခင်က မြေစာရင်းရုံးရှိ စာချုပ်စာတမ်းရုံး၌ မှတ်ပုံတင်ထားသည်ဖြစ်စေ မှတ်ပုံမတင်ဘဲ လက်တွေ့ဈေးကွက်တွင် သုံးစွဲနေသည့် အမှတ်တံဆိပ်များဖြစ်စေ အားလုံး ပြန်လည်မှတ်ပုံတင်ရမည် ဖြစ်သည်။ ထိုသို့လုပ်ငန်းရှင်တို့၏ ကုန်အမှတ်တံဆိပ်အား ပြန်လည်မှတ်ပုံတင်ရာတွင် ပုဒ်မ-၉၃ ပါ ဦးစားပေးအခွင့်အရေးကို ခံစားလိုသူသည် ကနဦး လက်ခံခြင်းကာလအဖြစ် စတင်သည့် ၂၀၂၀ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ စတင်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်သည်။

တံဆိပ်နှင့်အတိတ်

စာရေးသူတို့ မြန်မာနိုင်ငံသည် ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ သီးသန့်ပိုင်ဆိုင်ခွင့် ရရှိရန်အတွက် ယခင်က မူပိုင်ခွင့်ကို မှတ်ပုံတင်နိုင်သည့်ဥပဒေ မရှိခဲ့ဖူးပေ။ ဤသို့ဆိုလိုက်ခြင်းကြောင့်ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ ဥပဒေအရအရေးယူဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ဆိုလိုခြင်းမဟုတ်ပေ။

ကုန်အမှတ်တံဆိပ်ကို အတုအပပြုလုပ်ခြင်းအတွက် ပြစ်မှုဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း တစ်ဦးချင်း နစ်နာမှုများအတွက် တရားမကြောင်းဖြင့်လည်းကောင်း သီးခြားသက်သာခွင့် ဥပဒေအရ တားဝရမ်းများထုတ်ဆင့်ခြင်းဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။

ယခုလုပ်ငန်းရှင်တို့၏ လက်ဝယ်တွင်ရှိနေသော အမှတ်တံဆိပ်မှတ်ပုံတင်အမှတ် ရယူထားသည့် စာချုပ်စာတမ်းများမှာ အချည်းအနှီးဖြစ်နေပြီလော။ ထို့သို့တော့ မဟုတ်ပါ။ လုပ်ငန်းရှင်များလက်ဝယ်တွင် ရှိနေသော စာချုပ်စာတမ်းမှာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ယခင်အမည် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ) တွဲဖက်ဖွင့်လှစ်ထားသော စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်(ယခင်ဥပဒေ) ၁၉၀၈ ခုနှစ်၊ စာချုပ်စာတမ်းများ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၈(စ)အရ၊ (ယခု ဥပဒေ) ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇(ည) အရ၊ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးရေးမှူးချုပ်၏ ညွှန်ကြားချက်အမှတ် ၁၃/၁၉၆၂ (Direction 13 of the Inspector General of the Registration -1962) အရ ကုန်အမှတ်တံဆိပ်စာတမ်း မြွက်ဟကြေညာလွှာ(Declaration of ownership) ကို မှတ်ပုံတင်ပြုလုပ်ထားခြင်းသာ ဖြစ်သည်။

သို့ဖြစ်၍ ၎င်းမြွက်ဟကြေညာလွှာသည် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အတွက် အပြီးသတ် သက်သေခံချက် (Conclusive proof) ရရှိခြင်း မဟုတ်ပေ။ သို့သော် အခြေခံသက်သေ အထောက်ထားကောင်း (Prima Facie evidence) အနေဖြင့်တရားရုံးများတွင် သက်သေခံတင်ပြခွင့် ရှိပါသည်။

စာရေးသူတို့ မြန်မာနိုင်ငံသည် အင်္ဂလိပ်ရိုးရာ (Common Law) စနစ် ကျင့်သုံးသောနိုင်ငံ ဖြစ်သောကြောင့် ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်သော အမှုအခင်းများကို ဆုံးဖြတ်ရာတွင် အမှတ်တံဆိပ်မှတ်ပုံတင် ထား၊ မထားအချက်ကိုကြည့်၍ အပြီးသတ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဈေးကွက်တွင် အမှတ်တကယ် အစောဆုံး အသုံးပြုသူ ဟုတ်၊ မဟုတ်ကို ဆန်းစစ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်တွင် အစောဆုံးအသုံးပြုသော ကုန်အမှတ်တံဆိပ်များနှင့်ပတ်သက်၍ စီရင်ထုံးအချို့ကို ထုတ်နုတ်တင်ပြရသော် “မြန်မာနိုင်ငံတွင်အမှတ်တံဆိပ် (Trade Mark) ကို မှတ်ပုံတင်နိုင်သည့် စနစ်သာမက ဥပဒေကြောင်းအရအမှတ်တံဆိပ်အား ပိုင်ဆိုင်ခွင့်စနစ်လည်း မရှိသေးပေ။ သို့ပါ၍ အမှတ်တံဆိပ်နှင့်ပတ်သက်၍ ပိုင်ရှင်အခွင့်အရေးအဖြစ် တောင်းဆိုမှုအား အင်္ဂလိပ်ရိုးရာ မူသဘောတရား (Principle of Common Law) အရသာ ဆုံးဖြတ်ရမည် ဖြစ်သည်” (THE TAJMAHAL STATIONERY MART Vs K.E.MOHAMED EBRAHIM, 1950.B.L.R (H.C),41 )/

