သစ်ဆွဲဆင်နှင့်အတူ တရားမဝင်သစ်များ ဖမ်းမိ

0
1978

ငွေအိုး
ကသာ၊ အောက်တိုဘာ-၂၂

ကသာခရိုင်တွင် တရားမဝင်သစ်စက်၊ ကျွန်းသစ်လုံးများနှင့်သစ်ဆွဲဆင်တစ်ကောင်တို့ကို ယမန်နေ့က ဖမ်းမိခဲ့သည်။

ကသာခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တောရဲများသည် ဗန်းမောက်နှင့် အင်းတော်မြို့နယ်များ၌ နယ်မြေရှင်းလင်းရေးလုပ်ရာ ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အင်းတော်မြို့နယ်တွင် တရားမဝင်ကျွန်းသစ်လုံး ၁၇လုံး ၂.၆၄၄ တန်၊ သစ်စက်အင်ဂျင် ၁လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့သည်။

ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၂) နေရာ၌ တရားမဝင်ကျွန်းသစ်လုံး ၁၂ လုံး ၂.၃၆၂တန် ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် တပ်လွင်ကြိုးဝိုင်းအကွက် အမှတ် (၃၁)၌ တရားမဝင်ကျွန်းသစ်လုံး/ခွဲသား ​၈၀ တန်ချိန် ၁၃.၉၈၄တန်၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ SWIS အမျိုးအစား ချိန်းဆောတစ်လက်၊ ဆင်ဦးစီးတစ်ဦးနှင့်အတူ အသက် ၆၂ နှစ်အရွယ် ပုဂ္ဂလိကပိုင် ဆင်မတစ်ကောင်ကိုလည်း ဖမ်းမိခဲ့သည်။

“တရားမဝင် သစ်ဆွဲနေတုန်း ဖမ်းမိတာပါ။ ဆင်ကို သစ်ထုတ်လုပ်ရေးလွှဲဖို့ စီစဉ်နေပါတယ်”ဟု ခရိုင်သစ်တောရုံး လက်ထောက်ညွှန်မှူးက ပြောသည်။

တရားမဝင်သစ်စက်နှင့် သစ်ပိုင်ရှင်အား ဆက်လက်ရှာဖွေဖမ်းဆီး အမှုဖွင့်နိုင်ရေး ဆောင်ရွက်နေသည်။

ဖမ်းမိထားသော သစ်များမှာ စုစုပေါင်း ကျွန်းသစ် လုံး/ခွဲသား ၁၀၉လုံး/ချောင်း၊ ၁၈.၉၉၀၀တန်နှင့် သစ်စက်များအား သယ်ယူနိုင်ရေး လုပ်ဆောင်နေသည်ဟု သိရသည်။