သိသူဖော်စား သနပ်ခါး

0
132

မုန်းကို ရေးသည်။

အညာမှာ သနပ်ခါးပင်တွေကိုခုတ်ပြီး လျှော်ဖြူပင်များ စိုက်ပျိုးနေကြပြီဟု မိတ်ဆွေတစ် ယောက်က ဆိုသည်။ ထိုအချိန်တွင် သနပ်ခါးကို ထိုင်းနိုင်ငံ၏ ရိုးရာအလှကုန်အဖြစ် မူပိုင်ခွင့်တင်ထားပြီးဖြစ်ကြောင်း သတင်းများလည်း ကြားသိရသည်။ ရိုးရာသနပ်ခါးကို မြန်မာတွေ တန်ဖိုးမထားကြတော့ပြီလားဟု ဝမ်းနည်းမိသည်။ သို့ဖြင့် ယခုစာကို ရေးဖြစ်၏။

မြန်မာနိုင်ငံတွင် သနပ်ခါးကို နေရောင်ကာကွယ်ခြင်း၊ အလှအပရေးရာ လုပ်ဆောင်ခြင်း အစရှိသည်သာမက ဆေးဝါးအဖြစ်ပါ အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ် ၁၀ဝ၀ ခန့်ကပင် ဖြစ်သည်။ သနပ်ခါးကို နံ့သာခါးဟု ခေတ်ပြိုင်မှတ်တမ်းများတွင် တွေ့ရသည်။ အမွှေးနံ့သာအဖြစ်ပါမက ဆေးဘက်တွင်ပါ အသုံးပြုခဲ့ကြောင်း ရှေးဟောင်း ဆေးကျမ်းများတွင်ပါရှိသော သနပ်ခါးပင် ပဉ္စငါးပါး အသုံးက သက်သေပြနေသည်။

ယောအတွင်းဝန်၏ ဥတုဘောဇနကျမ်းတွင် သနပ်ခါးသည် ပူ၏။ သွေးကိုကြွ​စေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ၊ နှစ်မျိုးလုံး၌ သုံးနိုင်၏ဟု အတိအလင်းပါရှိသည်။

သနပ်ခါးပင်သည် ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၀ – ၃၀ ပေအထိ မြင့်တတ်သည်။ ပင်စည်နှင့် အကိုင်းအခက်များတွင် တစ်လက်မခန့် ရှည်လျားချွန်ထက်သော ဆူးများရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာမှသာ အပွေးထူလာသည်။ အရွက်သည် ရွက်လွှဲထွက်သည်။ အရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တစ်ရွက်ပါရှိသည်။ အပွင့်သည် သေးငယ်၍ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်ပြီး တန်ခူး၊ ကဆုန်လများတွင် ပွင့်တတ်သည်။ အသီးသည် ချဥေ်သာအရသာရှိပြီး အပြွတ်လိုက်သီးသည်။ ငရုတ်ကောင်းစေ့ခန့်ရှိသည်။ အစေ့အရောင်မှာ အဝါနုရောင်ဖျော့ဖျော့ဖြစ်ပြီး ဝါခေါင်၊ တော်သလင်းလများတွင် အသီးမှည့်သည်။ အမြစ်သည် ပင်စည်ထက် အရောင်ပိုဝါသည်။ ရေသောက်မြစ်ရှည်လျားပြီး ဘေးမြစ်များသည်လည်း ရှည်လျားကာ ဖြန့်၍ထွက်သည်။

အပူပိုင်းဒေသဖြစ်သည့် မုံရွာ၊ မကွေး၊ ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အရွက်ပြတ်တောခြောက်များ၌လည်း တွေ့ရသည်။

သနပ်ခါးအရွက်၏ အသုံးဝင်ပုံ

၁။ ဝက်ရူးပြန်ရောဂါကုဆေးတွင် သုံးသည်။ အနာကြီးရောဂါများအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်သည်။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။

၂။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်သုံးပါက အဖောအရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက်စေ၏။

အသီး၏ အသုံးဝင်ပုံ

၁။ အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်၏ အသုံးဝင်ပုံ

၁။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် အသုံးပြုသည်။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပြေစေသည်။ ကလေးချွဲကျပ်ပါက အမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျစေသည်။

၂။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည်ခြောက်ပဲသားနှင့်ရော၍ စာသုံးသော် မြွေဆိပ်ပျောက်ကင်းစေသည်။

၃။ သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့်ရော၍ သောက်သော် အစာအိမ်ရှိ အဆိပ်ကို ပြေစေနိုင်ပါသည်။

အလှအပ ရေးရာ

သနပ်ခါးကို အလှအပရေးရာတွင် အဓိက သုံးသည်။ သနပ်ခါးကို လိမ်းကျံခြင်းအားဖြင့် နေလောင်ဒဏ်ကို ကာကွယ်နိုင်သည်။ သနပ်ခါးနှင့် သံပုရိုသီးရောလိမ်းလျှင် အသားဖြူ စေသည်။ တင်းတိပ်၊ ဝက်ခြံ ပျောက်သည်။ အဆီ လျော့နည်းစေသည်။ သနပ်ခါးအမြစ် သွေးလိမ်းခြင်းသည် အသားအရည်အက်ကွဲခြင်း ချွေးပေါက်ကျယ်ခြင်းများကို သက်သာ စေသည်။ သနပ်ခါးအမြစ်မှုန့်နှင့် ရှားစောင်းလက်ပတ်အနှစ် လိမ်းပေးခြင်းအားဖြင့် အသားအရည် နူးညံ့စိုပြည်စေသည်။ သနပ်ခါးအမြစ်ကို ရိုးရာမိတ်ကပ်အနှစ်ပြုလုပ်ရာတွင်လည်း သုံးသည်။ သနပ်ခါးအမြစ်ပုံပေးခြင်းဖြင့် အမာရွတ်များ ပျောက်ကင်း စေသည်။

ထိုကဲ့သို့အသုံးဝင်လှသော သနပ်ခါးကို ဈေးကွက်ဝင် ကုန်ချောအဖြစ် မထုတ်လုပ်နိုင် သေးခြင်းကို အားမလိုအားမရဖြစ်မိသည်။ ရှိပြီးသား သနပ်ခါးပင်များကိုပင် ရှင်းလင်း နေကြပြီဆိုသောအခါ ဝမ်းနည်းမိသည်။ မည်သို့ပင်ဆိုစေ မသိသူများ ကျော်သွား သော်လည်း သိသူများ ဖော်စားနိုင်ကြစေဖို့သာ တောင်းဆုပြုနေမိတော့သည်။

ကိုးကား – ဆေးဘက်ဝင်အပင်များ
– တောင်တွင်း ဆေးနည်း
– ဥတု ဘောဇန သင်္ဂဟကျမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here