နောက်စီရင်ထုံးတစ်ခုကား ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ပိုင်ဆိုင်မှုရရှိရန်မှာ ထိုအမှတ်တံဆိပ်ကို အသုံးပြု၍ ကုန်များကို ရောင်းဝယ်ဖေါက်ကားမှု ပြုလုပ်ရမည်ဖြစ်သည်။ တံဆိပ်ကိုမှတ်ပုံတင်ရုံကာမျှဖြင့် မှတ်ပုံတင်သူသည် ထိုတံဆိပ်၏ပိုင်ရှင် ဖြစ်မလာနိုင်၊ ထိုတံဆိပ်ကို မိမိ၏လုပ်ငန်းတွင် အသုံးပြုခြင်းအားဖြင့်၊ လူအများကထိုတံဆိပ်သည် တံဆိပ်ပိုင်ရှင်ထုတ်လုပ်သည့်ကုန်များဖြစ်ကြောင်း သိရှိလာသော အခါမှသာလျှင်၊ ထိုတံဆိပ်ရှင်သည် ထိုတံဆိပ်ကို မိမိတစ်ဦးတည်း သုံးစွဲပိုင်ခွင့် ရရှိလာသည်ဟု အောင်ဂွမ်းချွမ်းနှင့် ဘီဝိုင်စီ ဆပ်ပြာအလုပ်ရုံ ၁၉၆၆ မစတ(ရုံးချုပ်)၊စာ ၁၀၃၈ တွင် စီရင်ထုံးဖွဲ့ ဆုံးဖြတ်ထားသည်။

ထို့ပြင် ဦးကျော်နှင့် ဦးဘအေး(၂) -၁၉၆၂ မစတ (ရုံးချုပ်) စာ ၁၈၇-စီရင်ထုံးတွင် မြန်မာနိုင်ငံ၌ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်းဖြင့် ပိုင်ဆိုင်မှုနည်းလမ်းအား ပြဋ္ဌာန်းထားခြင်းမရှိပေ။သို့သော် ထိုအမှတ်တံဆိပ်ကို သုံစွဲခြင်းအားဖြင့် သုံးစွဲသူက ပိုင်ဆိုင်ခွင့် အခွင့်အရေးရနိုင်ပေသည်။ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားသည်ဆိုပါက ထိုမှတ်ပုံတင်ထားခြင်းသည် မည်သည့်နေ့ရက်က မှတ်ပုံတင်ထားသူပိုင်ကြောင်း ဆုံးဖြတ်ရန် စပ်ဆိုင်သည့် အချက်သာဖြစ်သည်၊ ထိုသို့မှတ်ပုံတင်ရုံဖြင့် ထိုအမှတ်တံဆိပ်အား ပိုင်ရေးဆိုင်ခွင့်မရှိပေဟု ဆုံးဖြတ်ခဲ့ကြသည်။

ဆိုလိုသည်မှာ မိမိတို့မြန်မာနိုင်ငံ၌ ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ မှတ်ပုံတင်ရုံမျှဖြင့်ကုန်တံဆိပ်မူပိုင်ခွင့်ရရှိခြင်း မရှိခဲ့ပေ။ မှတ်ပုံမတင်ဘဲ ထိုအမှတ်တံဆိပ်ကို ဈေးကွက်တွင်အမှန်တကယ်သုံးစွဲ ဖြန့်ဖြူးရောင်းချမှသာ ပိုင်ခွင့်ရှိသည်။ အထက်ပါ စီရင်ထုံးများကို လေ့လာခြင်းအားဖြင့် အမှတ်တံဆိပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System) ကို အသုံးပြုခဲ့သည်ဟုဆိုရမည်။

First to Use System မှ First to File System သို့

ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင် လျှောက်ထားရန်အမိန့်အမှတ် ( ၆၃/၂၀၂၀ ) ကို ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် (၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်စာ၌ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာ လျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင်အဆင်ပြေချောမွေ့စေရန်အလို့ငှာ ထုတ်ပြန်ခြင်းဖြစ်သည်။ (First to File System) မှာကား ဦးစွာမှတ်ပုံတင်လျှောက်ထားသူသာ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်သော မူပိုင်ခွင့်ကို ရရှိနိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization (WTO) တွင် ကနဦးထူထောင်သည့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၂၀ဝ၁ ခုနှစ်တွင် ကမ္ဘာ့ဉာဏပစ္စည်းအဖွဲ့ကြီး World Intellectual Property Organization (WIPO) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။

နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights – TRIPS Agreement) နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ (ASEAN Framework Agreement on Intellectual Property Cooperation) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်လာပါသည်။ သို့ပါ၍ဉာဏပစ္စည်းများနှင့် သက်ဆိုင်သော ဥပဒေများကိုပြဋ္ဌာန်းအကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ မေလ၂၄ ရက်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် TRIPS Agreement ပါ မူပိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ သက်သာခွင့်ရရှိထားသည်။ ယခုအခါ မူပိုင်ခွင့်ဥပဒေများထဲမှ ကုန်အမှတ်တံဆိပ် ဥပဒေကို ကနဦးလက်ခံခြင်းကာလအဖြစ် ဆောင်ရွက်နေပြီဖြစ်သည်။

သို့ပါ၍ အမိန့်အမှတ် ၆၃/၂၀၂၀ အရ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ(က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များ အနေနှင့် အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးရယူလိုပါက Soft-Opening ကနဦးလက်ခံခြင်းကာလအဖြစ် စတင်ခဲ့သော ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ သတ်မှတ်ထားသော အီလက်ထရောနစ် နည်းလမ်းဖြင့် လျှောက်ထားကြရမည် ဖြစ်သည်။ ၉၃/ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များ ဆိုသည်မှာ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်ပိုင်ရှင်များကို ဆိုလိုသည်။

လျှောက်ထားခွင့်ရရှိကြသူများ

အမိန့်အမှတ် ( ၆၃/၂၀၂၀ ) အရ ပထမအဆင့်အနေဖြင့် လျှောက်ထားခွင့်ရသူများမှာ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များဖြစ်သည်။ လုပ်ငန်းရှင်များအနေနှင့် ထို့အဖွဲ့အစည်းများမှတစ်ဆင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့်လျှောက်ထားနိုင်သည်။ (ထပ်မံသိရှိရသည်မှာ ပထမအဆင့် လျှောက်ထားနိုင်သူများတွင် Law
Firm နှင့် ဝန်ဆောင်မှုကုမ္ပဏီများသာမက WIPO file account ရရှိကြသော တစ်ဦးချင်းရှေ့နေများပါ လျှောက်ထားခွင့်ရရှိသွားပြီဟု သိရသည်။)

ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ပထမအဆင့်တွင်ဆောင်ရွက်ခွင့်ရရှိသူများမှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါမည်။ သို့ပါ၍ လုပ်ငန်းရှင်ကိုယ်တိုင် လျှောက်ထားမည့်သူများသည် ဒုတိယအဆင့်အဖြစ် ကြေညာသောနေ့မှစ၍ လူကိုယ်တိုင်သော်၎င်း ကိုယ်စားလှယ်ဖြင့်သော်၎င်း မူပိုင်ခွင့်ရုံးများသို့ သွားရောက်လျှောက်ထားနိုင်မည် ဖြစ်သည်။ ပထမအဆင့်ဖြင့် လျှောက်ထားသောလုပ်ငန်းရှင်ဖြစ်စေ ဒုတိယအဆင့်ဖြင့် လူကိုယ်တိုင်လျှောက်ထားသော လုပ်ငန်းရှင်ဖြစ်စေ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေး ရရှိမှုနှင့် ပတ်သက်လျှင် တန်းတူခံစားခွင့်ရရှိမည် ဖြစ်သည်။

နိဂုံး

ယခု ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ ဥပဒေသစ်သည် (First to File System) ဖြစ်ပါသောကြောင့် စာဖတ်သူအနေနှင့် တံဆိပ်တစ်မျိုးမျိုးပိုင်ဆိုင်၍ ထိုတံဆိပ်နှင့်ပတ်သက်၍ မူပိုင်ခွင့် အခွင့်အရေးရလိုပါလျှင် ပထမအဆင့် အဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း ဒုတိယအဆင့်လုပ်ငန်းရှင်ကိုယ်တိုင်သော်လည်းကောင်း မှတ်ပုံတင်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။